Wednesday, March 30, 2016

အင်းလေးကန်အတွင်း ခရီးသွားများ ပုံမှန်လာရောက်လျက်ရှိပြီး ရေစီးရေလာကောင်းမွန်လျက်ရှိ




သတင်းနှင့်ဓာတ်ပုံ ညောင်ရွှေခင်မောင်မြ

အင်းလေးကန်ကြီးတွင် ရေခန်းခြောက်လုလုဖြစ်၍ စက်တပ်လှေများ သွားလာမှုခက်ခဲနေကြောင်း ဂျာနယ်အချို့တွင် ရေးသားထားသည်ကို စိတ်မကောင်းစွာ ဖတ်ရှုနေရသည်။

အမှန်တကယ်တွင် ဆည်မြောင်းဦးစီးဌာန၏ စဉ်ဆက်မပြတ် လုပ်ဆောင်ထားမှုများကြောင့် ရေစီးရေလာကောင်း မွန်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်ပုံမှန် လာရောက်လျက်ရှိကြောင်းသိရသည်။

ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်က ''အင်းလေးကန်ကြီးဟာ ဂျာနယ်ထဲမှာ သတင်းသမားတွေ ရေးသားကြသလို မဟုတ်ပါဘူး။ ဆရာမြင်တွေ့နေရတဲ့အတိုင်း ဖောင်တော်ဦးဘုရား စံကျောင်းတော်အရှေ့ ၊ အနောက်၊ တောင်၊ မြောက်ကမ်းစပ် တွေမှာ စက်တပ်လှေတွေ လွယ်ကူစွာ ဆိုက်ကပ်ထားတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဆည်မြောင်းဦးစီးဌာနနဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းဝန်းလုပ်ဆောင်တဲ့အတွက်ကြောင့် အင်းလေးကန်ကြီးဟာ အခုလိုစိမ်းလန်းစိုပြည်လျက်ရှိနေပါတယ်''ဟု မတ်လဆန်းပိုင်းက ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆည်မြောင်းဦးစီးဌာနသည် အင်းလေးကန်အတွင်း အဓိကလုပ်ငန်းတာဝန် (၈)ရပ်ဖြင့် သဲနုန်းမြေများ တူးဖော်ခြင်း၊ အင်းလေးကန်အတွင်းသို့ သဲနုန်းများ ကျရောက်ခြင်းမှ ကာကွယ်ထိန်းသိမ်းရေး၊ ကိုင်းပင်၊ ကျွန်းမျောပင်၊ ရေမှော်ပင်များ ရှင်လင်းဆောင်ရွက်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

ထို့အတူ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ''အင်းလေးကန်ကြီးကို ယူနက်စကိုက လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်နိုင်ဖို့ နိုင်ငံတော်သမ္မတကြီးနဲ့ ဝန်ကြီးဌာနအဆင့်ဆင့် တိုင်အောင် အထူးဆောင်ရွက်ကြတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘတ်ဂျက် ရန်ပုံငွေနဲ့တာဝန်ယူဆောင်ရွက်ခဲ့ပေမယ့်လည်း လေးနှစ် တာကာလအတွင်း ရှမ်းပြည်နယ်ဘတ်ဂျက်ရန်ပုံငွေမှ အများဆုံးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရေဖြည့်ကန်များဖြစ်တဲ့ သာစည်ကန်၊ နဒီကန်နဲ့ လွယ်မောကန်တွေကို ပြန်လည်တူးဖော်နိုင်ခဲ့ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ရှမ်းပြည်နယ်ဘတ်ဂျက်မှာ အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများနဲ့အတူ ကန်တော်ကန်၊ ကန်ထောင့်ကန်များ တူးဖော်နိုင်ရန် လျာထားပေးနိုင်ခဲ့ပါတယ်။ အင်းလေးကန်အာဏာပိုင်အဖွဲ့ကိုလည်း အစပျိုးလုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖန် နိုင်ငံတော်သမ္မတကြီးက ၂ဝ၁၅ ခုနှစ် ဇွန်လနဲ့ စက်တင်ဘာလအတွင်း နှစ်ကြိမ်တိတိလာရောက်ကြည့်ရှုပြီး လမ်းညွှန်မှုများနဲ့အညီ ဆည်မြောင်းဦးစီးဌာနက အပူတပြင်းဖော်ဆောင်ခဲ့ရာ ယခုအခါမှာတော့ အင်းလေးကန်အတွင်း သွားလာမှု လွယ်ကူချောမောနေပြီဖြစ်ပါတယ်''ဟုပြောပြသည်။

ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဌေးက ''နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုအရ အင်းလေးကန်အတွင်း အဓိကရေလမ်းကြောင်းများနဲ့ နုန်းပို့ပြင်များ သဲနုန်းတူးဖော်ခြင်း၊ ညောင်ရွှေမြို့မြောက် ဘက်ရှိ အင်းလေးကန်ရဲ့ ရေကူးကန်များဖြစ်တဲ့ သာစည်ကန်နဲ့ နဒီကန်များကို သဲနုန်းတူးဖော်ခြင်းများ အလေးထားဆောင်ရွက်ခဲ့ပါတယ်။

''အင်းလေးကန်အတွင်းနဲ့ ရေလမ်းကြောင်းများမှာ ယခုအချိန် ရေအနက်လေးပေနှင့်အထက် ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေး လေ့လာဆန်းစစ်မှုများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရေလယ်ရေနက်တဲ့နေရာမှာ ရေအနက် ၁ဝ ပေခန့်ရှိပါတယ်။ ဆည်မြောင်းဦးစီးဌာနအနေနဲ့ ဝင်ရေအခြေအနေကို လေ့လာပြီး စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အင်းလေးကန်ဟာ ရေကိုလိုသလို ပိတ်လှောင်ပြီး သိုလှောင်ထားလို့ရတဲ့ တမံတစ်ခုမဟုတ်ဘဲ သဘာဝရေကန်ဖြစ်ပါတယ်။ သဘာဝရေကန်ဖြစ်တာနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးထိခိုက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အင်းလေးကန်နဲ့ အင်းလေးကန်တစ်ဝိုက်မှာ မှီတင်းနေထိုင်ကြတဲ့ ဒေသနေပြည်သူများ သွားလာရေး၊ စိုက်ပျိုး ရေးနဲ့ အခြားလူနေမှုလုပ်ငန်းများကို အခက်အခဲမရှိအောင် အချိုးညီညီ ထိန်းသိမ်းပေးရတဲ့လုပ်ငန်း ဖြစ်ပါတယ်။

''သဘာဝရေကန်ရဲ့ ဖြစ်ရိုးဖြစ်စဉ်အရ နွေရာသီ ကာလရောက်တာနဲ့ ကန်အတွင်းရေနည်းပါးလာခြင်းကတော့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ထူးကဲတဲ့ရေကျဆင်းမှု မဖြစ်ပေါ်စေရေးနဲ့ အဓိကရေလမ်းကြောင်းများကို သွားလာလို့ရအောင် ကျွန်တော်တို့ဆည်မြောင်းဌာနအနေနဲ့ အင်းလေးကန်ရဲ့ချောင်းပေါ်မှာ ရေကျဆင်းမှုလျော့နည်း သက်သာဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ ရေထိန်းရေမြှင့် အဆောက်အအုံ (Geo-Tube) နှစ်ခုရှိပါတယ်။

''အဲဒီနေရာနှစ်ခုမှာလည်း ရေကျဆင်းမှုသက်သာဖို့ အတွက် ရေလမ်းကြောင်းများကို ကျဉ်းမြောင်းပေးခြင်းများ ဆောင်ရွက်ထားတဲ့အပြင် ရေစီးရေလာအနေအထားများ ကိုလေ့လာပြီး ပိတ်ဆို့သင့်တဲ့ရေလမ်းကြောင်းများ ပိတ်ဆို့ပေးခြင်း၊ တူးဖော်ပေးဖို့လိုအပ်တဲ့ ရေလမ်းကြောင်းများ တူးဖော်ပေးခြင်းများ ဆောင်ရွက်ထားပါတယ်'' ဟု ပြောပြသည်။

မိုးရွာသွန်းမှုအနေဖြင့် ညောင်ရွှေမြို့နယ်တွင် ၂ဝ၁၄ ခုနှစ်က မိုးရေချိန် ၃၂ လက်မကျော် ရွာသွန်းခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် မိုးရေချိန် လက်မ ၃ဝ သာ ရွာသွန်းခဲ့သည်။ ၂ဝ၁၄ ခုနှစ် မိုးရာသီတွင် အင်းလေးကန်အတွင်း ဧကပေ ၂ ဒသမ ၆ သိန်းကျော် ရေသိုလှောင်နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ဧကပေ ၂ ဒသမ ၄ သိန်းသာ သိုလှောင် ထားနိုင်ခဲ့သည့်အတွက် အင်းလေးကန်အတွင်း ဧကပေ ၂ဝဝဝဝ ကျော် ရေဝင်ရောက်မှု လျော့နည်းခဲ့ကြောင်း သိရသည်။

ဤသို့လျှင် မြန်မာနိုင်ငံတွင် ပထမဦးဆုံးယူနက်စကို၏ ဇီဝအဝန်းနယ်မြေသစ်ဖြစ်လာသော သတင်းမွှေးသည့် ကမ္ဘာကျော် အင်းလေးကန်သို့ တစ်ခေါက်သွားရောက် လေ့လာပြီး ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ရေးသားတင်ဆက်မိ ပါတော့သည်။

No comments:

Post a Comment