Monday, February 29, 2016

သံလွင်တံတား (ချောင်းဆုံ)နှင့်အတူ တိုးတက်ပြောင်းလဲလာတော့မည့် ဘီလူးကျွန်း



ရော်ဘာပြားများကို ဝါးလုံးလျှိုပြီး ရှေ့တစ်ဦး၊ နောက်တစ်ဦးထမ်းကာ ဒယိမ်းဒယိုင်ဖြင့် စက်လှေဆိပ်သို့ ဆင်းလာသူများ၊ ပစ္စည်းထုပ်များကို ဦးခေါင်းပေါ်တွင်ရွက်ကာ ခန္ဓာကိုယ်ကိုထိန်းပြီး ကလေးငယ်ကိုခါးထစ်ခွင်လျက် တစ်လှမ်းချင်း  ကမ်းစပ်စက်လှေပေါ်သို့ ဆင်းသက်လာသူများကို ဘီလူးကျွန်း ကညှော်ရွာဆိပ်ကမ်း၌ နေ့စဉ်ရင်မောဖွယ်ရာ မြင်တွေ့နေရသည်။ သူတို့ရှေ့၌ မာန်ဟုန်ပြင်းပြင်းနှင့် စီးဆင်းနေသော သံလွင်မြစ်ကို စက်လှေဖြင့် သည်းထိတ်ရင်ဖို ဖြတ်သန်း ရဦးမည်။ လှိုင်းလေထန်ပြီး ရေစီးသန်သော သံလွင်မြစ်ကို အသက်စွန့်ဖြတ်သန်းကာ မော်လမြိုင်သို့ နေ့စဉ် သွားရောက်နေရသော ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)နေ ပြည်သူများဘဝ အခက်အခဲများက နှစ်ပေါင်းများစွာကြာခဲ့ပြီ။
လမ်းပန်းဆက်သွယ်ရေးက ရေတစ်တန်၊ ကုန်းတစ်တန်၊ လျှပ်စစ်မီးလည်းမရှိ၊  လူငယ်များအတွက်  တက္ကသိုလ် ကောလိပ်များမရှိ၊ ဘဝတွေနုံချာခဲ့သည်။ အနာဂတ်တွေ မှုန်ဝါးခဲ့သည်။   ဖွံ့ဖြိုးမှုနောက်ကျခဲ့သည့်  ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်)အတွက်    သံလွင်မြစ်ကိုဖြတ်ပြီး မော်လမြိုင်မြို့နှင့်    ဆက်စပ်ပေးမည့်   သံလွင်တံတား (ချောင်းဆုံ)ကို တည်ဆောက်ပေးရန် နိုင်ငံတော်က စီစဉ် ပေးခဲ့ပြီဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က မွန်ပြည်နယ်သို့ လာရောက်ခဲ့ သည့်ခရီးစဉ်တွင် ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သော ဘီလူးကျွန်း အား တိုးတက်ဖြစ်ထွန်းမှုများရရှိစေရန် သံလွင်တံတား (ချောင်းဆုံ)ကို  တည်ဆောက်ပေးရန်  လမ်းညွှန်ခဲ့သည်။
သံလွင်တံတား(ချောင်းဆုံ)ကို တည်ဆောက်ပေးတော့ မည်ဟူသောသတင်းက    ဘီလူးကျွန်းတစ်ကျွန်းလုံးရှိ ပြည်သူများထံ မွှေးပျံ့စွာရောက်ခဲ့လေသည်။ ဝမ်းသာပီတိ ဖြစ်စရာ၊ ကြက်သီးမွေးညင်းထစရာကောင်းသော၊ မမျှော် လင့်ထားသောသတင်းပင်။ လူကြီးလူငယ်အားလုံး ပျော်ကြ သလို မွန်ပြည်နယ်တစ်ခုလုံးလည်း  မင်္ဂလာသတင်းဖြစ် သည်။ မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁ဝ မြို့နယ်ကျော် ပါဝင်တည်ရှိနေရာ ဘီလူးကျွန်း(ချောင်းဆုံ)မြို့နယ်တစ်ခု တည်းသာ မော်တော်ယာဉ်ဖြင့် တစ်ဆက်တစ်စပ်တည်း သွားလာ၍မရဘဲ သံလွင်မြစ်ခြားပြီး သီးခြားတည်ရှိနေခြင်း ဖြစ်သည်။ ယခုတော့ တစ်စိတ်တစ်ဝမ်းတည်းအစည်းအတား မရှိ ပေါင်းစည်းရပ်တည်နိုင်တော့မည်။ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူလက်တွဲဆောင်ရွက်နိုင်တော့မည်။
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်ရသည်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန    တံတားဦးစီးဌာနက  သံလွင်တံတား(ချောင်းဆုံ)တည်ဆောက်နိုင်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများကို အဆင့်ဆင့်ပြုလုပ်ခဲ့ သည်။ ကနဦးအနေဖြင့် လမ်းအူကြောင်းရွေးချယ်မှုများ ပြုလုပ်ကာ အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးလမ်းကြောင်း မြေနေရာအား ရွေးချယ်ခဲ့ပြီး တည်ဆောက်မှုလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
''တံတားတည်ဆောက်ရေးအတွက်     ပထမလမ်း အူကြောင်းရွေးချယ်မှု ငါးခုထဲကမှ အကောင်းဆုံးနဲ့ အသင့် လျော်ဆုံးတစ်ခု   ရွေးချယ်ခဲ့ပြီး   ဘီလူးကျွန်းဘက်ခြမ်း ကညှော်ရွာနဲ့ မော်လမြိုင်မြို့ဘက်ခြမ်း   ကျိုက်မုပွန်အရပ် တို့ကို  ဆက်သွယ်တည်ဆောက်ဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ  ပန္နက်တင်မင်္ဂလာ အခမ်းအနားပြုလုပ်ကာ     စတင်တည်ဆောက်ခဲ့တာဖြစ် ပါတယ်''ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် သံလွင် တံတား(ချောင်းဆုံ) စီမံကိန်းတာဝန်ခံ ဦးသိန်းမြင့်မွန်က ပြောသည်။
တံတားတည်ဆောက်နေသည့်    လုပ်ငန်းခွင်များ မြင်တွေ့ရခြင်းကြောင့်     ဘီလူးကျွန်းနေပြည်သူများ အားတက်ခဲ့ကြသည်။ မိမိတို့ နှစ်ပေါင်းများစွာ မျှော်လင့် ခဲ့ကြသော အိပ်မက်များ လက်တွေ့အကောင်အထည်ပေါ် လာတော့မည်ဟုတွေးကာ  ပျော်ရွှင်ခဲ့ကြသည်။  တံတား တည်ဆောက်ရေးအဖွဲ့များကလည်း စက်ယန္တရားအင်အား၊ အလုပ်သမားအင်အားတို့ဖြင့် နေ့ရောညပါ လုပ်ကိုင်ကြရာ ယခုအခါ သံလွင်မြစ်ပေါ်တွင် တံတားတိုင်များ ပေါ်ထွက် လာပြီဖြစ်သည်။  အချို့တံတားတိုင်များက  ပြီးစီးနေပြီး အချို့တံတားတိုင်များက တည်ဆောက်ဆဲ၊ မြစ်လယ်တွင် ရေနက်ပြီး   ရေစီးသန်သောကြောင့်    ရေယာဉ်ကြီးများ၊ စက်ယန္တရားကြီးများအကူအညီဖြင့် ခက်ခက်ခဲခဲဆောင်ရွက် ရသည်။ အန္တရာယ်များသော၊ ခက်ခဲသော လုပ်ငန်းခွင်များ ဖြစ်သည်။
သံလွင်တံတား(ချောင်းဆုံ)၏    တံတားအရှည်မှာ ၅၂ဝ၃ ဒသမ ၄ ပေရှိပြီး တံတားခန်းဖွင့်ဖွဲ့စည်းပုံမှာ မော်လမြိုင်ဘက်ကမ်းတွင် Steel Plate Girder    မီတာ ၃ဝ တစ်ခန်း၊ Steel Box Girder   မီတာ ၆ဝ သုံးခန်း၊ Main Steel Truss  လေးခန်း၊ ချောင်းဆုံဘက်ကမ်းတွင်  Steel Box Girder  မီတာ ၆ဝ အကျယ် ၁၄ ခန်းဖြစ် သည်။ တံတားချဉ်းကပ်လမ်းမှာ မော်လမြိုင်ဘက်ကမ်း တွင် ၇၅၇ ပေရှိပြီး ချောင်းဆုံဘက်ကမ်းတွင် ၁၆၉၈ဝ ပေရှိရာ   ချဉ်းကပ်လမ်းအရှည်   ၁၇၇၃၇ ပေ (၃ မိုင် ၂ ဒသမ ၇၅ ဖာလုံ)ဖြစ်ကြောင်း သိရသည်။
ဘီလူးကျွန်းတွင် ယခင်က ကားတစ်စီးသာသာခန့်အကျယ်မောင်းနှင်၍ရသော ကတ္တရာခင်း ကျွန်းပတ်လမ်း ရှိသည်။ ယခုအခါ ကျွန်းပတ်လမ်းကို မော်တော်ယာဉ် နှစ်စီး ချောင်ချိစွာမောင်းနှင်သွားလာ၍ရသော ကတ္တရာ လမ်းအဖြစ် တိုးချဲ့ဖောက်လုပ်နေပြီဖြစ်သည်။ ယခု သံလွင် တံတား (ချောင်းဆုံ)၏ ကညှော်ရွာဘက် ချဉ်းကပ်လမ်းမှာ  ဘီလူးကျွန်း   ကျွန်းပတ်လမ်းနှင့်  သွားရောက်ထိစပ်မည် ဖြစ်ရာ ကားလမ်းကွန်ရက်မှာ တစ်ကျွန်းလုံး ချိတ်ဆက်မိပြီး မော်လမြိုင်မြို့သို့  မိနစ်ပိုင်းအတွင်း မောင်းနှင်သွားရောက် နိုင်တော့မည်ဖြစ်သည်။ မော်လမြိုင်မြို့မှတစ်ဆင့် တစ်နိုင်ငံ လုံးသို့ သွားရောက်နိုင်တော့မည်ဖြစ်ရာ လမ်းပန်းဆက်သွယ် ရေး ပွင့်လန်းသွားတော့မည်ဖြစ်သည်။ တစ်ဖန် မော်လမြိုင် မြို့မှ သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်းအတိုင်း ထိုင်း နယ်စပ်အထိပင်  ခရီးဆန့်နိုင်မည်ဖြစ်ရာ  ဘီလူးကျွန်းနေ ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်များက ဝေဖြာလျက် ရှိနေပြီဖြစ်သည်။
သံလွင်တံတား(ချောင်းဆုံ)ကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် တံတားအထူးအဖွဲ့(၄)နှင့် တံတားအထူးအဖွဲ့(၁)တို့ ပူးတွဲပြီး ဆောင်ရွက်နေသဖြင့် တံတားတည်ဆောက် ရေးလုပ်ငန်းများ အင်အားပြည့် ဖိဖိစီးစီးဆောင်ရွက်နိုင် သည်ကို တွေ့ရသည်။ လောလောဆယ်တွင် မော်လမြိုင် ဘက်ခြမ်းတွင်   ကုန်းပေါ်တံတားတိုင်များ   ပြီးစီးနေပြီး ရေလယ်တိုင်ငါးတိုင်လည်း ပြီးစီးနေပြီဖြစ်သည်။ တံတား တိုင် အုတ်မြစ်ချမှုများ လုပ်ကိုင်နေရာ လာမည့်မတ်လ ကုန်တွင် ကျန်ရေလယ်တိုင်များ၏ ဘိုးပိုင်အုတ်မြစ်လုပ်ငန်း များ အပြီးဆောင်ရွက်နိုင်မည်ဖြစ်သည်။ လောလောဆယ် တွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီကို တွေ့မြင်ရသည်။
သံလွင်မြစ်က ရေစီးသန်သည်။ မိုးတွင်းကာလတွင် ရေပြည့်ပြီး ရေစီးကြမ်းသဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းများကို ခက်ခဲစွာလုပ်ကိုင်ရသည်။ ရေယာဉ်ကြီး များ၊  ကရိန်းများ၊  စက်ယန္တရားကြီးများ  အကူအညီဖြင့် ဆောင်ရွက်ရသည်။   ဘိုးပိုင်နှင့်  အုတ်မြစ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကျောက်လွှာများ မာကျောသည့်အတွက် မျှော်မှန်းသည်ထက် ပိုမိုအချိန်ယူပြီး တူးခဲ့ရသည်။ မြေပြင် တွင် တံတားတိုင်များတည်ဆောက်ရခြင်းထက် သံလွင်မြစ် ကဲ့သို့ ရေစီးကြမ်းပြီး ရေနက်သောမြစ်များတွင် ဘိုးပိုင် လုပ်ငန်း၊ အုတ်မြစ်လုပ်ငန်းများက ပိုမိုခက်ခဲစွာ လုပ်ကိုင် ရသဖြင့်  မလွယ်ကူ၊  လုပ်ငန်းခွင်အန္တရာယ်မဖြစ်စေရန် လည်း ဂရုပြုရသည်။ လုပ်ငန်းများပြီးစီးရန်လည်း အင်အား ပြည့် လုပ်ကိုင်ရသည်။ ယခုအချိန်တွင် သံလွင်မြစ်ပေါ်၌ ရေယာဉ်နှင့် စက်ယန္တရားကြီးများ၊ ဆောက်လက်စတံတား တိုင်များ၊ တံတားထိပ်များပေါ်တွင် လုပ်ငန်းခွင်ဝင်နေကြ သော   အလုပ်သမားများဖြင့်   လှုပ်လှုပ်ရှားရှားမြင်ကွင်း များကို တွေ့မြင်ရသည်။
''တံတားကြီး  တဖြည်းဖြည်းနဲ့  ရုပ်လုံးပေါ်လာတာ နဲ့အမျှ ကျွန်တော်တို့ဘဝ အခြေအနေတွေ ပြောင်းလဲတော့ မယ်ဆိုတာ တွေးမိတယ်။ တံတားကြီး ပြီးစီးသွားရင် အခုလို ဆိပ်ကမ်းမှာ  စက်လှေပေါ် ကုန်တင်ကုန်ချအလုပ် တွေ ရှိတော့မှာမဟုတ်ဘူး။ တံတားပေါ်ကနေပြီး ကားတွေ နဲ့ တင်ပို့မှာဆိုတော့ စရိတ်လည်းသက်သာ၊ အချိန်လည်း မကုန်တော့ဘူးပေါ့၊   ကျွန်တော်တို့လည်း   ဒီထက်ပိုမို ကောင်းမွန်တဲ့  အလုပ်အကိုင်ပြောင်းပြီး လုပ်ကိုင်ဖို့ စဉ်းစား ထားပါတယ်''ဟု   မော်လမြိုင်မြို့   ကျိုက်မုပွန်ဆိပ်ကမ်းမှ ကုန်တင်ကုန်ချ အလုပ်သမားခေါင်းဆောင် ဦးတင်ဝင်းက သူ့အနာဂတ်ကို ပြောပြသည်။ တံတားကြီးတည်ဆောက် လိုက်သဖြင့်   လက်ရှိအလုပ်အကိုင်များ ပျောက်ကွယ်သွား မည်ကို စိုးရိမ်ပူပန်ခြင်းမရှိဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် သော  အလုပ်အကိုင်အခွင့်အလမ်းများ  ပေါ်ထွက်လာ မည်ဟု တွေးမျှော်ရင်း ကျေနပ်နေသူဖြစ်သည်။
သံလွင်တံတား(ချောင်းဆုံ)၏ တံတားအမျိုးအစားမှာ တံတားအုတ်မြစ်နှင့် တံတားအောက်ထည်သည် သံကူကွန် ကရစ်ဖြစ်ပြီး  တံတားအပေါ်ထည်မှာ  သံမဏိသံပေါင် တံတားဖြစ်သည်။ တံတားသံပေါင်များကို ဂျပန်နည်းပညာ ဖြင့်  ပြည်တွင်း၌  ထုတ်လုပ်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ တံတားပေါ်၌ နှစ်လမ်းသွားကားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ်  တစ်ဖက်လျှင် သုံးပေ သုံးလက်မ၊ ရေးလမ်းကင်းလွတ်အကျယ် ၄၂၆ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် (အမြင့်ဆုံးရေအမှတ်) ၄၆ ပေဖြစ်သည်။ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်နှင့် ဘီလူးကျွန်း(ချောင်းဆုံ မြို့နယ်)ကညှော်ရွာတို့ကို   ဆက်စပ်ကာ  တံတားတည် ဆောက်နေခြင်းဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် မူလငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၇ဝ၇ သန်း ရရှိခဲ့ပြီး    ဖြည့်စွက်ပြည်ထောင်စု   ရန်ပုံငွေကျပ်သန်း  ၁ဝဝဝဝ  နှင့်  ပြည်နယ်ရန်ပုံငွေကျပ်သန်း ၃၂၉ဝ ရရှိကာ တည်ဆောက်ရေးလုပ်ငန်းများ    ဆောင်ရွက်နေခြင်းဖြစ် သည်။  လောလောဆယ်တွင်  ရေလယ်တိုင် သုံးတိုင်နှင့် ချောင်းဆုံဘက်ကမ်းတွင်    တံတားတိုင်ရှစ်တိုင်တို့၏ ဘိုးပိုင်အုတ်မြစ်လုပ်ငန်းများ   ဆောင်ရွက်ပြီးဖြစ်သလို မော်လမြိုင်ဘက်ကမ်း၌      တံတားတိုင်သုံးတိုင်နှင့် ချောင်းဆုံဘက်ကမ်းတိုင်တို့ ဆောင်ရွက်နေပြီဖြစ်သည်။
မကြာမီက လာရောက်ခဲ့သော နိုင်ငံတော်သမ္မတ ကြီး ဦးသိန်းစိန်၏ မော်လမြိုင်ခရီးစဉ်တွင် သံလွင် တံတား(ချောင်းဆုံ)တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး  သတ်မှတ်ချိန်အတွင်း  ပြီးစီး ရေးတိုက်တွန်းခဲ့သည်။ တံတားတည်ဆောက်ရေးစီမံကိန်း ကို  တာဝန်ယူဆောင်ရွက်နေသော  အင်ဂျင်နီယာများ၊ အလုပ်သမားများကလည်း   နေ့စဉ်လုပ်ငန်းတာဝန်များ လုပ်ကိုင်နေကြသဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးမည် ဖြစ်သည်။   ချောင်းဆုံမြို့နယ်မှ   ပြည်သူများကလည်း သံလွင်မြစ်ကို   စက်လှေများဖြင့်ဖြတ်ကူးတိုင်း    သူတို့ အတွက်    တည်ဆောက်နေသော     သံလွင်တံတား (ချောင်းဆုံ) လုပ်ငန်းများကို ကြည်နူးဝမ်းသာစိတ်ဖြင့် ငေးမောကြည့်ရှုနေကြပြီဖြစ်သည်။ သူတို့ အနာဂတ်ဘဝ များ လှပမြှင့်တင်ပေးမည့်တံတားပင်။
ယခုအခါ ဘီလူးကျွန်း ကညှော်ရွာဘက်ရှိ တံတား ချဉ်းကပ်လမ်းကိုလည်း တစ်ပြိုင်တည်းဖောက်လုပ်လျက် ရှိသည်။ မြေကြီးဖို့ခြင်း၊ တာပေါင်ပြုလုပ်ခြင်း၊ ချောင်းကူး၊ မြောင်းကူးတံတားများ     ပြုလုပ်ခြင်းတို့ကို    လမ်းပိုင်း အလိုက်ခွဲကာ   နေ့ရောညပါ  ဆောင်ရွက်လျက်ရှိသည်။ ချဉ်းကပ်လမ်းများကို ကတ္တရာခင်းပြီးသည်အထိ ဆက်တိုက် လုပ်ကိုင်လျက်ရှိရာ မော်လမြိုင်မြို့နှင့် ကပ်လျက်ရှိသော ကညှော်ရွာသည်လည်း တံတားပြီးစီးပါက အချိန်တိုအတွင်း မြို့တစ်မြို့အလား     တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သလို ဘီလူးကျွန်းတစ်ကျွန်းလုံးရှိ ကျေးရွာများ အလျင်အမြန် တိုးတက်လာမည်ဖြစ်သည်။
ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)သည်     လျှပ်စစ် ဓာတ်အားလည်း   ရရှိနေပြီဖြစ်သည့်အပြင်  ကတ္တရာ ခင်းကားလမ်းကလည်း    ဘီလူးကျွန်းတစ်ကျွန်းလုံးသို့ ဖြန့်ကြက်သွားလာနိုင်ပြီဖြစ်ရာ သံလွင်တံတား (ချောင်းဆုံ)ပြီးစီးပါက သံလွင်မြစ်ပိုင်းခြားထားမှုကြောင့် အထီးကျန်ဖြစ် ခဲ့ရသောကာလများ လွန်မြောက်ကာ ဖွံ့ဖြိုးဝေစည်လာ တော့မည်မှာ အမှန်ပင်ဖြစ်သည်။

သတင်းဆောင်းပါး-ဝေယံဦး၊ဓာတ်ပုံ-ကေဇင်၊ဆောက်လုပ်ရေး

No comments:

Post a Comment