Tuesday, March 29, 2016

တေးအယ်လ်ဘမ်သစ်နဲ့ ဘေဘုတ်ရဲ့နံပါတ်တစ်နေရာကို ပထမဦးဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ဂွမ်စတစ်ဖန်နီ

The Mirror Daily's photo.
အမေရိကန်အဆိုတော် ဂွမ်စတစ် ဖန်နီရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘေဘုတ်ရဲ့ အကျော်ကြားဆုံးသော တေးသီချင်း ၂ဝဝ စာရင်းမှာ နံပါတ်တစ်နေရာကို ရယူထားနိုင်ခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ ယခုလို ဘေဘုတ်ရဲ့နံပါတ်တစ်နေရာကို ရယူ နိုင်ခဲ့ခြင်းဟာ ဂွမ်စတစ်ဖန်နီအတွက် ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်က စတင် ထုတ်လွှင့်ခဲ့တဲ့ ဂွမ်စတစ်ဖန်နီရဲ့ တတိယမြောက် ဆိုလိုတေးအယ်လ်ဘမ် ''This Is What the Truth Feels Like'' ဟာ လတ်တလောအချိန်အထိ တေးအယ်လ်ဘမ်ပေါင်း ၇၆ဝဝဝ ရောင်းချခဲ့ရပြီးဖြစ်ကာ ဘေဘုတ်ရဲ့ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တာဖြစ် ပါတယ်။
ဘေဘုတ်ပေါ်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တဲ့ ဂွမ်စတစ်ဖန်နီရဲ့အခြားသော တေးအယ်လ်ဘမ်တွေအဖြစ် ၂ဝဝ၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ ''Sweet Escape''ဟာ ထုတ်လွှင့်ခဲ့တဲ့ ပထမဦးဆုံးသီတင်းပတ်အတွင်းမှာ နံပါတ် သုံးနေရာမှာ ရောက်ရှိခဲ့ကာ ၂ဝဝ၄ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ ''Love.Angel.Music.Baby''ကတော့ နံပါတ်ငါးနေရာကို ရယူနိုင် ခဲ့ပါတယ်။
ဂွမ်စတစ်ဖန်နီဟာ သူပါဝင် လှုပ်ရှားခဲ့တဲ့ ရော့ခ်တေးဂီတအဖွဲ့ ''No Doubt''ရဲ့ တေးအယ်လ်ဘမ် ''Tragic Kingdom''နဲ့ ဘေဘုတ်ရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့ဖူးပေမယ့် တစ်ကိုယ်တော် တေးအယ်လ်ဘမ် အနေနဲ့တော့ ယခုတစ်ကြိမ်မှ ဘေဘုတ်ရဲ့ထိပ်ဆုံးနေရာကို ပိုင်ဆိုင် ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။ ''Tragic Kingdom''ဟာ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်တွေအတွင်းမှာ သီတင်းပတ် ကိုးပတ်ခန့် ဘေဘုတ်ရဲ့ ထိပ်ဆုံး နေရာကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့ တေး အယ်လ်ဘမ်တစ်ခုဖြစ်ပါတယ်။
ယခုသီတင်းပတ်အတွက် ဘေဘုတ် ရဲ့ နံပါတ်နှစ်နေရာမှာ ရပ်တည် နေခဲ့တဲ့ တေးအယ်လ်ဘမ်ကတော့ တေးသံရှင် ဂျော်ဒန်စမစ်သ်ရဲ့ ''Something Beautiful'' ဖြစ်ပြီး အလွန်အောင်မြင်ခဲ့တဲ့ ရီဟားနားရဲ့ တေးအယ်လ်ဘမ်သစ် ''Anti''က တော့ ယခုသီတင်းပတ်မှာ ဘေဘုတ်ရဲ့ နံပါတ်သုံးနေရာကို ရယူထားနိုင်ခဲ့ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment