Tuesday, March 1, 2016

မြန်မာ့နှလုံးသားပရဟိတအသင်း ဦးစီးတည်ထောင်သူ မိုးစက်ဝိုင် နှင့် တွေ့ဆုံခြင်း

The Mirror Daily's photo.
နှစ်ပေါင်း ၅ဝ ကျော် မြန်မာနိုင်ငံနှင့်ဝေးကွာခဲ့သော Miss Universe ပြိုင်ပွဲကြီးနှင့်ပြန်လည်မိတ်ဆက်ပေးခဲ့သည့် Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင်သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မြန်မာ့နှလုံးသားပရဟိတအသင်း(Myanmar's Heart Charity Group)ကို ဦးစီးတည်ထောင်ခဲ့သည်။ ယခုအခါ ပရဟိတအလုပ်များ ပိုမိုလုပ်ဆောင်ဖြစ်နေသော မိုးစက်ဝိုင်နှင့်တွေ့ဆုံချိန်တွင် သူတည်ထောင်ခဲ့သော ပရဟိတအသင်းနှင့် လတ်တလောအနုပညာလှုပ်ရှားမှုများအကြောင်းမေးမြန်းရာ ကြေးမုံပရိသတ်ကြီးထံ ပြန်လည်မျှဝေလိုက်ရပါသည်။
လတ်တလောအနုပညာလှုပ်ရှားမှု လုပ်ဖြစ်တာတွေက…
မိုးစက် Ve Ve ကြော်ငြာရိုက်တယ်။ တခြားကြော်ငြာတွေလည်းရိုက်ဖြစ်ပါတယ်။
လုပ်ဖြစ်တဲ့ ပရဟိတအလုပ်တွေရော…
ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြို့ပင်ကောက်ဘက်သွားဖို့ရှိတယ်။ သင်္ခရိုင်ရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မိဘမဲ့ကလေးတွေအတွက် လှူထားတဲ့ကျောင်းဆောင် ရေစက်ချပွဲသွားမှာပါ။ မနှစ်က အဲဒီကျောင်းကိုရောက်တဲ့အချိန် ကျောင်းသားတွေတအားများပြီး ကျောင်းဆောင်တစ်ဆောင်ပဲ ရှိတယ်။ အဲဒါနဲ့လှူဖြစ်သွားတာ။ တစ်နှစ်ကြာတဲ့အခါကျောင်းဆောင်ပြီးလို့ ရေစက်ချပွဲသွားမှာ။ ရောက်တဲ့ အခါ ရွာသူရွာသားတွေနဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲနဲ့ ကစားပွဲလေးတွေ လုပ်ပေးမယ်။ လှူဒါန်းမှုက ကျောင်းဆောင်နဲ့ တခြားပစ္စည်းတွေအပါအဝင်ဆိုရင် ငွေကျပ် သိန်းလေးရာကျော် ရှိပါပြီ။
ဒီအလှူအတွက် မြန်မာ့နှလုံးသားပရဟိတအသင်း(Myanmar's Heart Charity Group) ကို ဦးစီး တည်ထောင်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ…
မိုးစက်တို့ မြန်မာ့နှလုံးသားပရဟိတအသင်း(Myanmar's Heart Charity Group)အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ အစအဆုံးစီစဉ်တဲ့ အလှူတစ်ခုဖြစ်တယ်။ မိုးစက်တို့အဖွဲ့အနေနဲ့ ပထမဆုံး ဖြစ်တယ်။ အလှူငွေကောက်တာကအစ ကျောင်းဆောင် ဆောက်တာ၊ ရေစက်ချတာအထိ မိုးစက် သွားမယ်။ ဒီအတွက်တကယ်ဂုဏ်ယူမိတယ်။ ပရဟိတအဖွဲ့မှာ ပါဝင်တဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးစိတ်အားတက်ကြွစွာနဲ့ ရည်မှန်းချက်တစ်ခုကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့တဲ့ အတွက် ပီတိလည်းဖြစ်မိပါတယ်။
ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ…
မန္တလေးက Alpine မဏ္ဍပ်သွားမယ်လို့ စီစဉ်ထားပါတယ်။ ရန်ကုန်မှာလည်း တစ်ရက်၊ နှစ်ရက် လောက်နေရင်လည်းနေဖြစ်မယ်။ နေဖြစ်ရင်တော့ သူငယ်ချင်းတွေနဲ့ပေါ့။
မိုးစက်ကျောင်းထားပေးခဲ့တဲ့ ကလေးသုံးယောက်ရော တက္ကသိုလ်တက်နေကြပြီလား…
သူတို့သုံးယောက်စလုံး အဆင်ပြေပါတယ်။ မကြာသေးမီက သူတို့ထဲက တင်တင်ဌေးနဲ့ အဆက်အသွယ် ရပါတယ်။ ကျောင်းအပ်တာနဲ့ပတ်သက်ပြီး အကူအညီတောင်းလို့ မိုးစက် အကူအညီပေးလိုက်ပါတယ်။
ပရိသတ်တွေကို ပြောလိုတာကရော-
မိုးစက်တို့ မြန်မာ့နှလုံးသားပရဟိတအသင်း (Myanmar's Heart Charity Group) မှာ ဘယ်သူမဆိုပူပေါင်းပါဝင်နိုင်ပြီး မွန်မြတ်တဲ့ ပရဟိတအလုပ် တွေနဲ့ ကုသိုလ်ယူကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ ပရိသတ် တွေအားလုံးကို ကျေးဇူးတင်ပါ တယ်။
မင်းလှသား

No comments:

Post a Comment