Tuesday, February 2, 2016

နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများအား ငှားရမ်းနေထိုင်သည်ထက်အခန်းများကို အများအပြားဝယ်ယူလာနိုင်


The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်နေထိုင်ကြမည့် နိုင်ငံခြားသားများအနေဖြင့် ယခုအခါ ကွန်ဒိုမီနီယံဥပဒေ ထွက်ပေါ်ခဲ့ပြီဖြစ် သောကြောင့် ကွန်ဒိုတိုက်ခန်းများအား ငှားရမ်းနေထိုင်သည်ထက် အခန်းများကို အများအပြားဝယ်ယူလာနိုင်စရာအကြောင်းရှိကြောင်း အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှားရမ်းသူများအတွက် ကြားမှ ချိတ်ဆက်ဆောင်ရွက် ဝန်ဆောင်မှုပေးနေသည့် iMyanmarHouse.com မှ သိရ သည်။
iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ''ဒီလိုကွန်ဒိုဥပဒေထွက်ပေါ်ခဲ့လိုက်တာဟာ အိမ်၊ ခြံ၊ မြေဈေးကွက်မှာအရောင်းအဝယ်တော်တော်ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဥပဒေအရ ဆိုထားတာက ကွန်ဒိုတစ်လုံးမှာ တိုက်ခန်းပေါင်း ၁ဝဝ ရှိရင် အခန်းပေါင်း ၄ဝ ကို ဆောက်လုပ်ရေးသမားက နိုင်ငံခြားသားကို ရောင်းချပေးနိုင်တဲ့သဘောပါ။ အဲ့ဒီတော့ အိမ်၊ ခြံ၊ မြေဈေးကွက်ကြီးဟာလည်း ပြန်လည်အသက်ဝင်လှုပ်ရှားနိုင်စရာ အကြောင်း ရှိပါတယ်၊ ဒီလိုကွန်ဒိုဥပဒေထွက်ပေါ်လိုက်တာဟာ နိုင်ငံခြားသားများအတွက်တင် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေ ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်ဖက် တစ်လမ်းက စည်းမျဉ်း၊ စည်းကမ်းတွေသတ်မှတ်ပြီး ဥပဒေအရ တင်းကျပ်လိုက်တာဖြစ်တဲ့အတွက် ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများဖြစ်လာတော့မှာပါ။ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေအတွက် အလွန် အကျိုးရှိသွားပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ဒိုရဲ့ စံချိန်စံညွှန်းနဲ့ညီညွတ်တဲ့အခန်းတွေကို အများ ပြည်သူတွေကလည်း ဝယ်ယူနိုင်ကြတော့မှာမို့ပါ'' ဟု ပြောကြားသည်။
ကွန်ဒိုမီနီယံဥပဒေပေါ်ထွက်ခြင်းဖြင့် နိုင်ငံခြား သားများအတွက် ကွန်ဒိုတိုက်ခန်း၏ ၄ဝ ရာခိုင်နှုန်း ကို ဆောက်လုပ်ရေးကုမ္ပဏီများက ရောင်းချနိုင်ကြ ကြောင်း၊ ထိုကဲ့သို့ ရောင်းချပေးလိုက်သဖြင့် မြန်မာ နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့်လာရောက် နေထိုင်ကြမည့် နိုင်ငံခြားသားများနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြမည့် နိုင်ငံခြားသားများ က ကွန်ဒိုတိုက်ခန်းများကို ငှားရမ်းနေထိုင်သည် ထက် အများအပြားဝယ်ယူလာနိုင်ကြတော့မည် ဖြစ်ရာ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်း အဝယ်များ ပိုမိုအားကောင်းလာနိုင်မည်ဖြစ် ကြောင်း၊ သတ်မှတ်မြေဧရိယာ စတုရန်းပေ ၂ဝဝဝဝ အထက်၌ ဆောက်လုပ်ထားသော ကွန်ဒိုတိုက်ခန်းများအတွက် ယခုကဲ့သို့ ကွန်ဒိုဥပဒေ ထွက်ပေါ်ခဲ့ပြီဖြစ်သောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ မြှင့်တင် ပေးလိုက်ခြင်းသာဖြစ်ကြောင်း၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်းများ လုပ်ဆောင်နေကြသူများအတွက် လည်း ပိုမိုကောင်းမွန်သောအကျိုးကျေးဇူးရလဒ် များရလာနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ဥပဒေ ထွက်ပေါ်လာခြင်းကို အိမ်၊ ခြံ၊ မြေအသိုင်းအဝိုင်း များက ကြိုဆိုလိုက်ကြောင်း သိရသည်။
''လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်က ပြီးခဲ့တဲ့နှစ် ထက်စာရင် အရောင်းအဝယ်နည်းနည်းပြန်ဖြစ် နေပြီလို့ပြောလို့ရပါတယ်။ အချို့တိုက်ခန်းသမား တွေ၊ မြေကွက်သမားတွေကလည်း ဈေးလျှော့ပြီး ရောင်းချလာကြတာကို တွေ့ရပါတယ်။ ဒီနှစ်အတွင်း နဲ့ လာမယ့် ၂ဝ၁၇ ခုနှစ်ကာလတွေမှာ အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အရောင်းအဝယ်တွေပိုမိုဖြစ်လာ တော့မှာပါ။ အငှားတွေလည်းဖြစ်လာပါလိမ့်မယ်။ နိုင်ငံခြားသားတွေကလည်း သူတို့နေထိုင် အလုပ် လုပ်ကိုင်ဖို့အတွက် လူနေအိမ်တိုက်ခန်းတွေ၊ ရုံးခန်း တွေလိုအပ်လာတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံ ခြားကနေ အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုတွေအလုံးအရင်းနဲ့ဝင်ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းအတက်၊ အကျ ဆိုတာကတော့ နောင်တက်လာမယ့် အစိုးရအပေါ် မှာပဲမူတည်ပါတယ်။ အစိုးရသစ်လက်ထက်မှာလည်း အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေ နေထိုင်မှုအဆင်ပြေစေဖို့အတွက် စီမံကိန်းတွေချမှတ် ဖော်ဆောင်မယ်လို့ခန့်မှန်းထားပါတယ်။ အဓိက ကတော့ အခြေခံလူတန်းစားပြည်သူတွေအဆင်ပြေစေဖို့အတွက် အရင်ဆုံး တန်ဖိုးနည်းအိမ်ရာစီမံကိန်း တွေကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။ နောင်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း တွေ အောင်မြင်ဖို့အတွက်ဆိုတာက
ထွက်လာမယ့် တိုက်ခန်းတွေမှာ အမှန်တကယ်နေထိုင်ကြမယ့် အများပြည်သူတွေလက်ထဲကိုသာ မူဝါဒများ ချမှတ်ပြီး ရောင်းချပေးစေချင်ပါတယ်။ ဒါဆို အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ တိုးတက်ဖွံ့ဖြိုးလာစရာ အကြောင်းရှိပါတယ်'' ဟု သုံးသပ်ပြောကြားသည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment