Tuesday, March 29, 2016

စီးပွားရေးဆန်လွန်းတဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ စတေးခဲ့ရသော ပရီမီယာလိဂ်ချန်ပီယံ အိပ်မက်များ


လာမယ့်ရာသီ ပရီမီယာလိဂ်ကို ဂွါဒီယိုလာလို နည်းပြမျိုး ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပိုပြီး ပြင်းထန်လာမှာဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ နွေဈေးကွက်မှာ ကစားသမားအင်အားဖြည့်တင်းဖို့ ငွေများများသုံးဖို့ လိုတယ်ဆိုပြီး အာဆင်နယ်အသင်း ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်က နည်းပြဝင်းဂါးကို တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးကို ဂွါဒီယိုလာရောက်ရှိလာခြင်းက ပြိုင်ဘက်အသင်းတွေရဲ့ ချန်ပီယံအိပ်မက်ကို ရိုက်ချိုးနိုင်ပြီး လာမယ့် ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီကစပြီး ပရီမီယာလိဂ် ချန်ပီယံဖြစ်ဖို့ အရင်ကထက် ပိုပြီး ခက်ခဲလာမှာ သေချာတယ်လို့ အိုဇေးလ်က အဖြေထုတ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေဈေးကွက်ကလည်း ဂိုးသမား ပီတာဆက်ခ်ျတစ်ယောက်ကိုသာ ခေါ်ယူခဲ့ပြီး အားလုံးက လိုအပ်နေပါတယ်ဆိုတာ ထောက်ပြထားတဲ့ တိုက်စစ်ကစားသမားတွေကို ဝယ်ယူဖို့ ပျက်ကွက်ခဲ့လို့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့မူဝါဒအပေါ် အမာခံပရိသတ်တွေက ဒေါသထွက်ပြီး ပေါက်ကွဲခဲ့ပါသေးတယ်။
အာဆင်နယ်က လွန်ခဲ့တဲ့ နှစ်ရာသီဆက်တိုက် ကမ္ဘာ့ထိပ်တန်းခြေစွမ်းရှိတဲ့ အိုဇေးလ်၊ ဆန်းချက်ဇ်တို့နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပေမယ့် ကစားသမားအပြောင်းအရွှေ့စရိတ်အတွက် တစ်ရာသီတည်း ပေါင်သန်း ၅၅ဝ လောက်သုံးစွဲ ခဲ့တဲ့ မန်ယူလိုအသင်းမျိုးနဲ့ယှဉ်ရင် ရယ်စရာတောင်ဖြစ်နေပါတယ်။ အာစင်ဝင်းဂါးကတော့ နာဆရီ၊ ဖာဘရီဂတ်စ်၊ ဆက်ဂ်နာ၊ ဆောင်း၊ အွန်နရီ၊ ဗန်ပါစီတို့လို ကစားသမားကောင်းတွေကို အခြားအသင်းတွေဆီ လက်လွှတ်ခဲ့ရတာက ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကွင်းသစ်ကြီးဆီ ပြောင်းရွှေ့တဲ့ ကုန်ကျစရိတ်တွေကြောင့်ဖြစ်ပြီး သန်းကြွယ်သူဌေး ဘောလုံးသမားတွေရဲ့ ငွေကြေးနောက် တစိုက်မတ်မတ် လိုက်မှုတွေက သူ့ရဲ့ ချန်ပီယံအိပ်မက်တွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
တကယ်တော့ ယနေ့ခေတ်ပရော်ဖက်ရှင်နယ်ကစားသမားတွေက အရွယ်ရှိတုန်း၊ ခွန်အားရှိတုန်း၊ ခြေစွမ်းတက်တုန်း ငွေကြေးနောက်ကို လိုက်တာဟာ ဘောလုံးလောကမှာ ဖြစ်ပျက်နေတာကြာပြီဖြစ်ပါတယ်။ တချို့ကစား သမားတွေဆို အသက်(၃ဝ)တောင်မပြည့်သေးဘဲ နိုင်ငံလက်ရွေးစင်ဘဝက အနားယူပြီးတော့ ကလပ်အသင်း အတွက်ပဲ ကစားပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေဖြစ်နေတဲ့ ဘောလုံးလောကမှာ ငွေကိုမသုံးဘဲ ရှိတဲ့ကစားသမားအင်အားနဲ့ ပရီမီယာလိဂ်ဖလားကို ပြန်ယူမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဝင်းဂါးရဲ့ စီးပွားရေးဆန်လွန်းတဲ့ ဘောလုံးဒဿနဟာ အာဆင်နယ် ပရိသတ်တွေအတွက်တော့ စိတ်ပျက်ငြီးငွေ့စရာပါ။
