Tuesday, March 29, 2016

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လွှတ်တော်ကအတည်ပြု



 
 


နေပြည်တော်   မတ်   ၂၈

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ၌ကျင်းပရာ    နိုင်ငံတော်သမ္မတအဖြစ်  ရွေးချယ် တင်မြှောက်ခံထားရသူက အဆိုပြု တင်ပြထားသော      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ၏  အမည်စာရင်းနှင့်  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ အမည်စာရင်းအား အတည်ပြုကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တင်ပြထား သည့်   ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၏ အမည်စာရင်းအား ၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(ခ)ပါ သတ်မှတ် ထားသည့်    အရည်အချင်းများနှင့် ပြည့်စုံခြင်းမရှိကြောင်းကို မတ်လ ၂၆ ရက်  နောက်ဆုံးထားကန့်ကွက်ရန် ကြေညာခဲ့သော်လည်း ကန့်ကွက်ခြင်း မရှိသည့်အတွက်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးလှသိန်း၊  ကော်မရှင်အဖွဲ့ဝင်များ အဖြစ်   ဦးအောင်မြင့်၊  ဦးစိုးရယ်၊ ဦးထွန်းခင်နှင့်  ဦးလှတင့် စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ထို့နောက်     ပြည်ထောင်စု လွှတ်တော်နာယက က  နိုင်ငံတော် သမ္မတအဖြစ်  ရွေးချယ်တင်မြှောက် ခံထားရသူက     တင်ပြထားသည့် နိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၏ အမည် စာရင်းကို ၂ဝဝ၈  ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၃ ပါ သတ်မှတ်ထားသည့်   အရည်အချင်း များနှင့်  ပြည့်စုံခြင်းမရှိကြောင်းကို မတ်လ   ၂၅   ရက် နောက်ဆုံးထား ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ရာ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်     ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ခုံရုံးအဖွဲ့ဝင် ကိုးဦး အနက်     ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ကို    ခန့်အပ် တာဝန်ပေးရန်    လျာထားမှုအပေါ် ကန့်ကွက်ကြောင်း    အဆိုတင်သွင်း ထားကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ကိုးဦးအနက်  ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့ကို   ခန့်အပ် တာဝန်ပေးရန်   လျာထားမှုအပေါ် ကန့်ကွက်ကြောင်း       အဆိုကို  တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်    ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက   ဖတ်ကြားတင်သွင်း သည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့က  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ   ၃၃၃   (ဃ)(၄)တွင် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်း ရှိသော  ပညာရှင်အဖြစ်   နိုင်ငံတော် သမ္မတကယူဆသူဟူသည့် အချက် တစ်ချက်ပါဝင်ကြောင်း၊  ထို့ကြောင့် နိုင်ငံတော်သမ္မတအဖြစ်   ရွေးချယ် တင်မြှောက်ခံထားရသူက   ထင်ပေါ် ကျော်ကြားသူအဖြစ်     ယူဆသည့် အတွက် ခုံရုံးအဖွဲ့ဝင်များကို ရွေးချယ် ပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ  ၃၂၈ တွင်  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့် စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံ တော်သမ္မတက  စုစည်းအမည်စာရင်း တင်သွင်းသည့်      ပုဂ္ဂိုလ်များအား နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ်  ခန့်အပ် တာဝန်ပေးရန်  ငြင်းပယ်ခွင့်မရှိစေရ ဟု   ပြဋ္ဌာန်းထားပါကြောင်း၊   အဆို တင်သွင်းသည့်     တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၃၃ (ဃ)(၄)သည်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်     ဥက္ကဋ္ဌတို့ မှ  ရွေးချယ်တင်မြှောက်သူများနှင့် မသက်ဆိုင်ကြောင်းကို ပြောကြားခဲ့ပါ ကြောင်း၊ သို့ရာတွင် ယခုခုံရုံးအဖွဲ့ဝင် ကိုးဦးကို   နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်သွင်းရခြင်းဖြစ်ပြီး   လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးမှ    ရွေးချယ်ပေးရခြင်း ဖြစ်ပါကြောင်း။

