Tuesday, March 1, 2016

(1.3.2016) ကြေးမုံစာတည်းရှုထောင့်


မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း

ပွင့်လင်းမြင်သာသည့် မျက်မှောက်ခေတ်ကာလတွင် ခရီးသွားလုပ်ငန်းများ ယခင်ခေတ်ကာလနှင့်မတူ အထူးတိုးတက်လာသည်ကို တွေ့ရသည်။ ယခင်က ကမ္ဘာလှည့်ခရီးသွားဦးရေ သိန်းဂဏန်းသာရှိရာမှ ဒီမိုကရေစီအသွင် ကူးပြောင်းသည့်ကာလမှစတင်၍ သန်းဂဏန်းအထိဖြစ်လာခဲ့သည်။ ယခုနှစ် ခရီးသွားရာသီတွင် မျှော်မှန်းထားသည့်အတိုင်း ခရီးသွားဦးရေ လေးသန်းခွဲ လာရောက်ခဲ့သည့်အတွက် နိုင်ငံအတွက်ရလဒ်ကောင်းများ ဖြစ်ထွန်းလာသည်။

ခရီးသွားလုပ်ငန်းဆိုသည်မှာ မီးခိုးမထွက်သောစက်ရုံ၊ မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းဖြစ်သည်။ ခရီးသွားလုပ်ငန်းကို အကြောင်းပြု၍ နိုင်ငံအတွက် နိုင်ငံခြားငွေအမြောက်အမြားရသလို အလုပ်အကိုင်အခွင့် အလမ်းများလည်း တိုးတက်ဖြစ်ထွန်းလာသည်။ လက်ရှိအခြေအနေကောင်းများမှာ ရှေ့ကာလများတွင်လည်း တိုးတက်ဖြစ်ထွန်းနေမည်ဖြစ်ပြီး လာမည့် ဆယ်နှစ်တာကာလအတွင်း ယခုလက်ရှိထက် နှစ်ဆတိုးတက်လာမည်ဟု ခန့်မှန်းကြပြန်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အိမ်နီးချင်းနိုင်ငံများကို  လိုက်မီကျော်ဖြတ်နိုင်မည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခရီးသွားများစိတ်ဝင်စားရာနေရာများ  အမြောက်အမြား ရှိသည်။ လမ်းပန်းဆက်သွယ်ရေး၊  တည်းခိုနေထိုင်ရေး၊  ခရီးသွားရပ်ဝန်းများ အဆင့်မီဖွံ့ဖြိုးတိုးတက်ရေးနှင့်      ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ ရှင်သန်ဖွံ့ဖြိုးရေး စသည်တို့ ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်းသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီး လက်ရှိတွင် မြန်မာနိုင်ငံသားလူဦးရေ တစ်သန်းခန့်ကိုပင် အလုပ်အကိုင်ဖန်တီးပေးထားနိုင်သည်ဟု ဆိုထားသည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းခရီးသွားလာမှုလုပ်ငန်းတွင် ပြည်တွင်းဟိုတယ် များမှာ  အရေးပါသည့်မောင်းနှင်အားဖြစ်လာသည်။  ဟိုတယ်လုပ်ငန်းမှ    နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနိုင်သည့် ဟိုတယ်အလုံးပေါင်း ၁၄ဝဝ ခန့် မှတ်ပုံတင်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်းခိုနိုင်သည့် အခန်းပေါင်း ငါးသောင်းခန့်ရှိသည်။

မြန်မာနိုင်ငံ၏  စီးပွားရေးတိုးတက်မှုမှာ  တစ်နှစ်လျှင်  ခုနစ်ရာခိုင်နှုန်း တိုးတက်လျက်ရှိရာ၌ ခရီးသွားလုပ်ငန်းမှာ အဓိကအားထားရသည့်လုပ်ငန်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းတိုးတက်မှုတွင် ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်လာသည်။ ထို့အပြင် ကမ္ဘာ့ခရီးသွား လုပ်ငန်းတွင် ထိပ်ဆုံးအဆင့်မှ ဦးဆောင်လာနိုင်မည့်အနေအထား ရှိလာနိုင်သဖြင့် နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်း ထောင်နှင့်ချီ၍ တိုးတက်ဖြစ်ထွန်း မှုများရှိလာသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ ဆယ်စုနှစ်တစ်ခုလျှင် တစ်ဆယ်မက  တိုးတက်လာသဖြင့်  ကမ္ဘာ့ထိပ်တန်း  စာရင်းဝင်နိုင်ငံ ဖြစ်လာမည်ဟု ခန့်မှန်းကြခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာအောင်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား  စဉ်ဆက်မပြတ်မြှင့်တင် ဖော်ဆောင်ပေးနေရမည်ဖြစ်သည်။      စိတ်ဝင်စားဖွယ်ရာ   ရေခံမြေခံ  အခြေအနေကောင်းများရှိပြီးဖြစ်သော်လည်း   ကောင်းမွန်သည့်ဝန်းကျင် ကောင်းများဖြစ်ထွန်းအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့်  ရုပ်ဝတ္ထုပစ္စည်းများအား  စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုမရှိလျှင် အမြင်မတင့်ဘဲ ပျက်စီးယိုယွင်းနိုင်သည်။ ဥပမာ ပင်လယ်ကမ်းခြေများနှင့် လည်ပတ်ရာနေရာများ၌ သန့်ရှင်းသာယာလှပ ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စည်းကမ်းတကျရှိမှုတို့သည် အရေးကြီးသည်။ နိုင်ငံတကာမှ ဧည့်သည်များမှာ စည်းကမ်းနှင့်သန့်ရှင်းမှုတို့ ကို အလေးထားသဖြင့် ထိုလုပ်ငန်းများအား စဉ်ဆက်မပြတ် လုပ်ကိုင်ကြ ရမည်။ ထို့အပြင် ခရီးသွားများလုံခြုံစိတ်ချမှုရှိရေးနှင့် အန္တရာယ်ကင်းရှင်းရေး ကိုလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများက ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးသင့်သည်။

ယခုအခါ  မြန်မာနိုင်ငံတွင်  ခရီးသွားလုပ်ငန်းများ  တစ်နေ့တခြား တိုးတက်ကောင်းမွန်လာသောကြောင့်   ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူများလည်း တစ်စတစ်စတိုးတက်လာသည်။ ဈေးကွက်အတွင်း စိတ်ချယုံကြည်စွာဖြင့် လက်တွဲလုပ်ဆောင်သွားရန်  ကူညီဖိတ်ခေါ်ကြိုဆိုကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေကောင်းများ ရရှိထားပြီးဖြစ်သော ခရီးသွားကဏ္ဍပိုမိုမြင့်မားတိုးတက်လာရေးအတွက် နိုင်ငံတော်၏ပံ့ပိုးကူညီမှုများကိုရယူပြီး   ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု  ယုံကြည်ပါသည်။      ။

No comments:

Post a Comment