Wednesday, March 30, 2016

အကယ်ဒမီမှာ သူတို့ရင်ခုန်ကြလေပြီ၊ အကယ်ဒမီဆုပေးပွဲကြီး ကျင်းပရန် ငါးရက်သာလိုတော့သည်





တွေ့ဆုံမေးမြန်း - ခင်ဇာလီ
ဓာတ်ပုံ - မီချီကိုဟန်

၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ် နှစ်နှစ်ပေါင်းပေးမယ့် ဆုပေးပွဲကြီးမှာ ပရိသတ်များ၏ တစ်ကြိုပေးခြင်းခံရသည့် အနုပညာရှင်များစွာထဲမှ တချို့နှင့်တွေ့ဆုံခိုက် သူတို့၏ရင်ခုန်သံစကားများကို ရုပ်ရှင်ချစ် ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါသည်။

အကယ်ဒမီလူမင်း
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)


ဒီနှစ်မှာတော့ ကိုယ့်အနုပညာ၊ ကိုယ့်အတွက်၊ အနုပညာရှင် တစ်ယောက်အနေနဲ့ အကယ်ဒမီဆုကို ရင်ခုန်ဖို့ထက် ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဒီအကယ်ဒမီပေးပွဲ စီစဉ်ဖို့ကိုပဲ အစ်ကို့ခေါင်းထဲမှာ အာရုံများနေ ပါတယ်။ အစ်ကို့အတွက်ဆိုတာ ဒုတိယနေရာမှာပဲရှိတာပါ။ ဒါပေမယ့် အနှစ်၂ဝ ကျော်အောင် အနုပညာကို တကယ့်ရင်ထဲက နှလုံးသားထဲက ချစ်လို့၊ မြတ်နိုးလို့ လုပ်နေတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်အနုပညာကို အသိအမှတ်ပြုခံရတဲ့ အကယ်ဒမီဆိုတာကို တကယ်ကို လိုချင်ပါတယ်။ ပြောရမယ်ဆိုရင် လူပြောများ၊ ထင်ကြေးပေးခံရပြီး လွဲခဲ့တဲ့နှစ်တွေလည်းများပြီ။ အစ်ကိုနောက်ဆုံးအကယ်ဒမီရခဲ့တာ ၂ဝဝ၅ ခုနှစ်ဆိုတော့ အစ်ကိုမရခဲ့တာ ၁၁ နှစ်ရှိပြီဆိုတော့လည်း လိုချင်မှုက တကယ်ကို အရိုးဆုံးဝန်ခံရရင်ရှိပါ တယ်။ ရခဲ့မယ်ဆိုရင်တော့ ဝမ်းသာပါ တယ်။ အစ်ကိုတို့က အနုပညာရှင်မို့ လို့သာ အကယ်ဒမီပေးချိန်တန်ရင် အကယ်ဒမီလိုချင်တာပါ။ ဒါပေမယ့် အစ်ကိုတို့ သရုပ်ဆောင်မယ့်ဇာတ်ကား တစ်ကားကို ရွေးချယ်တယ်ဆိုရင် ဒီဇာတ်ကောင်စရိုက်ပေါ်နဲ့ ပရိသတ် အတွက်ပဲ စေတနာထားပြီး အစ်ကိုတို့ သရုပ်ဆောင်ခဲ့ကြတာချည်းပါပဲလေ။ အဲလိုကိုယ့်ရဲ့သရုပ်ဆောင်မှုကို အသိအမှတ်ပြုပြီးတော့ ဒီလိုအကယ်ဒမီထင်ကြေးပေးခံရတယ်ဆိုတာလည်း အနုပညာရှင်တိုင်းပါပဲ။ အစ်ကိုမှ မဟုတ်ပါဘူး။ ပရိသတ်ရဲ့ အားပေးသံ ကြားတာနဲ့တင် အားလုံးက ပျော်နေကြပါပြီ။