အာဆင်နယ်ရဲ့ အပြောင်းအရွှေ့မူဝါဒအရ လူငယ်ကစားသမားတွေကို ဝယ်ယူပျိုးထောင်ပြီး အခြားငွေကြေး တောင့်တင်းတဲ့အသင်းကြီးတွေက အလိုရှိလာပြီဆို ပြန်ထုတ်ရောင်းလေ့ရှိတာကြောင့် ''သမင်မွေးရင်း ကျားစားရင်း''ဆိုသလိုပါပဲ။ ဝဲလ်ဘတ်ဒဏ်ရာရနေတုန်း ခြေစွမ်းမမှန်တဲ့ ဂီရော့ဒ်၊ ဝဲလ်ကော့တို့ကိုသာ အလှည့်ကျကစားခိုင်းနေပြီး ဆန်းချက်ဇ်၊ အိုဇေးလ်၊ ရမ်ဆေးတို့ ဂိုးမသွင်းနိုင်ရင် ရှုံးပွဲကြုံတွေ့ရတဲ့အထိ ဖြစ်နေတာကတော့ ချန်ပီယံဖြစ် မယ့်အသင်းတစ်သင်းမှာရှိတဲ့ လက္ခဏာရပ်မဟုတ်ပါဘူး။
ဒါကြောင့် အာဆင်နယ်ပရိသတ်တွေက အရင်က တိုက်စစ်ကို ဦးဆောင်ကစားတဲ့ အွန်နရီ၊ ဗန်ပါစီတို့လို ကစားသမားမရှိတဲ့အသင်းရဲ့ တိုက်စစ်အင်အားအပေါ် စိတ်ပျက်လာကြတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ကွင်းလယ်၊ နောက်တန်း၊ ဂိုးသမားနေရာတွေမှာ ထိပ်တန်း အသင်းတစ်ခုရဲ့ စုဖွဲ့မှုရှိပေမယ့် ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို နှစ်ကျော့လုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ၊ ချယ်လ်ဆီး၊ မန်ယူ၊ ဆောက်သမ်တန်၊ စပါးတို့လို ကွင်းလယ်ကစားအား မာတဲ့ အသင်းတွေနဲ့တွေ့ရင် ရလဒ်ပိုင်းမကောင်းတတ်တာတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်စစ်ကစားသမား မရှိလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။
ဝင်းဂါးက ပြီးခဲ့တဲ့နွေဈေးကွက်မှာ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘင်ဇီမာ၊ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ၊ ဂျူဗင်တပ်တိုက်စစ်မှူး မိုရာတာတို့ကို ခေါ်ယူဖို့ ချဉ်းကပ် ခဲ့သေးပေမယ့် အောင်မြင်မှုဝေးကွာနေတဲ့ ကလပ်အသင်းရဲ့ အနေအထားရယ်၊ ပြုပြင်ပြောင်းလဲမှုအကြီးစား လုပ်ဖို့ ပျက်ကွက်နေတဲ့ အပြောင်းအရွှေ့မူဝါဒတွေရယ်ကြောင့် ဘယ်ထိပ်တန်းကစားသမားကိုမှ ခေါ်လို့မရတာဖြစ်ပါတယ်။
ဒါကြောင့် ၂ဝဝ၄ ခုနှစ်နောက်ပိုင်း မဆွတ်ခူးနိုင်ခဲ့တာ ကြာပြီဖြစ်တဲ့ ပရီမီယာလိဂ်ဖလားကို ပြန်လိုချင်ရင် ထိပ်တန်းကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း၅ဝ အထက် ပေးချေနေရတဲ့ ဒီနေ့ခေတ်ဘောလုံးလောကရဲ့ ဈေးကွက်တောင်းဆိုချက်အတိုင်း အာဆင်နယ်အနေနဲ့ ငွေကြေးအမြောက်အမြား သုံးစွဲဖို့ ဝန်မလေးသင့်ဘူးလို့ ယူဆမိပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပရီမီယာလိဂ်ဖလား ဆွတ်ခူးဖို့ ၁ဝ စုနှစ်တစ်ခုကျော် ဝေးကွာရာကနေ လီဗာပူးအသင်းလို ၁ဝ စုနှစ်သုံးခုကျော်လောက်အထိ ဝေးကွာနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင် မလွယ်ကူတော့တဲ့အနေအထား တဖြည်းဖြည်းရောက်ရှိ သွားတဲ့အထိ ဆိုးရွားသွား ပါလိမ့်မယ်။
မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment