Tuesday, March 1, 2016

သတိပြုဖွယ်လျှပ်စစ်အန္တရာယ် လျှပ်စစ်ရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ခဲ့လျှင်

The Mirror Daily's photo.
ဆင်ဖြူတော်တင်ဦး(ရမည်းသင်း)
မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လျှပ်စစ်မီးကို အသုံးပြုသူများပြားလာကြောင်း၊ သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဆိုသည့်အတိုင်း လျှပ်စစ် မီးသည် အန္တရာယ်ကြီးမားကြောင်း၊ ဓာတ်လိုက်လျှင် ဆေးမရှိ၊ မြွေကိုက်လျှင် ဆေးရှိသည်ဆိုသည့်အတိုင်း လျှပ်စစ်အသုံးပြုလျှင် သတိနှင့်ယှဉ်ကာ သုံးစွဲသင့်ကြောင်းနှင့် ရှောင်ရန် ဆောင်ရန်တို့ကို စေတနာဖြင့် အလေးထား ရေးသားဖော်ပြလိုက်သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများကို လူတန်းစားအလွှာအသီးသီး အလွယ်တကူ အသုံးပြုနေကြောင်း၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ သုံးမိနစ်ရေနွေးအိုး၊ လျှပ်စစ်ဖြင့်ချက်သော ဒယ်အိုးစသည့် မီးဖိုချောင်အသုံးအဆောင်လျှပ်စစ်ပစ္စည်းများကို အိမ်တိုင်းလိုလို အသုံးပြုနိုင်ကြပြီး ချမ်းသာကြွယ်ဝ သူများမှာ အဲကွန်း၊ ပန်ကာ၊ ရေပူ ရေအေးစက်၊ ရေခဲ သေတ္တာ၊ ရေတင်မော်တာများကို အသုံးပြုနေကြောင်း လေ့လာသိရှိ တွေ့မြင်ရသည်။
စာရေးသူအနေဖြင့် လျှပ်စစ်ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားသည်ဆိုသော အကြောင်းပြချက်ကို လုံးဝ(လုံးဝ) လက်မခံကြောင်း အလေးထားရေးသားဖော်ပြလိုသည်။
လျှပ်စစ်ဥပဒေ၊ စည်ပင်သာယာဥပဒေ၊ မီးရထား ဥပဒေ၊ အခွန်ဥပဒေဌာနတိုင်းတွင် သူ့ဥပဒေစည်းကမ်း စည်းမျဉ်းများ ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် ဥပဒေနှင့် အညီ လိုက်နာကျင့်သုံးဆောင်ရွက်ပြီး စနစ်တကျ အသုံးပြု မည်ဆိုပါက လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ် ကင်းရှင်းကာ လျှပ်စစ်ကြောင့် မီးလောင်မှုများ မဖြစ်ပွားနိုင်ကြောင်း အကျယ်တဝင့် ပညာပေးရေးသားဖော်ပြလိုသည်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ကာကွယ်ရေး
(၁) လျှပ်စစ်ကြောင့် ဖြစ်ပေါ်လာသောအန္တရာယ်များ။
(၂) လျှပ်စစ်အန္တရာယ်ကာကွယ်ရေး ပစ္စည်းကိရိယာများ။
(၃) အလွယ်တကူ မီးလောင်ပေါက်ကွဲစေတတ်သော အရည်များနှင့် အခိုးအငွေ့များ။
(၄) လျှပ်စစ်သုံးလျှင် သတိနှင့်ယှဉ် ဝန်အားမမျှ မသုံးရ။
(၅) လျှပ်စစ်အန္တရာယ်ခံစားရသော ပုဂ္ဂိုလ်များအတွက် ပြုစုရန်ညွှန်ကြားချက်များ။
လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်စေနိုင်သော အချက်များ တွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ဌာနများသို့ အမြန်ဆုံး အကြောင်းကြားပါ။
(၁) ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျှောကျ နေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများလဲကျ ကျိုးကျနေခြင်း။
(၂) မိုးဒဏ်၊ လေဒဏ်ကြောင့် ဓာတ်တိုင်များယိုင်လဲခြင်း။
(၃) ထရန်စဖော်မာ ခြံဝင်းများအတွင်းသို့ တာဝန်ရှိသူ မဟုတ်ဘဲ ဝင်ရောက်ခြင်း၊ ကလေးများ ဝင်ရောက် ဆော့ကစားခြင်း။
(၄) တာဝန်မရှိဘဲ ဓာတ်တိုင်ပေါ်သို့တက်ခြင်း။
(၅) လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ်မရှိဘဲ ဓာတ်အား လိုင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ အိမ်တွင်း လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြုပြင်ခြင်း။
လျှပ်စစ်ကြောင့်ဖြစ်ပေါ်လာသော လျှပ်စစ်အန္တရာယ်များ ကင်းရှင်းစေရန်အတွက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၁၉၈၅ ခုနှစ် ဇူလိုင် ၁ ရက်မှစပြီး လျှပ်စစ်လုပ်ထုံးလုပ်နည်း ဥပဒေများ အပိုင်း(၁)၊ အခန်း(ဂ)၊ ၁ဝ၉(က)တွင် ဖော်ပြလျက်ရှိပြီး ယခုပြည်ထောင်စုလွှတ်တော် လျှပ်စစ်ဥပဒေ မူကြမ်းတွင် ဖော်ပြပါရှိပြီး ယခု ပြည်ထောင်စုလွှတ်တော် လျှပ်စစ်ဥပဒေမူကြမ်းတွင် ဖော်ပြပါရှိသည့် လျှပ်စစ် တပ်ဆင်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်းများ အပါအဝင် မည်သည့်လျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းကို မဆို လျှပ်စစ်ကျွမ်းကျင်မှု မှတ်ပုံတင်လက်မှတ်ရရှိထားသော ကျွမ်းကျင်လုပ်သားမှအပ''မည်သူမျှ မပြုလုပ်ရ'' ဖော်ပြပါ အပိုဒ်ကို ပြည်သူလူထုလျှပ်စစ်မီးသုံးစွဲကြသူများ ဗဟုသုတ အဖြစ်သိရှိထားကြရန် ကောက်နုတ်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။
လျှပ်စစ်ဌာနတွင် လျှပ်စစ်အိမ်သုံးမီတာငှားရမ်း တပ်ဆင်သုံးစွဲခွင့်စတင်၍ လျှောက်ထားချိန်မှစပြီး လျှပ်စစ် ဥပဒေ စည်းကမ်းများဖြင့် လျှပ်စစ်ပုံစံများတွင် ရေးသွင်းရန် စနစ်တကျ ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မီတာ ငှားရမ်းသုံးစွဲခွင့်ရရှိပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ အိမ်တွင်းဝိုင်ယာသွယ်တန်းတပ်ဆင်ရန် ယင်းရုံးဌာနများတွင် လျှပ်စစ်ကျွမ်းကျင်မှတ်ပုံတင်လက်မှတ် လုပ်ပိုင်ခွင့်ရရှိ ပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ အိမ်တွင်းဝိုင်ယာ သွယ်တန်းတပ်ဆင်ရန် ¤င်းရုံးဌာနများတွင် လျှပ်စစ် ကျွမ်းကျင် မှတ်ပုံတင်လက်မှတ်လုပ်ပိုင်ခွင့် လိုင်စင်ရှိသူ လျှပ်စစ်ကျွမ်းကျင်လုပ်သားတစ်ဦးဦးကို တာဝန်ခွဲဝေ၍ စေလွှတ်ရသည်။ လျှပ်စစ်ကျွမ်းကျင်လုပ်သားအဖွဲ့ ခေါင်းဆောင်က လျှပ်စစ်ပုံစံ ၂၅၈ တွင် ပါရှိသော အချက်အလက်များ ဖြည့်သွင်း၍ အိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းမှုနှင့် ပတ်သက်သော လုပ်ငန်းကို တာဝန်ခံမှု၊ တာဝန် ယူမှုများကို တပ်ဆင်ထားမှု ပြုပြင်ပြောင်းလဲခြင်းမရှိသည့် ကာလအတွင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုး၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။
လျှပ်စစ်ကျွမ်းကျင်မှု မှတ်ပုံတင်လက်မှတ် လိုင်စင်မရှိ သောသူများ လုပ်ကိုင်ဆောင်ရွက်ပါက လျှပ်စစ်ဓာတ်လိုက် မှုဖြစ်ပွားခြင်း၊ လျှပ်စစ်ရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခြင်း တို့ ကြုံတွေ့ပါက လျှပ်စစ်ဥပဒေအရ အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရှိထားရန် ရေးသားဖော်ပြလိုပါသည်။
လျှပ်စစ်ကျွမ်းကျင်မှုလက်မှတ်ကို လျှပ်စစ်ဥပဒေနှင့် အညီ အရည်အချင်းသတ်မှတ်၍ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးလျှပ်စစ်ကစစ်ဆေး၍ ဒုတိယအဆင့်၊ ပထမ အဆင့်၊ အထူးအဆင့် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ပိုင်းခြား၍ စက်မှု(၁)ဝန်ကြီးဌာန လျှပ်စစ်စစ်ဆေးရေးဌာနခွဲ က စိစစ်၍ ထုတ်ပေးထားခြင်းဖြစ်သည်။
လျှပ်စစ်ကျွမ်းကျင်သူများက လျှပ်စစ်ဥပဒေနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီသော လျှပ်စစ်ပစ္စည်းများကို အသုံးပြု၍ အိမ်တွင်းလျှပ်စစ်ဝိုင်ယာများ တပ်ဆင်ရာတွင် သတ်မှတ်အမ်ပီယာဒဏ်ခံဖျူး(စ်)တပ်ဆင်ပြီး မီတာအထွက်တွင် မိန်းဆွိ(သို့မဟုတ်) ဘရိတ်ကာ သတ်မှတ်အမ်ပီယာ တပ်ဆင်၍ အိမ်တွင်းမိန်းဘုတ်တွင် All Main တပ်ဆင်ပြီး သတ်မှတ်အမ်ပီယာဒဏ်ခံဖျူး(စ်)တပ်ဆင်၍သော်လည်းကောင်း (သို့မဟုတ်)ရှော့ခ်ဖြစ်၍ အလိုအလျောက် ဖြတ်တောက်သော (Automatic) သတ်မှတ်ထားသော အမ်ပီယာဘရိတ်ကာတပ်ဆင်၍သော်လည်းကောင်း၊ အခန်းတိုင်းတွင် ဆိုက်ဖျူး(စ်)(သို့)ဘရိတ်ကာလိုင်းခွဲများ တပ်ဆင်ထားခြင်းဖြင့် လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်မှ ရှော့ခ်ဖြစ်၍ မီးလောင်မှုများ မဖြစ်ပွားနိုင်ကြောင်း၊ ဓာတ်အားများ အလွယ်တကူဖြတ်တောက်စေရန် တွက်ချက်၍ လျှပ်စစ်ဥပဒေနှင့်အညီ အလေးထား၍ ဆောင်ရွက်ရသော လျှပ်စစ်လုပ်ငန်းဖြစ်သည်။ သို့ဖြစ်ရာ လျှပ်စစ်ရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခြင်းကို လုံးဝ လက်မခံကြောင်း၊ လျှပ်စစ် ဥပဒေနှင့်အညီသုံးစွဲပါက လျှပ်စစ်အန္တရာယ်များ ကင်းရှင်း မည်ဖြစ်ကြောင်း၊ ''လျှပ်စစ်အိမ်သုံးမီတာသုံးစွဲသူ အိမ်ရှင် များအတွက် အပြစ်မရှိကြောင်း လျှပ်စစ်ဥပဒေအရ အလေးထားရေးသားဖော်ပြလိုက်သည်။''
သတ်မှတ်ချက်ဖြင့်အသုံးပြုရန် (၁) အနီအနက်ကြိုး ပျော့များ ၂၅ ပေထက်ပို၍မသုံးရ၊ (၂)ရေချိုးခန်း၊ အိမ်သာတွင် ရေလုံခလုတ်(သို့မဟုတ်) ကြိုးဆွဲခလုတ် အသုံးပြုရန်၊ (၃) သံထည်၊ သတ္တု၊ 3 Pin ပလတ်ဖြင့် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ မြေဓာတ်အပ်ချ၍ အသုံးပြုရန်၊ (၄) ကလေးသူငယ်များ လျှပ်စစ်အန္တရာယ်မဖြစ်စေရန် မီးခလုတ်၊ မီးပလတ်များကို ငါးပေအထက်တွင် တပ်ဆင် ရန်၊ (၅) လျှပ်စစ်မီးကြိုးတွေ့လျှင် လျှပ်စစ်မီးရှိသည်ဟု သတိထားကြရန်တို့ကို သတိနှင့်ယှဉ်၍ လျှပ်စစ်ဥပဒေနှင့် အညီသုံးစွဲပါက လျှပ်စစ်အန္တရာယ်များ ကင်းရှင်းမည်ဖြစ်သည်။
စိုစွတ်သော မိုးကာလများတွင် လျှပ်စစ်မီးအန္တရာယ် ကင်းဝေးရေးအတွက် အောက်ပါအချက်များကို အထူး လိုက်နာရန် လိုအပ်ပါသည်-
(က) ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများကို လဲလှယ်ပေးပါ။ မိုးကာလတွင် ဓာတ်တိုင်မှအိမ်သို့ သွယ်တန်းထားသောဆားဗစ်ကြိုးများ ဟောင်းနွမ်း ဆွေးမြည့် ပေါက်ပြဲနေပါက အိမ်တံစက်မြိတ်သွပ်စပ်နှင့် လည်းကောင်း၊ သံဆန်ခါများနှင့်လည်းကောင်း ထိစပ်နေလျှင် လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးမှုများ၊ ဝိုင်ယာ ရှော့ခ်ဖြစ်၍ မီးလောင်မှုများဖြစ်တတ်ပါသည်။ အိမ်အဝင် ဆားဗစ်ကြိုးတွင် ပိုက်သွင်းရန်လိုအပ်ပါသည်။ ဓာတ်အား လိုင်းနှင့် ဆားဗစ်ကြိုးဆက်သွယ်ရာတွင် ဖျူး(စ်)မှာ ကြွေသီးခံ၍ တပ်ဆင်ရမည်။
(ခ) လျှပ်စစ်ဒဏ်ခံကြိုး (Fuse)ကို ခံနိုင်သည်ထက် ပိုမထည့်ပါနှင့်။
(ဂ) လျှပ်စစ်မီးဖို၊ မီးပူများကိုသုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်သွားလျှင် ခလုတ်ပိတ်ပြီး ပလတ်ခေါင်း ဖြုတ်ထားပါ။ လျှပ်စစ်ကွိုင်မီးဖိုဖြင့် ထမင်းဟင်းချက်နေစဉ် မီးပြတ်သွားသည့်အခါ မီးခလုတ်ပိတ်ရန် မေ့သွားတတ်ပါသည်။ မီးပြန်လာသောအခါ မီးလောင်မှုများဖြစ်တတ်သဖြင့် မီးပြတ်လျှင် ချက်ချင်း ခလုတ်ပိတ်သည့် အလေ့အကျင့် လုပ်ရပေမည်။ ကွိုင်မီးဖိုသည် အပူပြင်းလွန်းသဖြင့် ချက်ပြုတ်နေစဉ် လူကအခြားတစ်ပါးသို့မသွားဘဲ အနီး တွင်ရှိနေရပေမည်။
(ဃ)လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်နေလျှင် ပင်မခလုတ် ကိုပိတ်ပြီး ခြောက်သွေ့သောအဝတ်ဖြင့် ရိုက်ပုတ်၊ ဖုံးအုပ် ငြှိမ်းသတ်ပါ။ အင်္ဂတေခင်းသော အိမ်များတွင် ဖိနပ်စီးပြီးမှ လျှပ်စစ်ခလုတ်အဖွင့်အပိတ်လုပ်ပါ။ ချွတ်ယွင်းနေသောလျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးစွဲပါနှင့်။
(င) လျှပ်စစ်ဓာတ်အားကို ခံနိုင်အားထက်ပိုမသုံးပါ နှင့်။ မလိုအပ်လျှင် လျှပ်စစ်မီးများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားခြင်းဖြင့် မီတာခချွေတာခြင်းနှင့် ဝိုင်ယာရှော့ခ် ဖြစ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်နေပါသည်။
(စ) လမ်းများတွင် ဓာတ်ကြိုးများပြုတ်ကျပါက ကိုင်တွယ်ခြင်းမပြုပါနှင့်။ လျှပ်စစ်ဌာနသို့ အမြန် သတင်း ပေးပို့ရမည်။ မတော်တဆ ဓာတ်လိုက်ခံရသူအား အဝတ် ခြောက်ဖြင့်ပတ်၍ အမြန်ဆွဲပါ။ လူချင်းထိမဆွဲရ။
(ဆ) ညအချိန်အိပ်ရာဝင်လျှင် လျှပ်စစ်မီးများ၊ အင်ဗာတာ၊ ဘက်ထရီနှင့် ဗို့အားမြှင့်စက်များ၊ တီဗွီ၊ ရေခဲ သေတ္တာ၊ မီးဖို၊ မီးပူစသည့်လျှပ်စစ်ပစ္စည်းများ ပိတ်၊ မပိတ် စစ်ဆေးပြီး ပိတ်အိပ်သည့်အလေ့အကျင့်ပြုလုပ်ခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကာကွယ်ကြရန် တိုက်တွန်းရေးသား လိုက်ပါသည်။
လျှပ်စစ်ကြောင့် မီးလောင်ရခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ များပြားပါသည်။ လျှပ်စစ်ဝိုင်ယာသွယ်တန်းတပ်ဆင်မှုနှင့်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များလည်းရှိပြီး ဖြစ်သည်။ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်းလိုက်နာ ဆောင်ရွက်ပါက လျှပ်စစ်အန္တရာယ်ကင်းဝေးစေပါသည်။
လျှပ်စစ်ဓာတ်အားကိုပေါ့ဆစွာ အသုံးမပြုပါနှင့်။ မိမိ၏အိမ်ကို သော့ပိတ်၍ အပြင်သို့ထွက်လျှင် အိမ်တွင် တပ်ဆင်ထားသော ပင်မမိန်းခလုတ်များကို ပိတ်ခဲ့ပါ။ ဝပ်အားများသော လျှပ်စစ်ဓာတ်အားသုံး လျှပ်စစ်ပစ္စည်းများ(မီးဖို၊ မီးပူ၊ ထမင်းအိုး၊ ရေနွေးကရား၊ အဲကွန်း) စသည် တို့ကို တစ်ပြိုင်နက်တည်း အချိန်ကြာမြင့်စွာ မသုံးပါနှင့်။ ညဘက်အိပ်ချိန်တွင် မီးအားမြှင့်စက်ကို လျှော့ချပါ (သို့မဟုတ်)တိုက်ရိုက်ခလုတ်တွင်ထားပါ။ အင်ဗာတာနှင့် တွဲသုံးသောဘက်ထရီ အက်စစ်ရည်ရှိ၊ မရှိစစ်ပါ။ အသုံး မပြုလျှင်ပိတ်ထားပါ။ ကွဲအက်ပျက်စီးနေသော လျှပ်စစ် ဆက်သွယ်ရေးပစ္စည်းများ၊ ခလုတ်၊ ပလတ်တံ၊ ဆော့ကတ် နှင့် မီးခေါင်းစသည်များကို မသုံးပါနှင့်။ လျှပ်ကာနှစ်ထပ်ပါ သော ဝိုင်ယာကြိုးကို ကွန်ဂျူပိုက်အတွင်းသို့ ထည့်သွင်း၍ ဝိုင်ယာသွယ်ပါ။ လျှပ်စစ်ဆက်သွယ်ရေးပစ္စည်းများနှင့် လျှပ်စစ်အသုံးပစ္စည်းများအနီးတွင် မီးလောင်လွယ်သော ပစ္စည်းများမထားပါနှင့်။ လျှပ်စစ်ဓာတ်အား ရုတ်တရက် ပျက်ခဲ့လျှင် အသုံးပြုနေသော လျှပ်စစ်ဓာတ်အားသုံးပစ္စည်း များ၏ ခလုတ်များကို ချက်ချင်းပိတ်ပါ။ အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်းနှင့်ကိုက်ညီသော လျှပ်စစ်ပစ္စည်းများ ကိုသာသုံးပါ။ ဝန်ပိုသုံးခြင်းမှ ရှောင်ပါ။
မိမိ၏နေအိမ်တွင် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်ပစ္စည်းများ၊ ဝန်ပိုဖြစ်၊ မဖြစ်ကို လျှပ်စစ်ပညာတတ်သိနားလည်သူများအား မေးမြန်းပါ။ လျှပ်စစ်ဝိုင်ယာသွယ်တန်းတပ်ဆင်ခြင်း၊ ပြင် ဆင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းများပြုလုပ်လိုပါက လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ရ လျှပ်စစ်ကျွမ်းကျင် လုပ်သားနှင့်သာ ဆောင်ရွက်ပါ။
ဖော်ပြပါ အကြံပြုချက်များကို လိုက်နာခဲ့လျှင် ဝိုင်ယာရှော့ခ်နှင့် အပူလွန်ကဲခြင်းကြောင့် မီးလောင်မှု ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ပါသည်။
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချသော အရောင်း ဆိုင်ကုမ္ပဏီများမှ ဈေးကွက်စီးပွားရေးလောဘဖြင့် ပစ္စည်းအရည်အသွေးများလျှော့၍ ထုတ်လုပ်ကြောင်း၊ ၃ဝ၂၉ ဝိုင်ယာကြိုးဂိတ်အရွယ်အစားမရှိတော့ကြောင်း၊ အမှတ် အသားနံပါတ်များရိုက်ထားသော်လည်း စံချိန်စံညွှန်း မပြည့်မီတော့ကြောင်း စစ်ဆေးတွေ့ရှိနေရသည်။ ဥပမာ- ပစ္စည်းတစ်ခု အချိန်နှင့်ဝယ်သောအခါ တစ်ပိဿာရှိရမည့် ပစ္စည်း ၉ဝ ကျပ်သားအလေးဖြင့် အလေးခိုးချိန်ပေးလိုက် သကဲ့သို့ ထုတ်လုပ်ရောင်းချသောကြောင့် လျှပ်စစ်အန္တရာယ်များ ကြုံတွေ့နေရခြင်းဖြစ်သည်။ လျှပ်စစ်စစ်ဆေးရေးအဖွဲ့ က လျှပ်စစ်ပစ္စည်းများအရည်အသွေးစစ်ဆေး၍ စံချိန် စံညွှန်းမပြည့်မီပါက လျှပ်စစ်ဥပဒေအရ အပြစ်ပေး အရေးယူသင့်သည်ဟု ယူဆမိသည်။
သဘာဝဘေးအန္တရာယ်ကို အပြစ်ပုံချရမလား။ ရာသီ ဥတုအလွန်ပူပြင်းခြောက်သွေ့သော နွေရာသီကာလ လျှပ်စစ်မီးအသုံးများပြီး လျှပ်စစ်ဓာတ်အားအတက်အကျ ဖြစ်ခြင်းကြောင့် လျှပ်စစ်အန္တရာယ်နှင့် မီးလောင်မှုများကို လေ့လာ၍ မည်သူ့ကိုအပြစ်ပေးအရေးယူမလဲဆိုသော ဆောင်းပါးကို ရေးသားဖော်ပြကာ လျှပ်စစ်ကျွမ်းကျင်မှုရှိပြီး တာဝန်ပေးအပ်သူက တာဝန်ခံမှု၊ တာဝန်ယူမှုလျှပ်စစ်ဥပဒေ နှင့်အညီ လျှပ်စစ်ပုံစံ ၂၅၈ တွင် ဖြည့်သွင်းရန်အချက်အလက် များ ကတိပြု၍ လက်မှတ်ရေးထိုးသူဖြင့်သာ လျှပ်စစ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်မီးသုံးသူပြည်သူများ လျှပ်စစ်ပညာအကြောင်း ဗဟုသုတရရှိနားလည်စေရန် စေတနာဖြင့် ရေးသားတင်ပြ လိုက်ပါသည်။ ။

No comments:

Post a Comment