Wednesday, March 30, 2016

ရီးယဲလ်မက်ဒရစ်ရဲ့ရလဒ်ဆိုးတွေအတွက် ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့

The Mirror Daily's photo.
ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်မှူး အစ္စကိုက ရီးယဲလ်အသင်း၏ လက်ရှိရလဒ်ဆိုးများအတွက် သူနှင့်အသင်းဖော် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကိုသာ အပြစ်တင်နေသည်မှာ မျှတသည့်ဝေဖန်မှုမဟုတ်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပြီဖြစ်သည်။ ရီးယဲလ်မက်ဒရစ်သည် ယခုနှစ်ဘောလုံးရာသီ၌ ဘာစီလိုနာ၊ အက်သလက်တီကိုတို့ကဲ့သို့ လာလီဂါ အင်အားကြီး ပြိုင်ဘက်များကို အသာမရခဲ့ဘဲ ရလဒ်ပိုင်းဆိုးရွားနေရာ အစ္စကိုနှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့နှစ်ဦးအား ရလဒ်ဆိုးများ၏ အဓိကတရားခံအဖြစ် အမာခံပရိသတ်များနှင့် မီဒီယာများက ရှုမြင်နေကြသည်။
သို့သော်အစ္စကိုက ''တကယ်ဆို အသင်းတစ်သင်းမှာ အကုန်လုံးအတူတူ ဝင်ရောက်ကစားနေကြတာပါ။ ဒါကို ကျွန်တော်တို့နှစ်ယောက်တည်းကို သက်သက်ခွဲထွက်ပြီး ရလဒ်ဆိုးတွေ သယ်လာတဲ့သူလို ဆက်ဆံနေတာကတော့ မတရားပါဘူး။ သေချာတာကတော့ အခုရီးယဲလ်မှာဖြစ်ပျက်နေတာတွေက ကျွန်တော်ရော၊ ဂျိမ်းစ်ရောရဲ့ အမှားတွေ ကြောင့် မဟုတ်ပါဘူး'' ဟု ဆိုလိုက်သည်။
သို့သော် ကိုလံဘီယာကစားသမားဟောင်း အက်စ်ပီလာက ရီးယဲလ်မက်ဒရစ်တွင် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ခြေစွမ်းမပြသနိုင်ခြင်းမှာ ပရိသတ်များ၏ ချစ်ခင်နှစ်သက်မှုမရရှိခြင်းကြောင့်သာဖြစ်ပြီး ကိုလံဘီယာအသင်းအတွက် ကစားပေးသော ခြေစွမ်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသော ခြေစွမ်းကွာခြားချက်ကိုနှိုင်းယှဉ်ကြည့်လျှင် သိနိုင်ကြောင်းဆိုခဲ့သည်။ ဂျိမ်းစ်သည် ၂ဝ၁၄ ခုနှစ်တွင် ပြင်သစ်ပထမတန်းကလပ်မိုနာကိုမှ ရီးယဲလ်သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း၈ဝဖြင့်ရောက်ရှိလာခဲ့သူဖြစ်ပြီး ပထမရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီအစတွင် ကြွက်သားစုတ်ပြဲဒဏ်ရာရရှိသွားပြီး နောက်ပိုင်း ပုံမှန်ခြေစွမ်းအောက်ရောက်ရှိသွားခဲ့သည်။
အက်စ်ပီလာကမူ ဘင်နီတက်ဇ်နှင့် ဇီဒန်းတို့နှစ်ဦးစလုံး ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား အကောင်းဆုံးပံ့ပိုးမှုမပေးနိုင်သောကြောင့် အန်စလော့ တီလက်ထက်က ခြေစွမ်းမျိုး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပြစ်တင်လိုက်သည်။ အစ္စကိုမှာလည်း ပြီးခဲ့သည့်နှစ်က ခြေစွမ်းမျိုးမရရှိတော့ဘဲ ယင်းမှာ ဘင်ဇီမာ၊ ဂါရတ်ဘေးလ်၊ စီရိုနယ်လ်ဒို၊ လူကာမိုဒရစ်နှင့် တိုနီခရူးစ်တို့ကိုသာ ဦးစားပေးရွေးချယ်သော ဇီဒန်း၏ ရွေးချယ်မှုကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း စပိန်မီဒီယာများက အလေးပေးဖော်ပြလာကြသည်။
ဆွာရက်ဇ်ရင့်ကျက်လာပြီဟု တာဘရက်ဇ်ချီးကျူး
ချီလီနီအား ကိုက်ခဲ့ခြင်းကြောင့် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာခဲ့သူ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်မှာ ယခင်ကကဲ့သို့မဟုတ်ဘဲ ရင့်ကျက်သည့်ကစားသမားတစ်ဦးဖြစ်လာပြီဖြစ်ကြောင်း ဥရုဂွေးလက်ရွေးစင် အသင်းနည်းပြ တာဘရက်ဇ်က ချီးကျူးခဲ့သည်။ ဆွာရက်ဇ်သည် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီနောက်ခံလူ ချီလီနီအား ကိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာပွဲစဉ်ကိုးပွဲ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပြီးနောက် ပထမဆုံးကစားခွင့်ရသည့် ပွဲစဉ်မှာပင် ဘရာဇီး အသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သည်။
တာဘရက်ဇ်က ဆွာရက်ဇ်အနေဖြင့် ကစားသမားတစ်ဦး၏ အကောင်းဆုံးအသက်အရွယ်ရောက်ရှိလာချိန်တွင် ပိုမို ရင့်ကျက်လာခဲ့ပြီဖြစ်ကြောင်း၊ ယခင်က အမှားအချို့ပြုလုပ်ခဲ့ဖူးသော်လည်း ယခုအခါ ကစားကွင်းထဲရောက်ရှိသွားချိန်တွင် ကစားဖော်များအတွက် မည်သို့အကျိုးပြုရမလဲဆိုသည်ကိုသာ ပိုမိုအလေးထားလာကြောင်း၊ အကောင်းဆုံးခွန်အားနှင့် ကစားအား ရှိသူဖြစ်သလို သူ၏လုပ်ဆောင်ခဲ့မှုများအပေါ် အသင်းဖော်များကလည်း အပြစ်တင်မည်မဟုတ်ကြောင်း ဆိုခဲ့သည်။
ကွန်တီရောက်လာလျှင်လည်း ချယ်လ်ဆီးသို့ပြောင်းရွှေ့မည်မဟုတ်ဟု ဘိုနူချီဖွင့်ဟ
ဂျူဗင်တပ်ဗဟိုနောက်ခံလူ ဘိုနူချီက ချယ်လ်ဆီးအသင်းအား အီတလီလက်ရွေးစင်နည်းပြ ကွန်တီကိုင်တွယ်လျှင်လည်း ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အတိအလင်းပင်ပြောကြားလိုက်ပြီဖြစ်သည်။ ဘိုနူချီမှာ ကွန်တီ ဂျူဗင်တပ်အသင်းနည်းပြအဖြစ် ဆောင်ရွက်စဉ်ကတည်းကပင် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး အီတလီအသင်းကို ပြောင်းလဲကိုင်တွယ်ချိန်တွင်လည်း ကွန်တီ၏ အနှစ်သက်ဆုံးကစားသမားတစ်ဦးအဖြစ် ဆက်လက်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ကွန်တီ ချယ်လ်ဆီးသို့ရောက်ရှိလာလျှင် ဘိုနူချီအား ဦးစားပေးခေါ်ယူမည်ဟု အင်္ဂလန်မီဒီယာများက အသားပေးရေးသားနေကြရာ ဘိုနူချီက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
မက်ဆီထက် နေမာနှင့်သာ တွဲဖက်ကစားရန်ဆန္ဒရှိဟု လူးကပ်စ်မော်ရာ ဖွင့်ဟ
ပီအက်စ်ဂျီတောင်ပံတိုက်စစ်မှူး လူးကပ်စ်မော်ရာက ဘာစီလိုနာတိုက်စစ်မှူး နေမာ ပီအက်စ်ဂျီသို့ ရောက်ရှိလာလျှင် သူ၏ နေရာအတွက် ခြိမ်းခြောက်မှုရှိလာမည်ကိုသိသော်လည်း မက်ဆီထက်စာလျှင် နေမာနှင့်သာ တွဲဖက်ကစားလိုကြောင်း ဖွင့်ဟပြောကြားလိုက်သည်။ ပီအက်စ်ဂျီ အသင်းသည် ပြည်တွင်းအောင်မြင်မှုများကို လေးနှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီးနောက် ဥရောပစာမျက်နှာတွင် အောင်မြင်မှုထပ်မံရှာဖွေရန် ကြိုးပမ်းလာပြီဖြစ်ရာ ကမ္ဘာ့ကြယ်ပွင့်ကစားသမားများဖြစ်သည့် မက်ဆီ၊ စီရိုနယ်လ်၊ ဘင်ဇီမာ၊ လီဝမ်ဒေါစကီးတို့ကို ခေါ်ယူရန် အားထုတ်လာ ခဲ့ခြင်းဖြစ်သည်။
မော်ရာက သူ့အနေဖြင့် တွဲဖက်တိုက်စစ်ကစားသမားများအဖြစ် ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီး၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့နှင့် တွဲဖက်ကစားရန် ဆန္ဒရှိသော်လည်း အများထဲမှတစ်ဦးကိုသာ ရွေးချယ်ပါဆိုလျှင် နေမာကိုသာရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ပြင်သစ်ရုပ်သံလိုင်း Canal+ နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။ ယခုနိုင်ငံတကာပွဲစဉ်များကြောင့် လိဂ်ပြိုင်ပွဲများ ခေတ္တရပ်နားချိန်တွင် ပီအက်စ်ဂျီအသင်းသည် ကမ္ဘာ့အားကစားလောက၌ ပုံရိပ်မြင့်မားသည့်ကစားသမားကို ခေါ်ယူရန် ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာသောကြောင့် မော်ရာက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment