Wednesday, March 2, 2016

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အားပေးလုပ်ဆောင်ကြရမည်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှပေးပို့သော
၂ဝ၁၆ခုနှစ်၊ မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားသဝဏ်လွှာ


ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား-

ယနေ့အချိန်အခါသည် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားကြီးများအား အထူးအလေးအနက်ထားပြီး ဂုဏ်ပြုသတ်မှတ်ထားရှိသည့် ''သမိုင်းဝင် နေ့ထူးရက်မြတ် တောင်သူလယ်သမားနေ့'' ဖြစ်ပါသည်။ ဤသို့ အစဉ်အလာကြီးမားသော နေ့ထူးရက်မြတ်အချိန်တွင် တောင်သူလယ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့ ပြည့်စုံကြလျက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆက်လက်ပိုမိုတိုးတက်အောင်မြင် ဖြစ်ထွန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်အရ ပြည်သူလူထုကိုယ်တိုင်ပါဝင်ဆန္ဒပြုခဲ့ကြပြီး ပထမအကြိမ်ရွေးချယ်တင်မြှောက်ခဲ့သော မိမိဦးဆောင်သည့် အစိုးရ၏ သက်တမ်းကာလ ငါးနှစ်တင်းတင်းပြည့် မြောက်တော့မည့် အချိန်ကာလသို့ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိတော့မည် ဖြစ်ပါသည်။ ဒုတိယအကြိမ် ပြည်သူလူထုကိုယ်တိုင် ဆန္ဒပြုပါဝင်ရွေးချယ်ခဲ့သည့် အစိုးရထံသို့ နိုင်ငံ့တာဝန်များကို စနစ်တကျချောမွေ့စွာဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည့် ကာလဖြစ်ပါသည်။

 မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကြီးကို အဓိကအခြေခံ မှီခိုအားထား နေရဆဲဖြစ်သည့် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ လူဦးရေ အချိုးအစား ၇ဝ ရာခိုင်နှုန်းကျော်ပါဝင်သည့် တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အထူးအလေးထားပြီး စဉ်ဆက်မပြတ်အားပေးကြိုးပမ်း လုပ်ဆောင်ပေးကြရမည်ဖြစ်ပါသည်။ 

နိုင်ငံ၏အခြေခံ အဓိကအင်အားစုများဖြစ်သည့် တောင်သူလယ်သမား ဦးကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတာဝန်သည် ''နိုင်ငံတော်၏ အမျိုးသား ကိုယ်ခံစွမ်းအား'' တောင့်တင်းခိုင်မာစေရေးတာဝန်နှင့် တိုက်ရိုက်ဆက်စပ်ဖြစ်တည်လျက်ရှိနေပါသည်။

 မိမိတို့အစိုးရ၏ သက်တမ်းကာလ ငါးနှစ်အတွင်း တောင်သူလယ်သမား ဦးကြီးများ၏ အခြေခံလိုအပ်ချက်များဖြစ်ကြသော စိုက်ပျိုးစရိတ်အရင်းအနှီးများ တိုးတက်ရရှိရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး၊ သမားရိုးကျစိုက်နည်းစနစ်များအစား ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန့်ပွားပေးနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး၊ မိုးရေကိုသာမျှော်ကိုးပြီး စိုက်ပျိုးကြရသည့်အခြေအနေမျိုးမှ တစ်နှစ်လုံး စိုက်ပျိုးနိုင်ရန် လယ်မြေများကို မြစ်ရေတင်စီမံကိန်း၊ ဆည်တာတမံစီမံကိန်းများ ဆောင်ရွက်ပေးခြင်းနှင့်  ခေတ်မီအဆင့်မြင့်  စက်မှုလယ်ယာမြေစနစ်သို့ ကူးပြောင်းနိုင်ရေးလုပ်ငန်းများကို အုတ်မြစ်ချဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ 

နိုင်ငံနှင့်အဝှမ်း ဆက်လက်ဆောင်ရွက်ရန်ရှိနေသော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပခုံးပြောင်းတာဝန်များကို နောက်အစိုးရသက်တမ်းကာလတွင် ပို၍ တိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့မည်ဖြစ်ပါသည်။ 

နိုင်ငံ၏  အဓိကစားသုံးသီးနှံအမယ်ဖြစ်သော  ဆန်စပါးသီးနှံဖွံ့ဖြိုး တိုးတက်ရေးသည်  နိုင်ငံသားအားလုံးအတွက်  နေ့စဉ်လိုအပ်ချက်ဖြစ်သော ''စားရေရိက္ခာ ဖူလုံရေးတာဝန်'' နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့် အားလျော်စွာ တစ်ဧကအထွက်နှုန်းများ သိသိသာသာတိုးတက်စေပြီး တောင်သူလယ်သမားကြီးများအတွက် ဝင်ငွေနှစ်ဆ အမှန်တကယ်တိုးတက်ခံစားရရှိနိုင်မည့် အထွက်တိုး စပ်မျိုးစပါး မျိုးစေ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ 

ဆန်စပါးသီးနှံအပါအဝင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် ပြည်တွင်းစားသုံးမှုမှ ပိုလျှံသော ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေးအတွက် ''ရိတ်သိမ်းချိန်လွန်နည်းပညာ'' ဖွံ့ဖြိုးရေးနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင် ရေးလုပ်ငန်းကိုလည်း အားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

တောင်သူလယ်သမားများ၏ လယ်ယာထွက်ကုန်များကို ဈေးနှုန်းခိုင်ခိုင်မာမာဖြင့် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော လယ်ယာထွက်ကုန် ''လက်ကားဈေး (Wholesale Market) '' ကြီးများ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ ထူထောင်အကောင်အထည်ဖော်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါသည်။

တောင်သူလယ်သမားများအတွက်  အခြေခံလိုအပ်ချက်ရှိနေသော ခေတ်မီစိုက်ပျိုးရေးနည်းပညာများ လက်ဝယ်အရောက် အလွယ်တကူရောက်ရှိရေး  ပညာပေးလုပ်ငန်းများ၊  စိုက်ပျိုးရေးနှင့်  အဓိကဆက်စပ်နေသော သတင်းများဖြစ်သည့် ရာသီဥတုသတင်းအချက်အလက်များ၊ ဈေးကွက်နှင့် ဈေးနှုန်းသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ တောင်သူလယ်သမားများ သိရှိအသုံးချနိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ကိုယ်စိတ် အပန်းဖြေအနားယူမှုကို အထောက်အပံ့ဖြစ်စေမည့် လယ်ယာကဏ္ဍသတင်းနှင့် ပညာပေးကဏ္ဍများအပြင် ဖြေဖျော်ရေးအစီအစဉ်များ ကဏ္ဍစုံလင်ပါဝင်သော ''တောင်သူလယ်သမား ဂုဏ်ပြုတေးသီချင်းများပြိုင်ပွဲ''နှင့် ''တောင်သူလယ် သမားကဏ္ဍ ရုပ်သံလိုင်း (Farmers' Channel)'' အစီအစဉ်များကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်  ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ထုတ်လွှင့်ပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ 

ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-

လူသားတိုင်း နိုင်ငံသားတိုင်း၏ နေ့စဉ်ဘဝအတွက် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက်  နေ့စဉ်မရှိမဖြစ် အဓိက လိုအပ်ချက်မှာ ''စားရေရိက္ခာ''လိုအပ်ချက်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှာ နေ့စဉ်တိုးတက်လျက်ရှိရာ လက်ရှိ ယနေ့လူဦးရေသန်းပေါင်း ၇ဝဝဝ ကျော်မှာ လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင်  သန်းပေါင်း ၉ဝဝဝ ရှိလာမည်ဖြစ်သဖြင့် လိုအပ်လာမည့် စားရေရိက္ခာအတွက် ပိုမိုစိုက်ပျိုးထုတ်လုပ်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ 

ယင်းလိုအပ်ချက်အပေါ်တွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ကမ္ဘာ့ရာသီဥတု၏ ပြင်းထန်စွာ ပူပြင်းခြောက်သွေ့ခြင်း၊ လွန်ကဲစွာမိုးသည်းထန်ခြင်း၊ အအေးလွန်ခြင်းကြောင့် ဆီးနှင်းကျခြင်း၊ လေမုန်တိုင်းများတိုက်ခြင်း၊ ငလျင်ကြီးများ လှုပ်ခြင်း၊ ဆူနာမီလှိုင်းများကျရောက်ခြင်း စသည့် သဘာဝဘေးအန္တရာယ်ကြီးများ၊ ကြုံတွေ့နေရခြင်းနှင့် လူသားတို့၏ လောဘ၊ ဒေါသမီးများကြောင့် ဖြစ်ပေါ်နေကြရသည့်  လူ့ပယောဂစစ်မီးအန္တရာယ်ဆိုးကြီးများကြောင့် စားရေ ရိက္ခာထုတ်လုပ်မှုကို မထိခိုက်စေရေးအတွက် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်လည်း နိုင်ငံ၏ စဉ်ဆက်မပြတ် တိုးပွားလာမည့် လူဦးရေအတွက် စားရေရိက္ခာဖူလုံစိတ်ချရမှုရှိစေ ရေးအတွက်သာမက ကမ္ဘာ့ရိက္ခာလိုအပ်ချက်ကို အထောက်အကူဖြစ်စေရန် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက်တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်စုံမှ အရှိန်အဟုန်မြှင့်တင် အားပေးဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ မြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှု၊ စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်သော သဘာဝမှပေးသည့် ရာသီဥတု အခြေအနေ ကောင်းများကို တောင်သူလယ်သမားတို့၏ စွမ်းအားဖြင့် ပေါင်းစပ်လျက် လယ်ယာကဏ္ဍ စားနပ်ရိက္ခာထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ခြင်းလုပ်ငန်းသည် မိမိတို့ပြည်သူများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး၏  ''စားနပ်ရိက္ခာလုံခြုံရေး (Food Security)'' လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွားကိုလည်း မြှင့်တင်ပေးနိုင်မည့် ''ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ'' သည့် အလွန် မွန်မြတ်သန့်စင်သော လုပ်ငန်းရပ်ပင်ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-

နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမား မိသားစုများ၏ လူနေမှုဘဝနှင့် အကျိုးစီးပွားမြှင့်တင်ရေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏  ''ရေရှည် အမျိုးသားရေးအကျိုးစီးပွား'' ဖြစ်ပါသည်။ မိမိတို့လက်ရှိအစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြိုးပမ်းဖော်ဆောင်နိုင်ခဲ့မှုများသည် မြန်မာနိုင်ငံ၏ တောင်သူလယ်သမား အကျိုးစီးပွားအတွက်သာမက နိုင်ငံ၏ ရေရှည်အမျိုးသားရေးအကျိုးစီးပွား ကြိုးပမ်းဆောင်ရွက်မှုများဖြစ်သည့် အားလျော်စွာ မကြာတော့မည့်ကာလတွင် ဖြစ်ပေါ်လာမည့် အစိုးရအနေဖြင့်လည်း ''ဤအစဉ်အလာကောင်း၊ စံနမူနာကောင်းများ''ကို ဆက်လက်၍ လက်ဆင့်ကမ်း သယ်ဆောင်ကြိုးပမ်းဆောင်ရွက်သွားလိမ့်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့မင်္ဂလာရှိသော ''နေ့ထူး ရက်မြတ်တောင်သူလယ်သမားနေ့'' ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားထုကြီးအနေဖြင့် မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ရေရှည်အမျိုးသားရေး အကျိုးစီးပွားအတွက် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်အတူ     ပူးပေါင်းပါဝင်ကြိုးပမ်း ဖော်ဆောင်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။    ။

No comments:

Post a Comment