Wednesday, February 3, 2016

BRT Lite စနစ်ဖြင့် ဘတ်စ်ကားပြေးဆွဲမှု ဖေဖော်ဝါရီ ၉ ရက်တွင် စတင်မည်



The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂

BRT Lite စနစ်ဖြင့် ရန်ကုန်မြို့တွင် ဘတ်စ်ကားပြေးဆွဲမှုကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

BRT Lite စနစ်ဖြင့် ရန်ကုန်မြို့တော်တွင် ဘတ်စ်ကားပြေးဆွဲမှု စတင်စမ်းသပ်ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိရာတွင် လာမည့် ဖေဖော်ဝါရီ ၇ ရက်တွင် စမ်းသပ်လမ်းကြောင်း၌ ပြေးဆွဲမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ လမ်းကြောင်း (၁)ဖြစ်သည့် ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်းမောင်းနှင်ကာ (၈) မိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံမှ တစ်ဆင့် အလံပြဘုရားလမ်း၊ ဗဟန်း (၃) လမ်းမှတ်တိုင်၊ ကုက္ကိုင်း၊ ချော်တွင်းကုန်းမှတ်တိုင်တို့ကိုဖြတ်သန်း၍ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ကာ (၈) မိုင် လမ်းဆုံမှတစ်ဆင့် ပြည်လမ်းပေါ်သို့ ပြန်လည်ချိတ်ဆက်၍ ထောက်ကြန့်လမ်းဆုံသို့ ပြန်လည်ပေါင်းဆုံမည့် ခရီးစဉ်ကို စတင်ပြေးဆွဲမည်ဟု သိရသည်။

အဆိုပါ လမ်းကြောင်း(၁)ကို ယာဉ်အသစ် ၁၈ စီး ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး လစာဖြင့် ယာဉ်မောင်းများ ခန့်အပ်ထားကာ ပြိုင်မောင်း၊ လုမောင်းခြင်းမရှိစေဘဲ BRT Lite စနစ်နှင့်အညီ ခရီးသည်များအတွက် လုံခြုံ စိတ်ချရမှု၊ ဘေးကင်းမှု၊ သက်သောင့်သက်သာရှိမှု၊ ငွေ အကြွေကိုင်ဆောင်ရန်မလိုအပ်ဘဲ နိုင်ငံတကာတွင် အသုံးပြုနေသော ကတ်ဖြတ်စနစ်ဖြင့် ယာဉ်စီးခပေးချေစနစ်တို့ကို ကျင့်သုံးသွားမည်ဟု ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။

''နိုင်ငံတကာမှာလို သီးသန့်လမ်းကြောင်းတစ်ခုနဲ့ ပြေးဆွဲတဲ့ BRT စနစ်ကို ပီပီပြင်ပြင်သွားနိုင်ဖို့အတွက် ဒါက ခြေလှမ်းအစပဲဖြစ်ပါတယ်။ ကျွန်တော်တို့ BRT Lite စနစ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်က လိုအပ်ချက်ရှိခဲ့တဲ့ ဘတ်စ်ကားလောကစနစ်ကို ပြင်တာပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ သယ်ယူပို့ဆောင် ရေးစနစ်တွေအရ BRT စနစ်ကို အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးပါပဲ။ သီးသန့်လမ်းကြောင်းနဲ့ သွားလာပြီး တကယ်ကို ဝန်ဆောင်မှု၊ အဘက်ဘက်က ကောင်းမွန် စိတ်ချရတဲ့စနစ်တွေနဲ့ဆိုရင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍဟာ ပီပြင်လာမှာဖြစ်ပြီး တစ်ဖက်ကလည်း ယာဉ်ကြောပိတ်ဆို့နေတာတွေကို နည်းလမ်းပေါင်းစုံနဲ့ တစ်ပြိုင်နက်ဆောင်ရွက်သွားမယ်ဆိုရင် အများပြည်သူ အားထားတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်လာမှာပါ။ BRT စနစ် စစ်စစ်ကို အကောင်အထည်ဖော်နိုင်တဲ့အထိ တဖြည်းဖြည်းလုပ်ဆောင်သွားရမှာပါ''ဟု ဒေါက်တာ မောင်အောင်က ရှင်းပြသည်။

စတင်ပြေးဆွဲသွားမည့် လမ်းကြောင်း(၁)အပြင် ဖေဖော်ဝါရီလကုန်တွင် ပြည်ပမှ ကားသစ် အစီး ၄ဝ ထပ်မံရောက်ရှိလာမည်ဖြစ်ရာ အဆိုပါကားသစ်များ ထပ်မံရောက်ရှိလာပါက လမ်းကြောင်း(၂)ဖြစ်သည့် ကမ္ဘာအေး ဘုရားလမ်းကို အခြေပြုပြေးဆွဲမည့်ခရီးစဉ်ကို စတင်ပြေးဆွဲသွားမည်ဟု သိရသည်။ လမ်းကြောင်း(၂)ခရီးစဉ်မှာ ထောက်ကြန့်လမ်းဆုံမှ ၈ မိုင်အထိ၊ ယင်းမှ နဝဒေးရုပ်ရှင်ရုံ၊ ချော်တွင်းကုန်းမှတ်တိုင်များကို ဖြတ်သန်းကာ ကမ္ဘာအေး ဘုရားလမ်းအတိုင်းမောင်းနှင်ရန် ရွှေဂုံတိုင်၊ ဗဟန်း ၃ လမ်းမှတ်တိုင်တို့ကိုဖြတ်ပြီး ဗိုလ်ချုပ်လမ်းနှင့် ဆူးလေ ဘုရားလမ်းဆုံ၊ ထိုမှတစ်ဆင့် ပန်းဆိုးတန်းမှတ်တိုင်ကိုဖြတ်ရန် ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းဆုံမှ တစ်ဆင့် ကမ်းနားလမ်းအတိုင်းမောင်းနှင်ကာ ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်း လမ်းဆုံတို့မှတစ်ဆင့် ပြည်လမ်းမကြီးပေါ်သို့ ပြန်လည်ဆက်သွယ်ကာ ပြည်လမ်းအတိုင်း မြေနီကုန်း၊ လှည်းတန်း၊ ၈ မိုင်တို့ကို ဖြတ်သန်းပြီး ထောက်ကြန့်လမ်းဆုံသို့ မောင်းနှင်မည့် ခရီးစဉ်ကို စတင်ပြေးဆွဲမည်ဟု သိရသည်။
အဆိုပါ ဘတ်စ်ကားခရီးစဉ်များကို အကောင်အထည်ဖော်ပြေးဆွဲရာတွင် ယာဉ်နောက်လိုက်များထားရှိ မည်မဟုတ်ဘဲ နိုင်ငံတကာသုံး ကတ်စနစ်ဖြင့် ယာဉ်ပေါ်အတက်တွင် ယာဉ်စီးနင်းခ စက်တွင်ပိုင်းဖြတ်သွားသည့် စနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။

''ဒီကတ်စနစ်ဟာ စင်ကာပူမှာ သုံးနေတဲ့ စနစ်လိုပါပဲ။ ကျွန်တော်တို့က ကတ်ကို Any Pay Card လို့ အမည်ပေးထားပါတယ်။ နောက်ပိုင်းမှာ ဘတ်စ်ကားမှာ သာမက ရထား၊ ဈေးဝယ်တဲ့နေရာတွေမှာ ဒီကတ်နဲ့ အသုံးပြုလို့ရတဲ့အထိကို ရည်မှန်းထားပါတယ်။ ကျွန်တော် တို့အနေနဲ့ ကတ်ဖိုးကောက်ခံမှာမဟုတ်ဘဲ ယာဉ်စီးနင်းခအဖြစ် ငွေဖြည့်ပြီး စီးနင်းရမှာ ဖြစ်ပါတယ်။ စစချင်းမှာ ဒီစနစ်နဲ့ ကျွမ်းဝင်မှုရှိအောင် ပညာပေးဆောင်ရွက်တာတွေ လုပ်ပါမယ်။ နေရာတိုင်းမှာ ငွေဖြည့်နိုင်တဲ့စက်တွေ ထားရှိသွားမယ့်အစီအစဉ်တွေ ရှိပါတယ်။ တန်းစီတဲ့စနစ်နဲ့ ဘတ်စ်ကားပေါ်တက်ပြီး စီးနင်းခကို ကားပေါ်က စက်မှာ ကပ်လိုက်ရုံနဲ့ ယာဉ်စီးခ ၃ဝဝ ကျပ်ကို ပိုင်းဖြတ်သွားမှာ ဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း စက္ကန့်ပိုင်းလေးပဲ ရှိပါတယ်။ ကားပေါ်အတက် ညာဘက်အခြမ်းမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဆင်းကတော့ နောက်က ဆင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာလိုတော့ အတက်၊ အဆင်း ကတ်ဖြတ်စရာမလိုပါဘူး။ ပုံသေယာဉ်စီးခ သတ်မှတ် ထားတာဖြစ်တဲ့အတွက် အတက်မှာပဲ လုပ်ဆောင်ရမှာပါ။ ယာဉ်စီးခကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမ္ပဏီက သတ်မှတ်ထားတဲ့ ယာဉ်စီးခပါပဲ''ဟု BRT Lite စနစ်ဖြင့် ဘတ်စ်ကားအခြေပြု သီးသန့်အမြန်ယာဉ်လိုင်းတွင် အသုံးပြုသွားမည့် ကတ်စနစ်နှင့်ပတ်သက်၍ လုပ်ငန်းတင်ဒါအောင်မြင်ခဲ့သည့် Integrated Smart Solutions ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်ဇေယျက ရှင်းပြသည်။

ယင်းသို့ ဘတ်စ်ကားပြေးဆွဲရန်အတွက် သီးသန့်ယာဉ်ရပ်မှတ်တိုင်များကိုလည်း တည်ဆောက်ပြီးပြီဖြစ်ပြီး မှတ်တိုင်များတွင် အဆိုပါကတ်စနစ်အသုံးပြုပုံ၊ ဘတ်စ် ကားပြေးဆွဲမည့် လမ်းကြောင်းခရီးစဉ်များကို ဖော်ပြပေးထားကာ BRT Lite စနစ် ယာဉ်လမ်းကြောင်းအတွက် ယာဉ်ရပ်မှတ်တိုင်ပေါင်း ၃၇ ခု တည်ဆောက်ထားရှိ ပေးထားသည်ဟု သိရသည်။

ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် တစ်ဦးတစ်ယောက်ချင်းပိုင် မော်တော်ယာဉ်များကို စုစည်းကာ သယ်ယူပို့ဆောင်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့ပြီး ခရီးသည်တင်ယာဉ်မဟုတ်သည့် ယာဉ်များဖြင့်လည်း ပြေးဆွဲမှုများရှိခဲ့သည်။ အများပြည်သူ ဝန်ဆောင်မှုပေးသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အားနည်းချက်များစွာရှိခဲ့ပြီး အစိုးရမှ ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းမရှိဘဲ ပုဂ္ဂလိကတစ်ဦးတစ်ယောက်ချင်း ယာဉ်များကိုသာအားကိုးခဲ့ရ၍ ယာဉ်လမ်းကြောင်းများလည်း စနစ်ကျမှုမရှိကာ ခရီးစဉ်တူညီနေမှုများ၊ လမ်းကြောင်း ရှုပ်ထွေးမှုများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။ ယင်းအပြင် စည်းကမ်းပိုင်းဆိုင်ရာများ၊ ပြိုင်မောင်း၊ လုမောင်းခြင်းနှင့် အချိန်ကြာမြင့်စွာ ရပ်တန့်ခြင်း၊ ဝန်ဆောင်မှုတစ်ခုအသွင်မဟုတ်ဘဲ ဝင်ငွေရှာဖွေမှုဆိုင်ရာ အဓိကလမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်နေရခြင်းတို့ကြောင့် အားနည်းချက်များစွာရှိခဲ့သည်ဟု သိရသည်။ ယင်းသို့သော အခြေအနေမှ စည်းကမ်းတကျ သီးသန့်ယာဉ် လမ်းကြောဖြင့် မောင်းနှင်ပြေးဆွဲမည့် BRT Lite စနစ်မှ အခြားယာဉ်များ ဝင်ရောက်မောင်းနှင်နိုင်ခြင်းမပြုနိုင်သည့် သီးသန့်ယာဉ်ကြော၊ သီးသန့်မှတ်တိုင်များဖြင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော BRT စနစ် စစ်စစ်ပုံစံအထိရောက်ရှိဆောင်ရွက်သွားနိုင်ရန် လာမည့်အစိုးရသစ်ကိုလည်း ဆက်လက်တင်ပြသွားမည်ဟု အဆိုပါသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment