Tuesday, March 1, 2016

ယခုနှစ် အယ်လ်နီညိုက သမိုင်းတစ်လျှောက် အားအကောင်းဆုံးဖြစ်၊ ပြည်သူများ သက်ဆိုင်ရာကြေညာချက်များကို သတိပြုလိုက်နာ၊ လာမည့်မဟာသင်္ကြန် ရေပြုန်းတီးမှုမရှိအောင် အထူးစောင့်ရှောက်



The Mirror Daily's photo.
သတင်းနှင့်ဓာတ်ပုံ - ဝင်းဝင်းမော်၊ မြတ်စန္ဒီ
အယ်လ်နီညိုဖြစ်စဉ်ဆိုသည်မှာ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်ပိုမိုပူနွေးခြင်းဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များလည်းပေါ်ပေါက်လေ့ရှိပြီး တစ်ကြိမ်ဖြစ်ပေါ်ပါက ၁၂ လမှ ၁၈ လ ခန့်ကြာမြင့်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံတွင် ၁၉၉၇-၁၉၉၈ ခုနှစ်က အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင်လည်း အယ်လ် နီညိုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြန်ရာ ယခုအယ်လ်နီညိုသည် သမိုင်းတစ်လျှောက် အားအကောင်းဆုံးဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က တွက်ချက်ခန့် မှန်းထားသည်။
တစ်ဆက်တည်းမှာပင် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် မုတ်သုံမိုးရွာသွန်းမှု နည်းခြင်း၊ ဆောင်းရာသီတွင်အအေးပေါ့ခြင်း၊ နွေရာသီတွင် နေပူချိန်မြင့်မားခြင်းစသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ စိုက်ပျိုးရေး၊ အစားအစာဖူလုံရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်း သွားလာရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများ၌ သက်ရောက်မှုများဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာပညာရှင် များကလည်း သုံးသပ်ခန့်မှန်းထားကြသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုဖြစ်စဉ်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာ နိုင်သည့် အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား မြန်မာ့သတင်းစဉ် က သွားရောက်မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက် ရပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုဖြစ်စဉ်နဲ့ ဖြစ်ပေါ်လာမယ့် အကျိုးသက် ရောက်မှုတွေကို သုံးသပ်ပြောကြားပေးပါဦးဆရာ။
ဖြေ။ ။ အထူးသဖြင့် ဒီနှစ်ဆိုရင် မီးလောင်တာ အလွန်များတယ်။ နေရာအနှံ့လည်း လောင်နေတယ်။ အဓိပ္ပာယ်က အပူချိန်ကတက်လာတယ်။ မိုးရွာသွန်းမှုက လျော့ကျတယ်။ ဒါဆိုရင် အရာအားလုံးက လောင်စာဖြစ်တာပဲ။ မီးကိုအလွယ်တကူလောင်စေတာပေါ့။ အယ်လ်နီ ညိုဟာ မီးလောင်ခြင်းကိုအားပေးတယ်လို့ ပြောချင်တယ်။ တကယ်တမ်း ပူပြင်းခြောက်သွေ့တဲ့ရာသီကို မရောက်သေး ဘူး။ ဆောင်းရာသီကတည်းက မီးက နွေလိုလောင်နေတယ်။
လာမယ့် မတ်လ၊ ဧပြီလဆို နွေကိုရောက်လာပြီဖြစ်တယ်။ သူ့သဘာဝအရကိုက မြန်မာနိုင်ငံရဲ့နွေရာသီတွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပူနေတယ်။ ဒီအထဲမှာမှ ဒီနှစ်က အယ်လ်နီညိုဖြစ်တယ်။ ဖြစ်တဲ့အယ်လ်နီညိုကလည်း မြန်မာ့သမိုင်းမှာ အားအကောင်းဆုံးဖြစ်တယ်။
ဒါကြောင့် အပူချိန်တွေက သေချာပေါက်မြင့်တက်ပြီးတော့ ပူပြင်းခြောက်သွေ့မယ်။ ပူပြင်းမှုကို အခုကတည်းက တွေ့နေရပြီ။ မြန်မာနိုင်ငံမှာ ဆောင်းရာသီမကုန်သေးတဲ့ ဖေဖော်ဝါရီလထဲမှာကို နေ့အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်၊ ၁ဝ၄ ဒီဂရီဖာရင်ဟိုက်ကျော်တဲ့ ဒေသတွေက အကုန်လုံး နီးပါးပါပဲ။
မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ အောက်ဘက်မှာ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်အနောက်ဘက် ဆင်းသွားရင် မွန်၊ ကရင်၊ တနင်္သာရီတွေမှာ နေ့အပူချိန်က ၄ဝ ဒီဂရီစင်တီဂရိတ်ကျော်နေပြီ။ နောက်လဆန်းတာနဲ့ အပူချိန်တွေ တဖြည်းဖြည်းတက်တော့မယ်။ နွေရဲ့သဘာဝ က နေ့အပူချိန်တွေက တစ်နေ့ထက်တစ်နေ့ ပိုမြင့်လာတာ ပဲ။ အလယ်ပိုင်းဒေသတွေဆိုရင် ၄၅ ဒီဂရီစင်တီဂရိတ် လောက်တက်သွားမယ်။
ရန်ကုန်ဆိုရင် ၄ဝ/၄၁ ဒီဂရီစင်တီဂရိတ်လောက်ရှိတော့ မီးလောင်ခြင်းကို အလွန်အားပေးတဲ့အနေအထားကို အယ်လ်နီညိုကြောင့်မို့ ရောက်ရှိနိုင်တဲ့အတွက် ဒါက မီးလောင်ခြင်းကို ဆက်စပ်မှုရှိနိုင်တာကြောင့် တောရောမြို့ပါ မီးကိုအထူးဂရုစိုက်ဖို့ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ အယ်လ်နီညိုဖြစ်စဉ်အပေါ် အများပြည်သူတွေ ဘယ်လိုမျိုးကြိုတင်ပြီးတော့ ကာကွယ်ထားသင့်တယ် ဆိုတာ သိပါရစေဆရာ။
ဖြေ။ ။ ကာကွယ်ရမှာ တော်တော့ကိုလုပ်ယူရမယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်တယ်ဆိုတာရယ်၊ အယ်လ်နီညိုက ဘာဖြစ်တတ်လဲဆိုတာရယ်၊ ဘယ်လို နေရာတွေမှာ ထိခိုက်တတ်လဲဆိုတာရယ် အကြမ်းအားဖြင့် အယ်လ်နီညိုရဲ့ထိခိုက်မှုတွေက ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုကြုံတွေ့ရမယ်။
ဒီလိုနွေရာသီမျိုးကြုံတွေ့ရင် ကျန်းမာရေး၊ စိုက်ပျိုးရေး ပြဿနာက ကြီးထွားနိုင်တယ်။ နောက်ပြီးတော့ ပူပြင်း ခြောက်သွေ့တယ်ဆိုကတည်းကိုက သေချာပေါက်ရေရှား တော့မယ်။ ဒါကြောင့် ဒုတိယပြဿနာက ရေရှားပါးမှု ပြဿနာ၊ ရေပြတ်လပ်မှုပြဿနာ ကြုံတွေ့ရမယ်။
ပူပြင်းခြောက်သွေ့တဲ့ အနေအထားကြောင့် မိုးနည်းပြီး အပူချိန်မြင့်နေတာကြောင့် စိုက်ပျိုးတဲ့လယ်ကွင်းတွေ၊ သီးနှံကွင်းတွေက အောင်မြင်ဖို့ တော်တော်အခွင့်အရေး နည်းတယ်။ အခြေအနေမကောင်းရင် သေကျေပျက်စီးမှု တောင်ဖြစ်နိုင်တယ်။ ဒါကြောင့် တတိယကတော့ စိုက်ပျိုး ရေးပေါ့။
စတုတ္ထကတော့ ကျန်းမာရေးကဏ္ဍပေါ့။ အခုပြောခဲ့ သလိုပဲ အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ရာသီဥတုကို ဖြစ်တတ်တယ်။ အပူနဲ့ပတ်သက်တဲ့ပြဿနာပေါ့။ ဒါက မြန်မာပြည်မှာ အဖြစ်များတယ်။ ၂ဝ၁ဝ ပြည့်နှစ်တုန်း ကလည်း ဒီလိုပူပြင်းတဲ့နွေရာသီဖြစ်ဖူးတယ်။ မန္တလေးမှာ Heat Stroke ရလို့ သေတဲ့လူက ၁ဝဝ ကျော်အထက်မှာ ရှိတယ်။ ဒီနှစ်မှာလည်း ဒါတွေအလွန်စိုးရိမ်ရပါတယ်။
ဒီထက် ပိုဆိုးနိုင်တာက အလွန်ပူပြင်းတဲ့ရာသီဥတုကြောင့် ဗိုင်းရပ်စ်အသစ်တွေ ပေါ်လာတတ်တာပေါ့။ ဒီနှစ်ဆိုရင် ပူပြင်းခြောက်သွေ့တဲ့ရာသီကို အဆိုးရွားဆုံး ခံစားရတဲ့ နိုင်ငံဟာ တောင်အမေရိကတိုက်က ဘရာဇီး နိုင်ငံပေါ့။ အဲဒီမှာပြီးခဲ့တဲ့နှစ်ကတည်းက ရာသီဥတု ဖောက်ပြန်မှုကြောင့် ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်ပြီး ကုရာ ဆေးလည်းမရှိသေးတဲ့ ဇီကာဗိုင်းရပ်စ်ဖြစ်တယ်။
ဒီဗိုင်းရပ်စ်က လူတွေကိုကူးစက်ရင် ယေဘုယျ သွင်ပြင်ရောဂါလက္ခဏာအနေနဲ့ တုပ်ကွေးနဲ့တူတယ်။ ဆိုးတာက ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေကို ကူးစက်လာရင်တော့ မွေးဖွားလာတဲ့ကလေးဟာ Óဏ်ရည်မမီတဲ့ ဦးခေါင်းသေးရောဂါရတတ်တယ်။ ဘရာဇီးနိုင်ငံတစ်နိုင်ငံ တည်းမှာကို ကူးစက်ခံရတဲ့ ဦးရေက တစ်သန်းနဲ့သုံးသိန်း ရှိတယ်။ ပိုဆိုးတာက ဒီဗိုင်းရပ်စ်က တခြားနိုင်ငံတွေကို ပျံ့နေပြီ။ ၂၅ နိုင်ငံအထိ ပျံ့နှံ့နေတယ်လို့ သိရတယ်။
အဆိုးဆုံးကတော့ ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေပါနေတယ်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့ပါနေတယ်။ ဒီတော့ ဒီလိုကူးစက်ပျံ့နှံ့လာနိုင်မှုက အလားအလာ တအားများတယ်။ ဒီဗိုင်းရပ်စ်က ခြင်က တစ်ဆင့် ကူးတာဖြစ်တဲ့အတွက် ခြင်ပေါက်ပွားမှုများပြားတဲ့ မိုးဦးကျလိုရာသီမှာ ခြင်ကိုက်မခံရဖို့ အရေးကြီးတယ်။