အကယ်ဒမီပွဲအတွက်က ကျန်တဲ့ ရက်ပိုင်းအတွင်းမှာ တော်တော်လုပ်ရမှာပါ။ စီစဉ်တာတွေကတော့ အားလုံးပြီးသွားပါပြီ။ လက်တွေ့စင်မြင့် ဆောက်တာတို့ အကတိုက်တဲ့သူတွေလည်း တိုက်နေကြပြီ။ သီချင်း လေ့ကျင့်တဲ့သူတွေကလည်း လေ့ကျင့်နေကြပြီ။ အကဲဖြတ်တဲ့လူကြီးတွေကလည်း အကဲဖြတ်ပြီးတော့ စိစစ်ရွေးချယ်မှုတွေ အတွက်လည်း ပြီးသွားပြီ။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာလည်း ဖိတ်စာတွေကိုဝေတော့မယ် ဆိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ တစ်ဆင့်ပြီးတစ်ဆင့် အားလုံးပြီးသွားမှာပါ။ ဖိတ်စာကအစ ဖျော်ဖြေမူတွေပါ အားလုံး မနှစ်ကနဲ့မတူအောင် ကွဲပြားအောင် စီစဉ်ထားပြီးပါပြီ။

အကယ်ဒမီရန်အောင်

အကယ်ဒမီနဲ့ပတ်သက်ပြီး အစ်ကို က ရင်ခုန်ရမှာလား။ ခုန်တယ်။ (ရယ်လျက်) ဘယ်လိုပဲဖြစ်ဖြစ်လေ နှစ်နှစ်ပေါင်းပေးတယ် ဆိုတော့ အစ်ကိုတို့ကားလေးလည်း ပါတယ်လေ။ ပါတဲ့အခါကျတော့ အစ်ကိုတို့လည်း ရင်ခုန်ရပါတယ်။ အစ်ကိုမှ မဟုတ်ပါဘူး။ ဒီနှစ်နှစ်စလုံးမှာပါတဲ့ အနုပညာရှင်တွေအားလုံး ရင်ခုန်ကြ မှာပဲလေ။

အကယ်ဒမီ ပြေတီဦး

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် မရဘူးလို့ပဲ စိတ်ထဲမှာ မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမယ်လို့ မျှော်လင့်ပြီးမှ မရဘူးဆို စိတ်ညစ် နေမှာစိုးလို့လေ။ အဲတော့ ကိုယ့်ကိုယ်ကိုယ် မရနိုင်ဘူးလို့ သတ်မှတ်ထားလိုက်တော့ စိတ်မညစ်ရတော့ဘူး။ ပရိသတ်တွေကရမယ်လို့ မျှော်လင့်ရင်တော့ မျှော်လင့်တဲ့အတိုင်း ဖြစ်ရင်တော့ ပိုကောင်းပါတယ်။

အကယ်ဒမီ ဒါရိုက်တာဝိုင်း

အစ်ကိုကတော့ ထူးထူးခြားခြား ရင်မခုန်ပါဘူး။ အစ်ကို့ထက်စာရင် အစ်ကို့ဇာတ်ကားမှာပါတဲ့ မရဖူးသေးတဲ့သူတွေ စက်မှုပိုင်းဆိုင်ရာက လူတွေကို ရစေချင်တယ်။ အစ်ကို့ အမြင်အရ အစ်ကို့ကားမှာပါတဲ့သူတွေ အားလုံး သူတို့မှာရှိတဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းဟူသမျှကို ကြိုးစားပြီးပြီလို့ ထင်ပါတယ်။ အားလုံးကိုလည်း ပရိသတ်က လက်ခံပေးပြီးသားပါ။ အစ်ကိုရမယ်လို့ ပရိသတ်က မှန်းထားတာကို ကျေးဇူးတင်တယ်။ သူတို့ ရင်ထဲထိအောင် ရိုက်နိုင်တဲ့သူ တစ်ယောက်မို့ ဒီလိုမှန်းပေးတယ်လို့လည်း အစ်ကိုယူဆပါတယ်။ ကျန်တာကတော့ ဆုရွေးချယ်ရေးအပိုင်းနဲ့ပဲဆိုင်မှာပါ။

အကယ်ဒမီ အိန္ဒြာကျော်ဇင်

အကယ်ဒမီပွဲမှာ အစ်မကရတဲ့ သူတွေကိုသွားအားပေးမှာပါ။ ''မောင့်အိမ်သူ''ဇာတ်ကားနဲ့ အကယ်ဒမီပြေး နေတယ်ဆိုပေမယ့် နှစ်တိုင်း အိန္ဒြာ ကျော်ဇင်ကတော့ နာမည်ထွက်နေတာပဲလေ။ ပြီးတော့ ဟုတ်တာလည်း မဟုတ်ပါဘူး။ အစ်မကတော့ မမျှော် မှန်းထားပါဘူး။ ပရိသတ်ကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ ရစေချင်မှာပဲလေ။ ပရိသတ်ကြီးကိုလည်း ပြောထား ပါတယ်။ အစ်မလိုပဲ စိတ်ကိုလျှော့ထား ပါလို့။ တအားကြီး မမှန်းကြပါနဲ့လို့။ မတော်တဆရခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ရှင်။ ပရိသတ်ကြီး က ရစေချင်တဲ့စိတ်တွေနဲ့ ပြောကြတယ်။ မှန်းကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပသည့် ၂ဝ၁၄၊၂ဝ၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃ ရက်၌ ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပ တော့မည်ဖြစ်သည်။

မြန်မာ့ရုပ်ရှင်အနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်း ရုံတင်ပြသခွင့်ရပြီး အကယ်ဒမီဆုအတွက် မျှော်လင့်ရမည့် ဇာတ်ကား ၁၇ ကားမှာ ၃၉ ဗိုက်ပူ၊ မာကြီးရှည်၊ မာယာပရောဂျက်၊ အချစ်များနဲ့ဖန်ဆင်းမယ်၊ ခိုးခိုးခစ်ခစ်၊ မော်ဒန်ရာဇဝင်၊ အဆုံးမဲ့အချစ်၊ တိုက်ဆိုင်မှုရှိခဲ့လျှင်၊ နှလုံးသားဖြင့် ပြုလုပ်သည်၊ အောင်မြင်ကျော်ကြား စူးရှထက်မြက်၊ သက်တံသစ်၊ ကိုတင့်တို့ စူပါရပ်ကွက်၊ အွန်လိုင်းပေါ်က ဝိညာဉ်၊ လော်မင်္ဂလာ၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း၊ ရည်းစားဦးနှင့် အသက်ကိုအသက်ထက်ပိုချစ်သည် တို့ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အတွင်း ပြသခွင့်ရပြီး အကယ်ဒမီဆုအတွက် မျှော်လင့်နိုင်မည့် ဇာတ်ကား ၁၃ ကားမှာ မဟာဆန်တဲ့မာယာမျက်နှာဖုံး၊ အောင်ဘာလေ၊ ချစ်စံအိမ် ၂ဝ၂၈၊ လူကြီးမင်းခင်ဗျာ၊ ကျွန်မက နှင်းဆီပါ မောင်၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား၊ ကျူးပစ်ရဲ့ ကျေးကျွန်များ၊ မောင့်အိမ်သူ၊ ကျွန်မရည်းစားဘုရား မှာနေသည်၊ မင်္ဂလာလှည်း၊ နက္ခတ် မှားတဲ့တိုက်ပွဲ၊ ဤအရာကိုအချစ်လို့ ခေါ်သလားနှင့် ရောင်နီဦးရဲ့ အလင်းရောင်နှင့်အတူတို့ဖြစ်သည်။ ။

No comments:

Post a Comment