Tuesday, March 1, 2016

အကယ်ဒမီဆုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်တဲ့ လီရိုနာဒိုဒီကာပရီယို


The Mirror Daily's photo.
''Romeo and Juliet''နဲ့ ''Titanic''ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ရင်း မင်းသားငယ်တစ်ဦး အဖြစ်မှ ဟောလိဝုဒ်ရဲ့ကျော်ကြားတဲ့ ထိပ်တန်းမင်းသားဖြစ်လာခဲ့တဲ့ လီရိုနာဒိုဒီကာပရီယိုဟာ ယခုနှစ်ရဲ့ အကယ်ဒမီပေးပွဲကြီးမှာတော့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနဲ့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပထမဦးဆုံးသော အကယ်ဒမီဆုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမ်တီဗီနယူးစ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်က ကယ်လီဖိုးနီးယားပြည်နယ် ဟောလိဝုဒ်ရှိ ဒေါ်လ်ဘီ သီရေတာမှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲရယ်လို့လူသိများတဲ့ အကယ်ဒမီပေးပွဲမှာ လီရိုနာဒိုဟာ ယခုနှစ်အတွင်း ရုံတင်ပြသခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ရပ်တည်ခဲ့ဖူးတဲ့ သူ့ရဲ့ရုပ်ရှင်သစ် ''The Revenant''နဲ့ သူ့အတွက် ပထမဦးဆုံးသော အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အနုပညာသက်တမ်းတစ်လျှောက် အကယ်ဒမီဆုအတွက် ငါးကြိမ်တိုင်တိုင် ဆုလျာထားစာရင်းမှာ ဖော်ပြခြင်းခံခဲ့ရပေမယ့် အကယ်ဒမီနဲ့လွဲခဲ့ရသည်ချည်းဖြစ်ခဲ့ပြီး ယခုအကြိမ်မှ ပိုင်ဆိုင်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။
လီရိုနာဒိုခေါင်းဆောင်ပါဝင်ခဲ့တဲ့ ရုပ်ရှင် ''The Revenant''ဟာ ယခုနှစ်အော်စတာဆု ပေးပွဲကြီးမှာ ဆုပေါင်း ၁၂ဆုအတွက် လျာထားခြင်းခံခဲ့ရပေမယ့် အကယ်ဒမီဆုသုံးဆုကိုသာ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ယင်းရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို လီရိုနာဒိုက ပိုင်ဆိုင်ခဲ့ပြီး အခြားသောအကယ်ဒမီဆုတွေဖြစ်ကြတဲ့ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဓာတ်ပုံဆုတို့ကိုလည်း အဆိုပါရုပ်ရှင်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ယခုနှစ် အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ''Room'' ရုပ်ရှင်နဲ့ ဘယ်လီလာဆန်က ရရှိခဲ့ပြီး အကောင်းဆုံးဇာတ်ပို့ဆု(အမျိုးသား)ကို မာ့ခ်ရဲလန့်စ်က လည်းကောင်း၊ အကောင်းဆုံးဇာတ်ပို့ဆု(အမျိုးသမီး)ကို အလီရှာဗီကန်ဒါကလည်းကောင်း အသီးသီး ရရှိခဲ့ကာ အခြားသောရုပ်ရှင်ထူးချွန်ဆုများကိုလည်း ချီးမြှင့်ပေးခဲ့ရာ စုစုပေါင်း ဆုအမျိုးအစား ၂၄ မျိုးအတွက် ထူးချွန်သူများကို ယခုနှစ်ရဲ့အော်စကာဆုပေးပွဲကြီးဖြစ်တဲ့ (၈၈)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကြီးမှာ ရွေးချယ်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
(အေးပြည့်)

No comments:

Post a Comment