Wednesday, March 30, 2016

ပွင့်ဖြူမြို့နယ်တွင် လှည်းအလှယာဉ်များနှင့် မြင်းပိုင်ရှင်များ ဝင်ငွေကောင်း



The Mirror Daily's photo.
ပွင့်ဖြူ မတ် ၂၉

နွေဦးရာသီ စပါး၊ ပဲများပေါ်ချိန် တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ အလှူပွဲများပြုလုပ်လျက်ရှိရာ အလှူပွဲများတွင် လှည့်လည်ရန် နွားလှည်းအလှ ယာဉ်များ၊ မြင်းများကို ငှားရမ်းအသုံးပြုကြသဖြင့် လှည်းအလှယာဉ် နှင့်မြင်းပိုင်ရှင်များ ဝင်ငွေကောင်းလျက်ရှိသည်။

ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာမှ မြင်းလှည်းပိုင်ရှင် ဦးဝင်းရွှေက ''ဒီနှစ် စပါးဈေး၊ ပဲဈေးကောင်းရတော့ တောင်သူအများစု လှူနိုင်ကြတယ်။ အရင်နှစ်တွေထက် အလှူ ပွဲတွေ ပိုများလာတယ်။ ရှင်လောင်းတင်မြင်းအငှားလိုက်တာ အနီးအနားဆို တစ်ပွဲ ကျပ် ၁ဝဝဝဝ ရတယ်၊။ ရပ်ဝေးဆို ကျပ် ၁၅ဝဝဝ ရတယ်။ တစ်ခါတစ်ရံ နံနက်ပိုင်း တစ်ပွဲ၊ ညနေတစ်ပွဲ အငှားလိုက်ရတဲ့နေ့ဆို တစ်နေ့ ကျပ် ၂ဝဝဝဝ ထိ ရပါတယ်။ နွားလှည်းအလှယာဉ်လည်း ဈေးအတူတူပါပဲ။ မြင်းနဲ့ ရှင်လောင်းတင် လှည့်တာများတယ်''ဟု ပြောသည်။

စိုက်ပျိုးရေး လုပ်ငန်းများတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလုပ်ကိုင်လျက်ရှိရာ နွားလှည်းအလှယာဉ်များမှာ ကျေးရွာအချို့တွင်သာ ကျန်ရှိကြပြီး သုံးဘီး ဆိုင်ကယ်ယာဉ်များ မြို့နှင့်ကျေးရွာ အမြန်ပြေးဆွဲနေသည့်အတွက် မြင်းများမွေးမြူ၍ မြင်းလှည်းဖြင့် လုပ်ကိုင်သူ နည်းပါးလာသဖြင့် အလှူပွဲများတွင် အသုံးပြုသော နွားလှည်းအလှယာဉ်နှင့် မြင်းမွေးမြူထားသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
သူရထွန်း(ပွင့်ဖြူ)

No comments:

Post a Comment