Tuesday, March 29, 2016

တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းမကြီးရေစီးရေလာကောင်းရေး စုပေါင်းဆောင်ရွက်


The Mirror Daily's photo.
ရန်ကုန် မတ် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်း ကျိုက္ကဆံချောင်း ဖြတ်သန်းစီးဆင်းနေရာ အဆိုပါချောင်းအတွင်းသို့ စီးဝင်သော သစ္စာလမ်းမကြီး ရေနုတ်မြောင်းရေစီး ရေလာကောင်းရေးအတွက် မတ် ၂၆ ရက်က ပိတ်ဆို့အမှိုက်၊ နုန်း၊ သဲများအား ဆယ်ယူရှင်းလင်းနေကြောင်း ယင်းလုပ်ငန်းခွင်မှ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးက ပြောသည်။
''သစ္စာလမ်းမကြီးက အမှတ် (၆) ရပ်ကွက်နဲ့ အမှတ် (၉) ရပ်ကွက် နယ်နိမိတ်ကို ပိုင်းခြားထားတဲ့ လမ်းမ ကြီးပါ။ သစ္စာလမ်းမကြီးရဲ့ ရေနုတ် မြောင်းက ကျိုက္ကဆံချောင်းထဲကို စီးဝင်သွားတယ်''ဟု ၄င်းက ရှင်းပြသည်။
အဆိုပါလုပ်ငန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးစောဝင်းမောင်၊ အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က ကြီးကြပ်၍ အရှေ့ပိုင်းခရိုင် နယ်နိမိတ် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ပြီး စီမံရေးရာဌာန၊ လမ်းနှင့် တံတားဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ သန့်ရှင်း ရေးဌာနတို့မှ အင်အား တစ်ရာကျော် ဖြင့် အမှတ် (၆)ရပ်ကွက် မီးသတ် ရေကန်ပတ်လည်မှ ချုံနွယ်၊ မြက်ပင် နှင့် အမှိုက်များအား ရှင်းလင်းပြီး သစ္စာလမ်းမကြီး ရေစီးရေလာကောင်း ရေးအတွက် သဲ၊ နုန်းအမှိုက်များအား ဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
(မောင်သုည)

No comments:

Post a Comment