Wednesday, March 30, 2016

(30.3.2016) ကြေးမုံစာတည်းရှုထောင့်



အပူဒဏ်နှင့်ခါသင်္ကြန်

ယခုအချိန်သည်  ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလသို့  သိသိ သာသာ ကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။  ထို့အတူ တစ်နှစ်မှတစ်ကြိမ် နွေရာသီကာလရောက်မှ  ဆင်နွှဲကြရသည့် မြန်မာတို့၏ရိုးရာ  အတာသင်္ကြန် ရေသဘင်ပွဲဆင်နွှဲရန်ရက်များသည်လည်း  တဖြည်းဖြည်းနီးကပ်လာချေပြီ ဖြစ်၏။

နွေ၏အပူ  မည်မျှပြင်းထန်စေကာမူ  နေအပူချိန်ကို  အန်တုကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်အား   နှစ်စဉ် အစဉ်အလာမပျက် ဆင်နွှဲလာခဲ့ကြသည်ဖြစ်ရာ  ယခုနှစ်တွင်လည်း သင်္ကြန်ရေသဘင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်မှုများဖြင့်  လှုပ်ရှားဆောင်ရွက်နေကြပြီဖြစ်သည်။

ယခုနှစ် ခါသင်္ကြန်ကာလ၌  ယခင်နှစ်များနှင့်မတူ  တစ်မူထူးခြားစွာပြောင်းလဲလာသည့်ရာသီဥတုဖြစ်သည့်  ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုဒဏ်ကိုမူ သတိပြုဆင်ခြင်ကြရမည်ဖြစ်ပေသည်။ အဆိုပါ အယ်နီညိုရာသီဥတုဒဏ်ကြောင့်  အပူချိန်မြင့်တက်လွန်ကဲခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်မှုနှင့် ရေရှားပါးမှု ဖြစ်စဉ်များကိုလည်း  တစ်ဆက်တည်းခံစားနေကြရပြီဖြစ်သည်။

ထို့ကြောင့်    အပူဒဏ်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်များ၊ ခရမ်းလွန်ရောင်ခြည်   အညွှန်းကိန်းမြင့်တက်မှုကြောင့်  ဆောင်ရန်၊  ရှောင်ရန်များကို သက်ဆိုင်ရာက  အသိပေးမှုများဆောင်ရွက်လျက်ရှိသလို တစ်ဖက်ကလည်း သင်္ကြန်ပွဲဆင်နွှဲရန်အတွက်  ကြိုတင်ပြင်ဆင်လှုပ်ရှား ဆောင်ရွက်နေကြချိန်လည်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ  အချို့ဒေသများတွင်  နွေရာသီရောက်တိုင်း ရေရှားပါးပြတ်လပ်မှုများ ကြုံတွေ့ရလေ့ရှိသော်လည်း  ယခုနှစ်တွင် ကျရောက်သည့် အယ်နီညိုရာသီဥတုဒဏ်ကြောင့် နွေရာသီစတင်ကတည်းက ရေပြတ်လပ် မှု၊ ရေခန်းခြောက်မှုများကြောင့် သက်ဆိုင်ရာနှင့် စေတနာရှင်များက ရေလှူဒါန်း နေမှုများကိုလည်း  ကြားသိနေရသော်လည်း သွားလာရေးခက်ခဲပြီး ဝေးလံသော ဒေသများအတွက် ရေအရေးမှာ  အခက်ပွေနေဆဲဖြစ်သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း ဆယ်စုနှစ်  နှစ်စုတာ ကာလအတွင်း အဆိုးရွားဆုံးသောမိုးခေါင်မှုကို ခံစားနေရသဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့်  ရိုးရာဆွန်ခရမ်ရေသဘင်ပွဲတော်ကို ကျင်းပမြဲ လေးရက်အစား သုံးရက်မျှသာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း  သတင်းစကားများကြား သိရသည်။

ရှေးယခင်က  မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲဆင်နွှဲရာတွင် ငွေဖလား နှင့် သပြေခက်ဖြင့် ရေစင်ပက်ဖျန်းကာ နှစ်ဟောင်းမှ  အညစ်အကြေးများကို ဆေးကြောသန့်ရှင်းခဲ့ကြသည်။  ယခုအခါ   အစုအဖွဲ့လိုက်မဏ္ဍပ်များဖြင့် လည်းကောင်း၊ မဏ္ဍပ်ကြီးများတွင် ရေပိုက်၊ မီးသတ်ပိုက်များနှင့်  ရေကစား ကြပြီး  အရက်သေစာသောက်စားကာပျော်ပါးမှ သင်္ကြန်သည်  ပျော်စရာ ကောင်းသည်ဆိုသော  အတွေးအခေါ်များ ဝင်ရောက်နေရာယူလာသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ  ရွှေကိုမလို  ရေကိုသာလိုသည့် မြန်မာနိုင်ငံတွင် အဖိုးတန်လှသည့် ရေအရင်းအမြစ်များကို  သင်္ကြန်ကာလတွင် လိုအပ်သည်ထက်  ပိုမိုသုံးစွဲပါက  ဆက်လက်ဖြတ်ကျော်ရမည့် နွေကာလ အတွက် အခက်အခဲများနှင့်  မုချမသွေ ကြုံတွေ့ရနိုင်သဖြင့်  ချင့်ချိန်သုံးစွဲသင့်သည်။

ထို့အပြင် ခရမ်းလွန်ရောင်ခြည်သည်  လူသားတို့အတွက်  အန္တရာယ် ဖြစ်စေသဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့မိပါက  မျက်စိတိမ်စွဲခြင်း၊ အရေပြား ပျက်စီးခြင်း၊ အိုမင်းရင့်ရော်လာခြင်း၊ ခွန်အားကျဆင်းခြင်း၊ ခုခံအားကျဆင်း ခြင်းနှင့် အရေပြားကင်ဆာဖြစ်ခြင်း စသည့်ရောဂါများဖြစ်ပွားနိုင်ပါသည်။

ထို့ကြောင့်  ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားနေသည့်     ယခုလို အချိန်မျိုးတွင် ကျရောက်မည့်မဟာသင်္ကြန်ကိုလည်း  အသိ၊ သတိထားရှိကာ ဆင်နွှဲဖို့လိုပေသည်။

ယခုနှစ် မဟာသင်္ကြန်သည် ယခင်နှစ်များနှင့်မတူ သင်္ကြန်ရက် ငါးရက် ဆင်နွှဲကြရမည်ဖြစ်သဖြင့် ရေသဘင်ဆင်နွှဲသူများအနေဖြင့် အပူဒဏ်ကာကွယ် ရေးအသုံးအဆောင်များဖြစ်သည့် ထီး၊ ဦးထုပ်၊ မျက်မှန်၊ လုံခြုံမှုရှိသော ချည်ထည်အဝတ်အစားများကို ဂရုတစိုက် ဝတ်ဆင်အသုံးပြုကြခြင်းအားဖြင့် မိမိကိုယ်ကို  အပူဒဏ်မှကာကွယ်ရာလည်းရောက်မည်ဖြစ်သည်။

အတို အပြတ်  အဝတ်အစားများဝတ်ဆင်ခြင်းကြောင့်   မြန်မာ့ရိုးရာယဉ်ကျေးမှု ဂုဏ်ဒြပ် ညှိုးနွမ်းစေခြင်းမှလည်း ကင်းဝေးစေနိုင်မည်ဖြစ်ပေသည်။  ထို့ ကြောင့် မကြာမီကျရောက်လာမည့် သင်္ကြန်ကာလတွင်   အပူဒဏ်နှင့် ခါသင်္ကြန်ကို  အသိတရားရှိစွာဖြင့်   ဆင်နွှဲကြရန်အကြံပြုတိုက်တွန်း လိုက်ရပေသည်။   ။

No comments:

Post a Comment