Tuesday, March 29, 2016

မြေဆီလွှာဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ချက်များအား စိုက်ပျိုးရေးလုပ်ငန်းရှင်တောင်သူများ ရယူနိုင်ပြီ

The Mirror Daily's photo.
ဘားအံ မတ် ၂၈
ကရင်ပြည်နယ်တွင် နှစ်ရှည်သီးနှံ ဖြစ်သည့်ရော်ဘာကို ဧက ၂ ဒသမ ၆ သိန်းကျော်၊ စပါးစိုက်ပျိုးဧက စုစုပေါင်း ၆ ဒသမ ၅ သိန်းကျော် စိုက်ပျိုးထားသော်လည်း နည်းပညာ ဆိုင်ရာလိုအပ်မှုများကြောင့် စိုက်ပျိုးသောသီးနှံများ ဖြစ်ထွန်းအောင်မြင်မှု နည်းပါး၍ စိုက်ပျိုးရေးလုပ်ငန်းရှင်များ ဝင်ငွေရရှိမှုနည်းပါးနေကြောင်း သိရသည်။
ထို့ကြောင့် သီးနှံအမယ် တစ်ခုချင်း အလိုက် လိုအပ်သောအပင် အာဟာရအတွက် ဓာတ်မြေသြဇာများကို အရည်အသွေးမှန် အချိုးအစားမှန်မှန် အသုံးပြုရမည့်အပြင် အချိန်ကိုက် ရာသီအလိုက် ထည့်သွင်းနိုင်မှသာလျှင် စိုက်ပျိုးသီးနှံများထွက်ရှိ အောင်မြင်၍ ထွက်လာသောသီးနှံများ အရည်အသွေးကောင်းပြီး ဈေးနှုန်းခိုင်မာစွာ ရရှိနိုင်မည်ဖြစ်သည်။
ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ တည်ဆောက်ထားသော မြေဆီလွှာ ဆိုင်ရာဓာတ်ခွဲခန်းတွင် တိကျမှန်ကန် သောအဖြေများကို ဓာတ်ခွဲစမ်းသပ် ထုတ်ပေးနေပြီဖြစ်ရာ မြေဆီလွှာ ဓာတ်ခွဲခြင်းဖြင့် သီးနှံပင်များအတွက် မရှိမဖြစ် အရေးကြီးသည့် သီးနှံ အာဟာရဓာတ်များ၊ မြေဆီလွှာအတွင်း လိုအပ်သော ပါဝင်မှုပမာဏများကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ထည့်သွင်း သုံးစွဲရမည့် မြေဆီသြဇာပမာဏကို စီမံခန့်ခွဲမှု ပြုလုပ်နိုင်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။
တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထားသော စိုက်ပျိုးမြေများ နှင့်ပတ်သက်၍ မြေဆီလွှာဆိုင်ရာ ဓာတ်ခွဲစမ်းသပ်လိုပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး တွင်သော်လည်းကောင်း၊ ပြည်နယ် ဦးစီးမှူးရုံး ဘားအံမြို့ မြေအသုံးချရေး ဌာနခွဲ(ဓာတ်ခွဲခန်း) ဖုန်း- ဝ၅၈-၂၃၄၂ဝ ကိုလည်းကောင်း ဆက်သွယ် ၍ မြေဆီလွှာဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်ချက်များ ရယူနိုင်ပြီဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment