Wednesday, March 2, 2016
(2.3.2016) ကြေးမုံစတည်း ရှုထောင့်
ကျေးဇူးရှင် တောင်သူလယ်သမား
ယနေ့သည် မြန်မာနိုင်ငံအတွင်း လူဦးရေ ၇ဝ ရာခိုင်နှုန်းနေထိုင်ကြသော တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးများမှာ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးတို့ နေ့စဉ်လိုအပ်သော စားနပ်ရိက္ခာများအား ဖြည့်ဆည်းပေးနေသူများဖြစ်၍ ကျေးဇူးတင်ဂုဏ်ပြုထိုက်သူများဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် မတ်လ ၂ ရက်နေ့သို့ရောက်တိုင်း နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားဦးကြီး များအား အသိအမှတ်ပြု ဂုဏ်ပြုကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလကတည်းက တောင်သူလယ်သမားဦးကြီးများကို နှစ်စဉ် ဂုဏ်ပြုလာခဲ့ကြရာ နှစ်ပေါင်း ၆ဝ ကျော်ပြီဖြစ်သည်။ တစ်ချိန်သောကာလက ဒူးယား၊ ခပေါင်းကျေးရွာများ မှာ တောင်သူလယ်သမားကြီးများအား ဂုဏ်ပြုထားသောကျေးရွာများ ဖြစ်ပြီး ထိုရွာများတွင် နှစ်စဉ်တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများ၊ တောင်သူလယ်သမားနေ့ အခမ်းအနားများကျင်းပပြီး တောင်သူ လယ်သမားဦးကြီးများ၏ဘဝများကို မြှင့်တင်ဖော်ဆောင်ပေးခဲ့သည်။
မျက်မှောက်ကာလတွင် တောင်သူလယ်သမားဦးကြီးများ၏ အခြေခံ လိုအပ်ချက်များဖြစ်သော စိုက်ပျိုးစရိတ် အရင်းအနှီးများ တိုးတက်ရရှိရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး၊ သမားရိုးကျ စိုက်နည်းပျိုးနည်းစနစ်များအစား ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန့်ပွား ပေးနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး၊ မိုးရေကိုသာမျှော်ကိုးပြီး စိုက်ပျိုးကြရသည့် အခြေအနေမျိုးမှ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေများ၊ မြစ်ရေတင်စီမံကိန်းများ၊ ဆည်တာ တမံစီမံကိန်းများ ဆောင်ရွက်ပေးခြင်းနှင့် ခေတ်မီအဆင့်မြင့် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ပေးနေ သည်ကိုလည်း မြင်တွေ့နေရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေရှိသည်၊ ရေရှိသည်ဆိုသော်လည်း စိုက်ပျိုးစရိတ်နှင့် စိုက်ပျိုးစွမ်းအားများမှာ ကျယ်ပြန့်လှသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမှ စီးပွားဖြစ်စိုက်ပျိုးရေးသို့ ကူးပြောင်းရာတွင် နည်းပညာ၊ အရင်းအနှီးများ မဖြစ်မနေလိုအပ်သည်။ ယင်းတို့ကို နိုင်ငံတော်က ပံ့ပိုးကူညီပေးမှသာ အလုပ်ဖြစ်နိုင်သဖြင့် ယခုအခါ လယ်ယာမြေစနစ်များတွင် နိုင်ငံတော်က အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။
သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လယ်သမားများဘဝမြင့်မား တိုးတက်ရေးအတွက် အခြေခံကျသည့် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ဖော်ဆောင် ရန်မှာ လိုအပ်ချက်များရှိနေဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများ တစ်စတစ်စမြင့်မားတိုးတက်လာသည် နှင့်အမျှ နိုင်ငံတော်၏ ဆောင်ရွက်ပေးမှုအား၊ နိုင်ငံတကာမှ ပူးပေါင်းကူညီမှု အားများဖြင့် လယ်ယာကဏ္ဍမြင့်မားတိုးတက်အောင် ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ယနေ့အချိန်အခါတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ပြင်းထန်သော အယ်လ်နီညိုရာသီဥတု ရိုက်ခတ်မှုဖြစ်စဉ်များကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများရှိလာမည်ကို စိုးရိမ်ပူပန်ကြသဖြင့် သက်ဆိုင်ရာတို့က စိုက်ပျိုးရေမပြတ်လပ်စေရေးအတွက် နည်းလမ်းပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေသည်ကိုလည်း အားရဖွယ်မြင်တွေ့ရသည်။
ပူပြင်းခြောက်သွေ့ခြင်း၊ လွန်ကဲစွာမိုးသည်းထန်ခြင်း၊ အအေးလွန်ခြင်းကြောင့် ဆီးနှင်းများကျရောက်ခြင်း၊ လေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်ခြင်း စသည့်သဘာဝဘေးများကြုံ တွေ့နေရခြင်းတို့အပြင် လူတို့၏ လောဘမီး၊ ဒေါသမီးကြောင့်ဖြစ်ပေါ်လာ တတ်သော ပယောဂအမျိုးမျိုးတို့ကြောင့် တောင်သူလယ်သမားကြီးများ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးလုပ်ငန်းများကို မထိခိုက်အောင်လည်း အလေးထား စောင့်ကြည့်ကာကွယ်ပေးကြရမည်ဖြစ်သည်။
ထို့ကြောင့် ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများအား ကျေးဇူးဆပ်သောအားဖြင့် တောင်သူလယ်သမားများ၏ လူမှုဘဝများကို ကူညီ ကာကွယ်စောင့်ရှောက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။ ။
Labels:
အယ်ဒီတာ့အာဘော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment