ရန်ကုန် ဖေဖော်ဝါရီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အနာဂတ်အတွက် ခေတ်နှင့်အညီ လူနေမှုအဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ရေးအတွက် အိမ်ရာစီမံကိန်းအဆောက်အအုံပေါင်း မြောက်မြားစွာတို့ကို အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဧရာဝဏ်လမ်းမကြီးနှင့် ရတနာလမ်းမကြီး ဘေးရှိ စီမံကိန်းဧရိယာ ဧက ၂၂ဝ မြေကွက်ပေါ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် စင်ကာပူနိုင်ငံမှ နည်းပညာယူ၍ ၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်ကာ အိမ်ရာများဆောက်လုပ်လျက်ရှိသည်။
စုစုပေါင်းအဆောက်အအုံ ၄၉ လုံးကို သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ကာ အပြီးတည်ဆောက်မည်ဖြစ်သည်။ အထပ်မြင့် ၁၈ ထပ် အိမ်ရာ အဆောက်အအုံတစ်လုံးလျှင် ဓာတ်လှေကား လေးစင်းပါရှိပြီး အရေးပေါ်မီးအချက်ပေး အလိုအလျောက်စနစ်တပ်ဆင်ထားသည်။ မီးဘေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း၊ စွန့်ပစ်ပစ္စည်းအမှိုက်များကို စွန့်ပစ်နိုင်ရန်အတွက် သီးသန့်စီမံဆောင်ရွက်ထားရှိခြင်း၊ သဘာဝမြေငလျင် ဒဏ်ခံနိုင်ရန်အတွက် တိုင်းတာဆောက်လုပ်ထားရှိခြင်း၊ မြေညီထပ်တွင် အခမ်းအနားကျင်းပနိုင်ရန်အတွက် ခန်းမနှင့် ယာဉ်များရပ်နားနိုင်ရန် ကားပါကင်နေရာကိုပါ ထည့်သွင်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆောက်အအုံ၏ တိုက်ခန်း၌ စတုရန်းပေ ၆ဝဝ အကျယ်ရှိ အိပ်ခန်းနှစ် ခန်းပါ အခန်းပေါင်း ၄ဝဝ၊ အဆောက်အအုံနှင့် စတုရန်းပေ ၆ဝဝ x စတုရန်း ပေ ၁၂ဝဝ အကျယ်ရှိ အိပ်ခန်းသုံးခန်းပါ အခန်းပေါင်း ၂၇၆ ခန်းရှိ အဆောက်အအုံတို့ကိုလည်း ဆောက်လုပ်ထားသည်။ ပဲခူးမြစ်၏ လေကောင်း လေသန့်နှင့် သဘာဝရှုခင်းကို ခံစားနေထိုင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ မြို့ပြဖွံ့ဖြိုးမှု အိမ်ရာအဆောက်အအုံသည် ၂၄ နာရီ ရေ၊ မီး၊ ဓာတ်လှေကားများ ကို သင့်တင့်သော ဝန်ဆောင်မှုရရှိနိုင်ခြင်းကြောင့် နွေးထွေးသောမိသားစုဘဝနှင့် နေထိုင်နိုင်ရေးအတွက် လုံခြုံစိတ်ချမှုရစေသောအိမ်ရာဖြစ်သည်။
၂ဝ၁၆ ခုနှစ်တွင် လူတိုင်းအိမ်ရာပိုင်ဆိုင်မှုရရှိစေရန် တန်ဖိုးအသင့်အတင့် ဧရာဝဏ်ရတနာအထပ်မြင့်အိမ်ရာကို C.H .D. B (အိုးအိမ်ဘဏ်)နှင့် ဆက်သွယ်၍ နှစ်ရှည်အရစ်ကျငွေပေးချေမှုစနစ်ဖြင့် သော်လည်းကောင်း၊ အပြီးချေစနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူနိုင်ပြီး တိုက်ခန်းဈေးနှုန်းမှာ ကျပ်သိန်း ၆ဝဝ ဝန်းကျင်ရှိမည်ဖြစ်သည်။ အခန်း ၄ဝဝ စီပါဝင်သည့် ၁၈ ထပ်အမြင့် အဆောက်အအုံငါးလုံးကို မတ်လအတွင်း တည်ဆောက်ပြီးစီးတော့မည်ဖြစ်သည်။ ပထမအဆင့်စီမံကိန်း၏ အခန်း ၂ဝဝဝ ကျော်ကို စတင်ရောင်းချတော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးမောင်မောင်လွင်ထံမှ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ မြေကွက်လပ်လွတ်ပေါ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် ပြည်သူများ အိုးပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးအသင့်အတင့်အိမ်ရာအဆောက်အအုံပေါင်းများစွာကို တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
(ဦးကျင်မောင်)
No comments:
Post a Comment