လွှတ်တော်ဥက္ကဋ္ဌများမှ ရွေးချယ် ပေးသူများကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အတည်ပြုစုစည်း၍    ပြည်ထောင်စု လွှတ်တော်သို့    တင်ပြရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၃၃၃ (ဃ)(၄)သည် ခုံရုံးအဖွဲ့ဝင်များအဖြစ် ရွေးချယ်ထားသူ    ကိုးဦးစလုံးနှင့် သက်ဆိုင်ပါကြောင်း၊    ထို့ကြောင့် ကန့်ကွက်ချက်သည်    ခိုင်မာမှုမရှိပါ ကြောင်း၊    ပြည်ထောင်စုလွှတ်တော် ဆိုင်ရာနည်းဥပဒေ  ၃ဝ၊   ၂၇(ခ)ပါ ကြေညာချက်အရ ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်သည် ကန့် ကွက်ကြောင်းအဆိုကို  နာယကထံ တင်သွင်းရမည်၊ ယင်းအဆိုနှင့်အတူ မိမိကန့်ကွက်လိုသော   ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ် ထားသော    အရည်အချင်းများနှင့် မပြည့်စုံကြောင်း       ခိုင်လုံသော  သက်သေအထောက်အထား   ပူးတွဲ တင်ပြရမည်ဟု ဖော်ပြထားပါကြောင်း၊ ယခုအဆိုတွင် ခိုင်လုံသောသက်သေ အထောက်အထား   တင်ပြထားခြင်း မရှိပါကြောင်း၊   ထို့ကြောင့် အဆိုကို နာယကအနေဖြင့် ပယ်ဖျက်နိုင်သော် လည်း   အဆိုရှင်၏    တင်ပြချက်ပါ ပွင့်လင်းမြင်သာမှုရှိအောင်    မဲခွဲ ဆုံးဖြတ်ရန် ရည်ရွယ်ထားပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်    တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး    ထွန်းလင်းဦး ၏   ခုံရုံးအဖွဲ့ဝင်   ကိုးဦးအနက်မှ ဒေါ်ခင်ဌေးကြွယ်အား    ကန့်ကွက် ကြောင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ် ရာ  ထောက်ခံမဲ ၁၉၅ မဲ၊ ကန့်ကွက်မဲ ၄၃၅ မဲ၊   ကြားနေမဲလေးမဲရရှိပြီး ကန့်ကွက်မဲများသည့်အတွက်  အဆို ကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်သည်။

ယင်းနောက် ဦးတွာလ်ကျင်ပေါင် အား   ကန့်ကွက်ကြောင်း   အဆိုကို လက်ခံဆွေးနွေးရန်    သင့်/မသင့် လွှတ်တော်၏  အဆုံးအဖြတ်ရယူရာ   ထောက်ခံမဲ ၁၉၆ မဲ၊  ကန့်ကွက်မဲ ၄၃၂ မဲ၊   ကြားနေမဲ   ငါးမဲရရှိပြီး ကန့်ကွက်မဲများသည့်အတွက် အဆို ကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်သည်။

ယင်းနောက်    ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက အဆိုပြုတင်ပြထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးမျိုးညွန့်၊ အဖွဲ့ဝင်များအဖြစ် ဦးညီညီ၊  ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေး ကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုး နွယ်နှင့်   ဦးကျော်ဆန်း  စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော် ကသဘောတူကြောင်း ကြေညာသည်။

ဒုတိယအကြိမ်   ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို မတ် ၃ဝရက် နံနက်ပိုင်းတွင်    ဆက်လက်ကျင်းပ သွားရန်   လျာထားကြောင်း    သိရ သည်။                   (သတင်းစဉ်)

No comments:

Post a Comment