နောက်ပြဿနာကတော့ မီးလောင်တာပဲ။ မီးလောင်တာ တအားများရတဲ့အထဲမှာ အယ်လ်နီညိုကြောင့် ပူပြင်း ခြောက်သွေ့နိုင်တဲ့အတွက် မီးလောင်ခြင်းကိုဖြစ်စေတယ်။ ဒီကဏ္ဍအားလုံးက ကိုယ်နဲ့ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် တွေပေါ့၊ ကာကွယ်ကြရမှာပဲဖြစ်တယ်။ ဥပမာအားဖြင့် ပူပြင်းမှုဒဏ်ရောဂါမရဖို့ဆိုရင် အပူအန္တရာယ်အကြောင်း သိဖို့လိုတာပေါ့။ ဒါလည်း ဒီနှစ်အတွက် အားရစရာ ကောင်းတာက အစိုးရရဲ့ကျန်းမာရေးဌာနက ကြေညာပေးနေတယ်။ ဒါလေးတွေကို သေချာဖတ်ပါ။ လိုက်နာပါ။ နောက် ရေရှားပါးမှုကျတော့လည်း နှစ်နည်းပေါ့။
ရေကိုရနိုင်သမျှစုဆောင်းရမယ်။ ဥပမာအားဖြင့် မိုးရွာလာရင် အဲဒီရွာတဲ့မိုးရေတွေကို အလဟဿအဖြစ် မခံဘဲ တတ်နိုင်သမျှ ရေအဖြစ်စုဆောင်းနိုင်အောင်လုပ်ဖို့လိုတယ်။ ဒီလိုပြောလိုက်လို့ ဒါဟာ အသေးအဖွဲလို့ မထင်ပါနဲ့။ အမေရိကန်လိုနိုင်ငံမျိုးတောင် ဒီလိုပဲ လုပ်ရတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာဆိုရင် မိုးခေါင်နေတာ ငါးနှစ်ရှိပြီ။ ရေက တအားရှားနေတယ်။ ဒီတော့ ဥပဒေ တွေအမျိုးမျိုးထုတ်ပြန်တယ်။ သစ်ပင်တွေ ရေများ စွာဖျန်းပက်တာလျှော့ပါတို့၊ ရေမဖြုန်းပါနဲ့တို့၊ မြင်ရင်အရေး ယူမယ်တို့ အစရှိသဖြင့်ပေါ့။
ဒီနှစ်က အယ်လ်နီညိုဖြစ်တော့ သူတို့လိုနိုင်ငံတွေမှာတော့ မိုးရွာတဲ့ဓလေ့ရှိတယ်။ ဒီအခါမှာ မိုးရွာတုန်း ရေခံလုပ်နိုင်ကြဖို့အတွက် အစိုးရပိုင်းက လှုံ့ဆော်တဲ့အပြင် မိသားစုတစ်စုရှိတဲ့ အိမ်တစ်လုံးချင်းစီကို အစိုးရ ဦးဆောင်ပြီးတော့ ရေတိုင်ကီနှစ်လုံးစီ ဝေပေးတယ်။
မိုးရွာရင်ရေခံဖို့၊ ဒီလိုမျိုးလုပ်ရတဲ့ အစဉ်အလာတွေရှိတယ်။ ဒါကြောင့် ဒီမှာလည်း ဒီနှစ်အယ်လ်နီညိုဟာ မိုးရွာ သွန်းနိုင်တဲ့ အခြေအနေလည်းရှိနေတာကြောင့် ရွာတဲ့ အချိန်မှာ မိုးရေကို တတ်နိုင်သမျှစုပါ။ နောက်ပြီးတော့ ရေသုံးလျှော့ပါ၊ ရေကို မဖြုန်းတီးပါနဲ့။
မကြာခင် သင်္ကြန်ကာလကိုရောက်ရှိတော့မှာမို့လို့ ရေကို ဗုံးပေါလအော မီးသတ်ပိုက်ကြီးတွေနဲ့ ပက်တာ တွေက ဂါလန်ပေါင်းသိန်းချီပြီးတော့ သုံးနေတာတွေကိုတော့ တတ်နိုင်သမျှလျှော့ချဖို့ တာဝန်ရှိတဲ့သူတွေက ကြီးကြပ် စေချင်တယ်။ ဒါက လူထုကလုပ်ရမယ့် အလုပ်တွေဖြစ်ပြီး ကျန်းမာရေးအသိ၊ အပူအန္တရာယ်အသိ၊ ရေရရှိရေးအသိ စတာတွေကို အစိုးရဌာနတွေက ကြေညာပေးတယ်။ ဒီနှစ် ဒါတွေကို ကြည့်ပြီးတော့ အားရတယ်။ ဒီနှစ် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မီးသတ်အစရှိသဖြင့် ဆောင်ရန် ရှောင်ရန် အလုပ်တွေကို တိုင်းပြည်ကဆောင်ရွက်နေတယ်။
ဒီတော့ လူထုကို ဘာလုပ်ရမလဲလို့မေးခဲ့တာကိုဖြေရ ရင် သက်ဆိုင်ရာဌာနတွေက ကြေညာပေးနေတဲ့ ကြေညာ ချက်တွေကို သေသေချာချာလိုက်နာပါလို့ အကြံပြုချင် ပါတယ်။
မေး။ ။ အခုဆိုရင် အယ်လ်နီညိုနဲ့အတူ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းဟာလည်း ဘယ်လိုအခြေအနေရှိ သွားမလဲ။ ပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုသတိပြု ဆင်ခြင်သင့်တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ အလွန်မြင့်မားနေတာက မြန်မာနိုင်ငံမှာဖြစ်ပြီး ဒါတွေကို ဆရာတို့လည်း အစောကြီးက မသိခဲ့ဘူး။ ၂ဝဝ၉ ခုနှစ် အငြိမ်းစားယူပြီး အချိန်တွေရလာတဲ့အခါ ကြည့်လိုက်တော့ သတိထားမိတယ်။ ဘယ်လောက်အထိ မြင့်လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ကို အညွှန်းကိန်းနဲ့ပြရာမှာ သုညက နေ ၁၁ အဆင့်အထိ ယေဘုယျအားဖြင့် သုံးတယ်။
ခရမ်းလွန်ရောင်ခြည်ရဲ့ သုညအဆင့်ကတော့ ညအခါ နေမထွက်တဲ့အခါမှာရှိတယ်။ နေရောင်ခြည်မြင့်လာတဲ့ အချိန်မှာ မြင့်လာလေလေ ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းက တက်လာလေလေပဲ။ ကမ္ဘာပေါ်မှာ ယေဘုယျအားဖြင့် အညွှန်းကိန်းကို ၁၁ အထိ သုံးတယ်။ ရှစ်ကိုကျော်သွားရင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတယ်။ ၁၁ ကနေ ကျော်သွားရင်တော့ အလွန့်အလွန်မြင့်မားတယ်။ ကမ္ဘာ မှာ ၁၁ ထိ သုံးရတာ အလွန်နည်းတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက မနှစ်ကဆိုရင် ၁၅၊ ၁၆ အထိရှိတယ်။ အလွန်အန္တရာယ်ကြီးတယ်။
ဒီနှစ်အနေနဲ့ပြောရရင် လတ်တလောမှာ တရားဝင် နွေရာသီမရောက်သေးပေမယ့် မြန်မာပြည်မှာရှိတဲ့အဆင့်က အလွန်မြင့်နေပြီ။ တချို့ရက်တွေမှာ မြန်မာနိုင်ငံတောင် ပိုင်းဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီတို့မှာ လွန်ကဲတဲ့ အဆင့်တွေရှိနေတယ်။ သူက အန္တရာယ်ပေးနိုင်တာ လေးမျိုးလောက်ရှိတယ်။ အဆင့်လွန်ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအဆင့်ကို အရေပြားပေါ်မှာ ကြာကြာထိမိရင် ပထမဦးဆုံးစဖြစ်တဲ့ရောဂါက နေလောင်တာဖြစ်တယ်။
ဒီနေလောင်တာက သိပ်ဆိုးသွားရင် အရေပြား ကင်ဆာဖြစ်တယ်။ နောက်ခရမ်းလွန်ရောင်ခြည်ဟာ လျှပ်စစ်သံလိုက်လှိုင်း ရိုက်ခတ်နှုန်း မြင့်မားလာတဲ့အခါ လူရဲ့မျက်လုံးကို ထိခိုက်စေတယ်။ အားပြင်းပြင်းနဲ့ ကြာကြာထိခိုက်ခံရရင် အမျိုးသား အမျိုးသမီးတွေ သား သမီးမရနိုင်တဲ့ရောဂါရရှိမယ်။ အရင်ဆုံး အများဆုံးကြုံ ခဲ့တဲ့နေရာက တောင်အာဖရိကဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် မြင့်မားမှုကြောင့် ရောဂါရရှိခဲ့တဲ့ အရေအတွက်က သန်း ၂ဝ အထက်မှာရှိတယ်။ ဒါကြောင့် ဒီမှာလည်း အထူးသတိထားပါ။ ခြောက်သွေ့တော့ တိမ်တွေမရှိတဲ့အတွက် အကာအကွယ်မဲ့သွားတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက ပိုပြီးဖြစ်တယ်။ လိုအပ်တဲ့ကာကွယ်မှုတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အဓိကကတော့ ကျန်းမာရေးပြဿနာပါပဲ။
မေး။ ။ အယ်လ်နီညိုဖြစ်စဉ်နဲ့အတူ ဖြစ်ပေါ်လာမယ့် အပူချိန်အမြင့်ဆုံးအခြေအနေကို ဘယ်ဒေသတွေက ပိုပြီး သတိထားရမလဲ။
ဖြေ။ ။ အပူချိန်ကတော့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးအတွက် အန္တရာယ်ရှိတဲ့အဆင့်ရောက်တဲ့ နေရာတိုင်းက အပူကိုသတိထားရမှာချည်းပဲ။ ယေဘုယျအားဖြင့် အပူချိန် အမြင့်မားဆုံးဒဏ်ခံရတဲ့ဒေသ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသ တွေဖြစ်တဲ့ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ မွန်တို့ဖြစ်တယ်။ ကျန်တဲ့နေရာတွေက အပူဒဏ်နဲ့ပတ်သက်ရင် နည်းနည်း လျော့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ဆိုရင် ဒါတွေက အဓိကကျတယ်။
လောလောဆယ်က ရေရှားပါးမှုက တစ်နိုင်ငံလုံး လောက်ဖြစ်လာပြီ။ အရင်တုန်းကတော့ အလယ်ပိုင်း လောက်ပဲ။ ဒီနှစ်ရေရှားတဲ့နေရာတွေက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းနဲ့ ကယားပြည်နယ်တွေက အဓိကရေရှားပါးမှု အဆိုးဆုံးကြုံနေရတယ်။ နောက်ပိုင်းမှာ ရေရှားပါးမှုဒဏ်ကို ဘယ်နေရာဆက်လာမလဲဆိုတော့ ရန်ကုန်ပါလာမယ်။ အထူးသဖြင့် ရန်ကုန်တစ်ဖက်ကမ်း ဒလပေါ့။ အနည်းဆုံး တိုင်းဒေသကြီးနဲ့ပြည်နယ် ခုနစ်ခု၊ ကျေးရွာပေါင်း နှစ်ထောင်လောက်က ရေပြတ်လပ်မှုကို ကြုံတွေ့ရမယ်။ အနည်းဆုံး သုံးလေးလလောက် ကြုံတွေ့ ရမယ်။
မေး။ ။ ပြီးခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်နဲ့ ယခုလက်ရှိ အယ်လ်နီညိုဖြစ်စဉ်အပေါ် သုံးသပ်ပေးပါဆရာ။
ဖြေ။ ။ အချိန်ကာလက သိပ်မကွာဘူး၊ အင်အားကကွာတယ်။ သမိုင်းတစ်လျှောက်ဖြစ်ခဲ့သမျှ အယ်လ်နီညို အားလုံးထဲမှာ ဒီနှစ် အယ်လ်နီညိုက အားအကောင်းဆုံးပဲ။ဘယ်နှစ်နဲ့ယှဉ်ယှဉ် ဒီနှစ်က ပိုပြီးပြင်းတယ်။ အယ်လ်နီညို ဖြစ်စဉ်ကာလက ၁၂ လကနေ ၁၈ လအထိ ကြာတတ်တယ်။
မေး။ ။ မြစ်ရေကြီးမှုတွေ၊ ငလျင်လှုပ်မှုတွေကလည်း အယ်လ်နီညိုဖြစ်စဉ်နဲ့ ဆက်စပ်ပါသလားဆရာ။
ဖြေ။ ။ သိပ်တော့ပြောလို့ မရသေးဘူး။ ဒါပေမယ့် သိရသလောက်ပြောရရင် အယ်လ်နီညိုကြောင့် ဒီနှစ် မြန်မာနိုင်ငံမှာ ကြုံတွေ့ရမယ့်ရာသီဥတုက နည်းနည်းပုံစံ ဆန်းတယ်။ အရင်တုန်းက မိုးနည်းတာပဲ ဆရာတို့ပြောတယ်။ ဒီနှစ်က အဲဒီလိုမခန့်မှန်းထားဘူး။ မြန်မာနိုင်ငံရဲ့ ဒီနှစ်ဖြစ်လာနိုင်တဲ့ရာသီဥတုပုံစံက မိုးတွင်းမှာ တချို့ နေရာက မိုးတွေတအားများတယ်။ တချို့နေရာမှာ မိုးတွေ တအားနည်းမယ်။ ဒါမျိုးပုံစံလည်း ဖြစ်နိုင်တယ်။ ဒါက ထူးဆန်းတယ်။
နောက်တစ်မျိုးက နေရာတစ်နေရာထဲမှာ တချို့ရက်တွေ မိုးတွေတအားရွာတယ်။ တချို့ရက်တွေမှာ မိုး မရွာဘူး။ ဒါမျိုးလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာက မိုးများတယ်ဆိုတာကလည်း အစွန်းရောက် သွားတာပဲ။ မိုးသိပ်နည်းတယ် ဆိုတာကလည်း အစွန်း ရောက်သွားတယ်။ ဒါကို ဆရာတို့က အစွန်းရောက်ရာသီ ဥတုလို့ခေါ်တယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် ပျက်စီးတာပဲ။
မိုးသိပ်များရင်လည်း ပျက်စီးတာပဲ၊ မိုးနည်းရင်လည်း ပျက်စီးတာပဲ။ မိုးသိပ်များမယ်ဆိုရင် သေချာပေါက် လိုက်လာတာက ရေကြီးတာပဲ။ ရေကြီးတာနဲ့ပတ်သက်ပြီး ရေကြီးတဲ့ တစ်ချက်ပြောချင်တာက မနှစ်ကရေကြီးမှု အတွေ့အကြုံအရ မြန်မာနိုင်ငံအထက်ပိုင်း တောတောင် တွေရှိတဲ့ ချင်း၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်စတဲ့ ဒေသတွေမှာ မိုးနည်းနည်းလေး ရွာလိုက်တာနဲ့ ရေကြီးတယ်။
တောင်ကျရေကျတယ်။ အရင်တုန်းက တောင်ကျရေ မကျဘူး။ အခု တောင်ကျရေ ရှိတယ်။ ရေကမြင့်ရာကနေ နိမ့်ရာကိုစီးတယ်။ အရင်တုန်းက စီးတဲ့ရေကို သဘာဝ အဟန့်အတားတွေက တားဆီးထားတယ်။ သစ်တောတွေ ရှိတယ်။ မြေပြင်ပေါ်မှာ ချုံပုတ်တွေ၊ သစ်ပင်တွေရှိတယ် ဆိုတော့ ရွာတဲ့မိုးကို သစ်တောကလည်း ဖမ်းထိန်းတယ်။ အောက်ကရှိတဲ့မြေကလည်းထိန်းတယ်။ သစ်ပင်၊ ဝါးပင် တွေကလည်း ခံထားတော့ ဘယ်တော့မှ တောင်ကျရေ ဆိုတာမကျဘူး။ အခု သစ်တောမရှိ၊ တောင်တွေက ကတုံးတွေဖြစ်နေတော့ မိုးကရွာချရင် ရွာသမျှမိုးရေက အမြင့်ကအနိမ့်ကို ဆင်းတာပဲ။ တောင်ကျရေများရင် သေချာပေါက် အနိမ့်ပိုင်းမှာ ရေကြီးမှုဖြစ်နိုင်တယ်။ အယ်လ်နီညိုနဲ့ရေကြီးမှု ဒီလိုနည်းနဲ့ဆက်စပ်နေတယ်။
အယ်လ်နီညိုက မိုးကောင်းတဲ့နေရာတွေဖြစ်ပေါ် နိုင်တယ်။ အဲဒီကောင်းတဲ့နေရာက တောင်ကုန်းတွေ ဖြစ်နေရင် သစ်တောမရှိတဲ့အတွက် အခြေအနေက ဆိုးသွားနိုင်တယ်။ ဒီရေကြီးမှုကို လျှပ်တစ်ပြက်ရေကြီး မှုလို့ခေါ်တယ်။ သိပ်မြန်တယ်။ ခဏလေးနဲ့တက်တယ်။ ဒီလိုလျှပ်တစ်ပြက်ရေကြီးပြီဆိုရင် လူလည်းသေနိုင်တယ်။ ပျက်စီးမှုလည်း များနိုင်တယ်။ ဒီနှစ် ပိုအရေးကြီးတာက ချင်းပြည်နယ်ပဲ။ ချင်းပြည်နယ်ရဲ့မြေသားအနေအထားက တော်တော်လေးယိုယွင်းနေတယ်။ အကယ်၍ မိုးကအားပါ ပြီး ချင်းပြည်နယ်လိုနေရာမှာ သဲသဲမဲမဲရွာလိုက်ရင် သေချာပေါက်မြေပြိုမှုကို ကြုံတွေ့ရလိမ့်မယ်။ ဒီအယ်လ်နီ ညိုက တော်တော်သတိထားရမယ့် နှစ်တစ်နှစ်လို့ ပြောချင်ပါတယ်။
မေး။ ။ ပြည်သူလူထုကို အသိပေး၊ သတိပေးစကား နည်းနည်းလောက် ပြောပေးပါ။
ဖြေ။ ။ သဘာဝဘေးအန္တရာယ်ကိုပဲ ဆွေးနွေးသည်ဖြစ်စေ၊ ရာသီဥတုပြောင်းလဲခြင်းကိုပဲ ဆွေးနွေးသည်ဖြစ်စေ ဒါ တွေကို ရင်ဆိုင်တုံ့ပြန်တဲ့နေရာမှာ မဖြစ်မနေလိုအပ်တာ ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုပဲ။ ပထမဆုံး လိုအပ်တာကတော့ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သက်တဲ့ သဘာဝဘေးတွေအတွက် လူထုသိဖို့၊ ပွင့်လင်း မြင်သာမှုရှိဖို့၊ သတင်းအချက်အလက်တွေကောင်းနေရင် လူထုမှာ အလိုအလျောက် အသိ၊ သတိ ပူးပေါင်းပါဝင်မှု တွေရှိလာမယ်၊ ညီညွတ်လာမယ်။
အရင် နာဂစ်မုန်တိုင်းမတိုက်ခင်တုန်းက ကျွန်တော့် အနေနဲ့ လူထုကိုပြောကြားမှုက အခါအားလျော်စွာပဲ ရှိခဲ့တယ်။ အခုတော့ အဆက်မပြတ်ပြောနေတယ်။ ပြောသလောက်လည်း အကျိုးရှိတာတွေ့ရတယ်။ လူထုကြားမှာ စိမ့်ဝင်သွားရင် အရေးပါမှန်း သိလာတယ်။ ဒါကြောင့် လူထုတာဝန်က တတ်နိုင်သလောက် အသိ၊ သတိနဲ့ ပူးပေါင်းပါဝင်ကြဖို့ ပြောကြားလိုပါတယ်။
အားလုံးခြုံပြောရင် အယ်လ်နီညိုကြောင့် ကဏ္ဍငါးခုမှာ သတိထားဖို့လိုတယ်၊ (၁)ရေရှားမယ်၊ (၂)ပူပြင်းမယ်၊ (၃)လယ်ယာအထွက်လျော့မယ်၊ (၄)ကျန်းမာရေးကူးစက် ရောဂါဖြစ်နိုင်တယ်၊ (၅)သဘာဝဘေးကြုံမယ်။ အားလုံးက ပြည်သူနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတာပဲ၊ တချို့အရာတွေက ပြည်သူပါမှရမယ်။
လုပ်ရမယ့်အလုပ်က အခု ရေရှားတယ်ဆိုရင် အစိုးရက ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး ကြေညာပေးရ တယ်။ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ကဏ္ဍအလိုက် သက်ဆိုင်ရာက ကြေညာပေးနေတယ်။ လူထုရဲ့တာဝန် က ဒီကြေညာချက်တွေကို သေချာလိုက်နာဆောင်ရွက်ပါ။ တစ်ယောက်ချင်းလုပ်ရမှာကတော့ မီးဘေးအန္တရာယ်ကို ဝိုင်းဝန်းဆောင်ရွက်ကြပါ။ အထူးမှာချင်တာက လာမယ့်မဟာသင်္ကြန်လိုကာလမှာ မိမိသည် ရေကိုဖြုန်းတီးသူ တစ်ယောက်မဖြစ်အောင် စောင့်ရှောက်နေထိုင်ကြပါ။
ယခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ ။

No comments:

Post a Comment