Tuesday, March 1, 2016

အယ်လ်နီညိုဖြစ်စဉ်အား ပူးပေါင်းဆောင်ရွက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး




The Mirror Daily's photo.


မန္တလေး ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီးအတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာမည့် အယ်လ်နီညိုဖြစ်စဉ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

''ဒီလိုသဘာဝဘေးအန္တရာယ်ဖြစ်တဲ့အခါမှာ အစိုးရအဖွဲ့တစ်ခုတည်းနဲ့ ဖြေရှင်းဆောင်ရွက်လို့မရဘူး။ ပြည်သူလူထုအတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ ပိုပြီးထိရောက်အောင်မြင်တာ။ ကျွန်တော်တို့မမြင်တဲ့ အရာတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကသာ ဆောင်ရွက်နိုင်တာ။ ၂ဝ၁ဝ တုန်းကကြုံခဲ့တဲ့ Heat Stroke ဖြစ်တဲ့အခါမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့မှုကြောင့် လူ့အသက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခု အယ်လ်နီညိုဖြစ်စဉ်ကိုလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ''ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာမည့် အယ်လ်နီညိုသည် မိုးလေဝသသတင်းထုတ်ပြန်ချက်များအရ မန္တလေးတိုင်းဒေသကြီးတွင် ရိုက်ခတ်မှုဖြစ်မည်ဟု သိချိန်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဇန်နဝါရီလမှစတင်၍ ကြိုတင်ပြင်ဆင်မှုများအဖြစ် အဖွဲ့များဖွဲ့စည်းကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအထိ ကွင်းဆင်းကာ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးအဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက် မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လျင်မြန်စွာဆောင်ရွက်နိုင်ရေး တို့ကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
(ထွန်းထွန်းနိုင်)

No comments:

Post a Comment