Wednesday, March 30, 2016

ချင်းပြည်နယ်တောင်ပိုင်း အဝင်တံခါးလေး ရွှေစမ်းချောင်းတံတား(ကဇွန်းမ)ဖွင့်လှစ်



The Mirror Daily's photo.


ဆိပ်ဖြူ မတ် ၂၉

မကွေးတိုင်းဒေကြီး ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီ မြစ်၏အနောက်ဘက်တွင် တည်ရှိသည့် မြို့ကလေးတစ်မြို့ ဖြစ်သည်။ အရှေ့ဘက်တွင် ချောက်မြို့နယ်၊ တောင်ဘက် တွင် စလင်းမြို့နယ်၊ မြောက်ဘက်တွင် ပေါက်မြို့နယ်၊ အရှေ့ မြောက်ဘက်တွင် ပခုက္ကူမြို့နယ်နှင့် အနောက်ဘက်တွင် ဆောမြို့နယ်တို့တည်ရှိကာ ယောဒေသနှင့် ချင်းတောင်တန်းကြီးတို့နှင့် ထိစပ်လျက်ရှိပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့များသို့သွားရောက်ရာ အဝင်မြို့လေးတစ်မြို့ဖြစ်သည်။ ချင်းပြည်နယ်တောင်ပိုင်းမှ ဒေသခံပြည်သူအများကလည်း မြန်မာနိုင်ငံရှိ မြို့ကြီး များသို့ သွားရောက်ရာတွင် ဆိပ်ဖြူမြို့နယ်မှတစ်ဆင့် ဖြတ်သန်းအသုံးပြုခဲ့ကြသည်။

ရွှေစမ်းချောင်းသည် မြောက်မှတောင်သို့စီးဆင်းသော ချောင်းဖြစ်ပြီး ချောင်းမိုင်အရှည် ၁၉ မိုင် ရှိပြီး ဒူးတောင်ဒေသမှအခြေခံ၍ ရေစီးသန်သော ချောင်း တစ်ချောင်း ဖြစ်သည်။

ဆိပ်ဖြူမြို့သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမြို့နှင့် ၂၁ မိုင်ခန့်သာ ကွာဝေးပြီး ကမ္ဘာလှည့် ခရီးသွားတို့သည် ပုဂံညောင်ဦးမြို့မှ ချောက်မြို့၏ဒေသန္တရ ဗဟုသုတတို့ကို လေ့လာခဲ့ကာ ဧရာဝတီမြစ်ကို အနော်ရထာ တံတားကြီးပေါ်မှဖြတ်ကူး၍ ဆိပ်ဖြူမြို့မှတစ်ဆင့် ဆောမြို့နယ်၊ ထိုမှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်မြို့လေးသို့ အရောက်သွားကြသည်။ ထိုသို့ သွားရောက်ရာတွင် မိုးတွင်းကာလ၌ ကမ္ဘာလှည့်ခရီးသွားများ၊ ဆောမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မတူပီ၊ မင်းတပ် တို့မှ ဒေသခံအများစုသည် ဆိပ်ဖြူမြို့နှင့် မိုင် ၃ဝ ခန့်အကွာ ကဇွန်းမကျေးရွာအနီးရှိ ရွှေစမ်းချောင်းတွင် မိုးရွာသွန်းခြင်းကြောင့် တောင်ကျရေကျလာလျှင် ချောင်းရေဖြတ်ကူးရသောဒုက္ခများကို နှစ်စဉ်ခံစားနေခဲ့ ရသည်။ ချောင်းရေများလျှင် နှစ်ရက်မှ သုံးရက်အထိ ချောင်းပိတ်မိခဲ့ကြရသည်ဟု သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု လှုမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် လမ်းများ ဖောက်လုပ်အဆင့်မြှင့်တင်ခြင်း၊ မြစ်ကူး ချောင်းကူးတံတားများ တိုးချဲ့တည်ဆောက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေဖြင့် ဆိပ်ဖြူမြို့နယ် ရွှေစမ်းချောင်းတံတား(ကဇွန်းမ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေး အဖွဲ့(၂) တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူက တာဝန်ယူ၍ ၂ဝ၁၅ ခုနှစ် ဇွန် ၇ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။ ထိုရွှေစမ်းချောင်းတံတား(ကဇွန်းမ)ကို မတ် ၂၅ ရက်တွင် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးခဲ့ကာ ချင်းပြည်နယ်တောင်ပိုင်း အဝင် တံခါးလေးဖြစ်သည့် ရွှေစမ်းချောင်းတံတား (ကဇွန်းမ)ကို မတ် ၂၇ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေ၊ တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးတို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက် ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့ (၅)ဆိပ်ဖြူမှ ဦးကျော်ဌေး ဦးစီးအရာရှိ(မြို့ပြ)က တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရွှေစမ်းချောင်းတံတား (ကဇွန်းမ)ကို ၂ဝ၁၅ ခုနှစ် ဇွန် ၇ ရက်က စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆိပ်ဖြူမြို့နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့သည် အကွာအဝေး မိုင် ၈ဝ ၅ ဖာလုံရှိပါကြောင်း၊ တံတားတည်ဆောက်ခြင်းရန်ပုံငွေကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ရွှေစမ်းချောင်းတံတား(ကဇွန်းမ)က ဆိပ်ဖြူ-ဆော-ကန်ပက်လက် လမ်းပေါ်တွင်တည်ရှိကာ ဆိပ်ဖြူမြို့နှင့် မိုင် ၃ဝ အကွာတွင်တည်ရှိကြောင်း၊ တံတားအခန်းဖွင့် ဖွဲ့စည်းပုံ ပေ ၄ဝ x ၉ ခန်း၊ ပေ ၆ဝ x ၈ခန်း စုစုပေါင်း တံတားအရှည် ပေ ၈၄ဝ ရှိပြီး တံတားအုတ်မြစ် အမျိုးအစား ပေ ၄ဝ အခန်းဘက်တွင် ၆ ပေ Span Pipe Foundation အမျိုးအစား၊ ပေ ၆ဝ အခန်းဘက်တွင် ၁ ဒသမ ၂ အချင်းမီတာရှိသော Bore Pipe Foundation တံတားအပေါ်ထည် သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၇ ပေ နှစ်လမ်းမောင်း တံတားခံနိုင်ဝန် တန် ၆ဝ ဖြစ်ပါကြောင်း၊ လုပ်ငန်းစတင်တည်ဆောက်စဉ်က ၆ ပေ Span Pipe ဆောင်ရွက်စဉ် လူအားဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ရုံးချုပ်သို့တင်ပြခဲ့ပြီး ပေ ၆ဝ ခန်းဖွင့် ပြန်ပြောင်း ဆောင်ရွက်ခဲ့ကာ ၁ ဒသမ ၂ အချင်းမီတာရှိသော Bore Pipe ဖြင့် ဆောင်ရွက်နိုင်ခြင်းအတွက် တံတားတည် ဆောက်ခြင်းလုပ်ငန်း လျင်မြန်အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း၊ ဤတံတားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီဖြစ်၍ ဒေသခံပြည်သူများရော၊ ကမ္ဘာလှည့်ခရီးသည်များပါ လမ်းခရီးကြန့်ကြာမှုမရှိစေတော့ဘဲ အချိန်တိုအတွင်း အေးချမ်းစွာ လိုရာခရီးရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။
စိုးလင်းနိုင် (IPRD)

No comments:

Post a Comment