Tuesday, March 29, 2016

ကုသိုလ်ဖြစ် တိုင်းရင်းဆေး ဆေးကုခန်းဖွင့်လှစ်




The Mirror Daily's photo.


ရန်ကုန် မတ် ၂၈

တိုင်းရင်းဆေးဖြင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင် ရန် မတ် ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) (၂၆) ရပ်ကွက် ပြည်ထောင်စုလမ်း အခွန်လွတ်ဈေး အနီးတွင် ကုသိုလ်ဖြစ်တိုင်းရင်းဆေး ကုခန်း ဖွင့်ပွဲကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးပေါညိမ်း နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဦးသောင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အသင်းဆိုင်းဘုတ်အား မြန်မာနိုင်ငံဆေးဆရာ အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးသန်းညွန့်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဦးသန်းညွန့် က အမှာစကားပြောကြားရာတွင် ဆေးကုခန်းဖွင့်လှစ်ခြင်းဖြင့် ရပ်ကွက်နေ ပြည်သူများအတွက် မြန်မာ့တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ကုသခွင့်ရရှိ မည်ဖြစ်သည်။

ဆေးခန်း ရေရှည်ရပ်တည်နိုင်ရေး နှင့် ယခုထက် ပိုမိုမြင့်မားအောင် ပြည်သူများ တိုင်းရင်းဆေးကို ပိုမိုအားကိုးအားထား ပြုလာနိုင်ရေးအတွက် စေတနာရှင်များက ဆက်လက် ပံ့ပိုးကူညီသွားခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် ဦးသောင်းလွင် နှင့် ဦးဝင်းကိုတို့ကလည်း ဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ဆေးခန်းဖြစ်ပေါ်လာပုံများကို ရှင်းလင်းပြော ကြားသည်။

ယခုဖွင့်လှစ်လိုက်သည့် ကုသိုလ်ဖြစ် တိုင်းရင်းဆေးကုသခန်းသို့ လာရောက်ကုသလိုသူများအတွက် ဆေးခန်းကို တနင်္လာနေ့မှ စနေနေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ၁ဝ နာရီအထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခင်မောင်ဝင်း)

No comments:

Post a Comment