တာချီလိတ် ဖေဖော်ဝါရီ ၂၉
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့သည် ယမန်နေ့ နံနက် ၉ နာရီတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီတို့မှ ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖ ဒေသခံပြည်သူများ၊ တာဝန်ရှိများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မိမိတို့ဒေသ၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းပူးပေါင်း တီထွင်ကြံဆ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့သည် ပြည်သူများအတွက် တာဝန်ရှိသူ၊ ဝန်ဆောင်မှုပေးသူများအဖြစ် ခံယူကျင့်သုံး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ကို ရာသီဥတုကောင်းမွန်ခြင်း၊ မြေအနေအထားကောင်းမွန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်မှုများခြင်း စသည့် သဘာဝအခြေအနေကောင်းများဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်သူလူထုဗဟိုပြုစနစ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အင်စတီကျူးရှင်းများကို ပြုပြင်ရပါကြောင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခဲ့ပါကြောင်း၊ နိုင်ငံရေး ပါတီများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးခြင်း၊ လူမှုရေး အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စီးပွားရေးကဏ္ဍတွင် ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အဓိကအားဖြင့် ပညာရည် တိုးတက်မြင့်မားရေးသည် အရေးကြီးပါကြောင်း၊ ပညာရည် မြင့်မားတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ လူ့အဖွဲ့ အစည်းတိုးတက်မြင့်မားမည်၊ တီထွင်ကြံဆတတ်မည်၊ ကျန်းမာကြံ့ခိုင်သည့် မိသားစုဘဝများ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးအသုံးစရိတ်များကို နိုင်ငံတော်ဘဏ္ဍာမှ ပိုမိုတိုးမြှင့်သုံးစွဲလျက်ရှိပါကြောင်း၊ အခြေခံပညာစာသင် ကျောင်းများ၊ ပညာရေးကောလိပ်၊ တက္ကသိုလ်များ၊ ဆရာ ဆရာမများကို ထပ်မံတည်ဆောက်ခန့်ထားခဲ့ပါကြောင်း၊ အခမဲ့ပညာရေးစနစ်ကို အခြေခံပညာမူလတန်းမှ အခြေခံ ပညာအထက်တန်းအဆင့်အထိ ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ထူးချွန်သူများအား စကောလားရှစ်၊ စတိုင်ပင်များဖြင့် လုံလောက်အောင်ပံ့ပိုးပေးနိုင်ခဲ့ပြီး နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခဲ့ပါကြောင်း။
ကျန်းမာရေးကဏ္ဍတွင်လည်း အမျိုးသားကျန်းမာရေး ပိုမိုမြင့်မားစေရန် ဘဏ္ဍာငွေများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်ရေး၊ လုံခြုံရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍကို တိုတောင်းသည့်အချိန်ကာလအတွင်း အလျင်အမြန်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့် ရုံးလုပ်ငန်းကိစ္စရပ်များ တစ်နေရာတည်းတွင် အပြီးဆောင်ရွက်နိုင်ရန် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပြည်သူဗဟိုပြုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့မိမြို့ဖများပါဝင်သည့် ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွင် ပထမဆုံးသောခြေလှမ်းသည် လွန်စွာ အရေးကြီးပြီး များစွာသိမ်မွေ့ရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်ထာဝရရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ငြိမ်းချမ်းရေး၊ တန်းတူညီမျှဆက်ဆံရေး၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် စဉ်းစားတွေးခေါ်မှုတို့သည် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်ကိုရေးဆွဲပြီး ကျေးလက်ဒေသအခြေခံအဆောက် အအုံများကို တည်ဆောက်ပြုပြင်ခဲ့ပါကြောင်း၊ ကျေးလက် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် မြစိမ်းရောင်စီမံကိန်း၊ လူထုဗဟိုပြု စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်းများကို မြို့နယ် ၃၄ မြို့နယ်၌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်း ၃၁ ဖွဲ့ ဖြင့် စီမံကိန်း ၃၅ ခုကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မွေးမြူရေးကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာများ၊ အစီအစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှု တိုးတက်ရေးရည်မှန်းချက်များဖြင့် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ အခမဲ့ဖြန့်ဝေခြင်း၊ အရည်အသွေးမြင့် မျိုးရေခဲချောင်းများကို ပြည်ပမှ တင်သွင်း၍ မြှင့်တင်ခြင်း၊ တိရစ္ဆာန်ဆေးဝါးနှင့် အစာဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကူးစက်ရောဂါထိန်းချုပ်နိုင်ရေး အတွက်လည်းကောင်း၊ မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အနာဂတ်လူငယ်များ ဥာဏ်ရည်မြင့်မားတိုးတက်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန် ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးခြင်းကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ပါကြောင်း၊
ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါး၊ ပုစွန်၊ ကဏန်းကန်များတိုးချဲ့မွေးမြူခြင်း၊ ငါးမျိုးများစိုက်ထည့်ပေးခြင်း၊ ငါးမွေးတောင်သူများအား ငါး၊ ပုစွန်သားပေါက် များဖြည့်ဆည်းပေးခြင်း၊ ရင်းနှီးမတည်ငွေများထုတ်ချေး ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ငါးမွေးမြူရေး ဆိုင်ရာဥပဒေနှင့် ပင်လယ်ငါးလုပ်ငန်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် တာချီလိတ်လေဆိပ်ဧည့်ခန်းမသို့ရောက်ရှိကြရာ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးနိုင်စောလွင်က လေယာဉ်ဆင်းသက်မှုနှင့် ခရီးသည်ဝင်ထွက်မှုအခြေအနေများ၊ လေဆိပ်ဆိုင်ရာအချက် အလက်များ၊ တာချီလိတ်လေဆိပ်နှင့် ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment