Wednesday, February 3, 2016

(3.2.2016)ကြေးမုံ စာတည်းရှုထောင့်


ယဉ်ကျေးမှုအဆင့်မြင့်မား

မြန်မာနိုင်ငံသည် သမိုင်းမတင်မီခေတ်ကာလမှစတင်၍ ယဉ်ကျေးမှုများ အဆက်မပြတ်တိုးတက်ဖြစ်ထွန်းခဲ့သော နိုင်ငံဖြစ်သည်။ ယဉ်ကျေးမှု တိုးတက်ထွန်းကားလာမှုကို ပြဆိုနိုင်ခြင်းသည် နိုင်ငံ၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေသည်။ သမိုင်းကြောင်းအစဉ်အလာ မြင့်မား တိုးတက်ခဲ့မှုကိုသိမှ မိမိတို့၏ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတိုးတက်အောင် ဆက်လက်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘာပေါ်တွင်   ယဉ်ကျေးမှုအဆင့်အတန်း  အစောဆုံးမြင့်မားတိုးတက် ခဲ့သည့် နိုင်ငံများအနေဖြင့် မိမိတို့၏သမိုင်းကြောင်းအစဉ်အလာကို ကမ္ဘာ့ အလယ်တွင်      ဂုဏ်ယူဖွယ်မှတ်တမ်းတင်နိုင်ခဲ့သည်။   မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်ဆင့်တိုးတက်ဖြစ်ပေါ်မှုတွင်  အခြားသောနိုင်ငံများထက် ပိုမိုထူးခြားခဲ့သည်။ မြန်မာ့မြေပေါ်တွင်  လူသားမျိုးနွယ်အစ အဆင့်မြင့် ပရိုင်းမိတ်များ    ပေါ်ပေါက်ခဲ့သည့်   ရုပ်ကြွင်းအထောက်အထားများကို ပုံတောင်ပုံညာဒေသတွင် ရှာဖွေတူးဖော် တွေ့ရှိခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့အစောဆုံးသက်ရှိလူသားများ  နေထိုင်ခဲ့ရာဒေသများဖြစ်သော မြန်မာနိုင်ငံတွင် အထောက်အထားခိုင်လုံစွာဖြင့်  တည်ရှိခဲ့သည်။  အစောဆုံး ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည်ဟု ယူဆရသည့် ရှမ်းပြည်နယ် ရွာငံ မြို့နယ်အတွင်း  ပြဒါးလင်းဂူတွင် အထောက်အထားများရှိသည်။ ပုံတောင်ပုံညာ ဒေသတွင်တွေ့ရှိရသည့် ရုပ်ကြွင်းများမှာ လူသားမျိုးနွယ်အစ နှစ်သန်းပေါင်း များစွာကဟုပင် ဆိုထားသည်။

ယခု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ညောင်ကန် ကျေးရွာတွင် ကြေးခေတ်၊ သံခေတ်ကတည်းက တည်ရှိခဲ့သည့် နေရာများအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်များက ယခုလဆန်းပိုင်းမှစတင်ကာ ရှာဖွေတူးဖော်ရေးသုတေသနလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။ တူးဖော်မှုများမှ ရှေးဦးလူသားတို့၏ အရိုးစုရုပ်ကြွင်းများ၊ အဆိုပါလူသားများ၏ အသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိထားသည်ဟု ဆိုသည်။

ညောင်ကန်ကျေးရွာရှိ ကြေးခေတ်၊ သံခေတ် အထောက်အထားများ တည်ရှိရာနေရာများကို   လုပ်ကွက်အမှတ်(၁)နှင့်   အမှတ်(၂)ခွဲခြားကာ လေးမီတာပတ်လည် မြေအနက် မီတာ ၅ဝ ကျင်းများတူး၍ရှာဖွေခဲ့ကြရာ အရိုးစုရုပ်ကြွင်းများနှင့်အတူ အသုံးအဆောင်ပစ္စည်းနှင့် ကျောက်လက်နက် အပိုင်းအစများ၊ ပုတီးစေ့အပိုင်းအစများကိုပါ တွေ့ရှိရပေရာ မြန်မာ့မြေတွင် ရှေးဦးကာလကတည်းက လူသားယဉ်ကျေးမှုများဖြစ်ပေါ်ခဲ့သည်ကို ခိုင်မာစွာ ထပ်မံ သက်သေပြနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေတွေ့ရှိ၍ ထိန်းသိမ်း စောင့်ရှောက်ရာတွင် ရှေးဟောင်းဘဝပုံစံကိုထိန်းသိမ်းခြင်းနှင့် ရှေးဟောင်း ပစ္စည်းထိန်းသိမ်းခြင်းဟူ၍ သတ်မှတ်ထားရာ တွေ့ရှိသောပစ္စည်းများနှင့် တွေ့ရှိရာနေရာများအားလုံးကို အဆိုပါနည်းနှစ်နည်းဖြင့် သင့်လျော်သလို ထိန်းသိမ်းစောင့်ရှောက်သွားလိမ့်မည်ဟု ယုံကြည်ပါသည်။  ရှေးဟောင်းပစ္စည်းထိန်းသိမ်းခြင်းကို ပြတိုက်အတွင်းသိမ်းဆည်းထားခြင်းဖြစ်၍ အခက် အခဲမရှိနိုင်သော်လည်း ရှေးဟောင်းဘဝများအား ပကတိပုံစံအတိုင်း မပျက်ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရာ၌ အခက်အခဲများရှိနိုင်ပေသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုများကို တန်ဖိုးထားမှုအလေ့ အကျင့်ကောင်းများ နည်းပါးနေသေးသည်။ အထူးသဖြင့် တွေ့ရှိရာဒေသများမှာ ကျေးလက်ဒေသလူနေရွာများတွင်ဖြစ်၍ အဆိုပါရှေးဟောင်းဘဝ ပုံစံများမှာ သမိုင်းတန်ဖိုးကြီးမားသဖြင့် ဒေသခံပြည်သူများအား အသိပညာ ပေးခြင်းနှင့်ပူးပေါင်းပါဝင်ခြင်းတို့ အလေးထားလုပ်ဆောင်ကြရဦးမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရေမြေတောတောင်များတွင် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်တည်ရှိနေပြီးဖြစ်၍ တွေ့ရှိခဲ့ပြီးဖြစ်သည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု လက်ရာအမွေအနှစ်များအား    အလေးထားထိန်းသိမ်းစောင့်ရှောက်ကြ ရန်တိုက်တွန်းပါသည်။      ။

No comments:

Post a Comment