Monday, February 29, 2016

(29.2.2016) ကြေးမုံ စာတည်းရှုထောင့်


ဈေးကွက်စီးပွားရေးနှင့်အညီ
===================
မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသောစီးပွားရေး စနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ ဈေးကွက်အပေါ်မူတည်၍ လွတ်လပ်စွာစီးပွားကုန်သွယ်မှုပြုခြင်းလုပ်ငန်းများကို ဒီမိုကရေစီနိုင်ငံတိုင်းတွင် လုပ်ကိုင်ကြသည်။ ဈေးကွက်စီးပွားရေးကို ကျင့်သုံးသောကြောင့် စီးပွားရေးလုပ်ငန်းများ အပြိုင်အဆိုင်ဖွံ့ဖြိုးလာပြီး ပြည်သူများ လွယ်လင့် တကူ ဝယ်ယူအသုံးပြုနိုင်ကြသည်။
နိုင်ငံပိုင်စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲသောအခါ စီးပွားရေး ဆန်ဆန်ဈေးကွက်ကို ဖော်ဆောင်ကြသည်။ ပုဂ္ဂလိကလုပ်ကိုင်ရန်မသင့်သည့် အရေးကြီးသော လုပ်ငန်းများကိုသာ နိုင်ငံတော်ကလုပ်ကိုင်ပြီး ကျန်စီးပွား ရေးလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍသို့ ပြောင်းလဲလုပ်ခွင့်ပြုကြရသည်။
၂ဝ၁၁ ခုနှစ်မတိုင်မီ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်စဉ် ကတည်းက ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးဖော်ဆောင်ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံပိုင်ကဏ္ဍကို တစ်စတစ်စ လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ပေးသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများတိုးတက်ဖြစ်ထွန်းလာသည်။ နိုင်ငံတော်အနေဖြင့်လည်း ဝန်ထုပ်ဝန်ပိုးများလျော့ကျသွားသဖြင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ပိုမိုအားစိုက်လုပ်ကိုင်နိုင်သည်။
တစ်ချိန်သော ခေတ်ကာလက တံခါးပိတ်စီးပွားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံးကို ပြည်သူပိုင် ပြုလုပ်သည့်စနစ် ကျင့်သုံးခဲ့ဖူးသည်။ ထိုအခါ ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်မှု၊ လုပ်ကိုင်နိုင်မှုမရှိတော့ချေ။ တန်းစီတိုးစားသည့်စနစ်များ၊ ခွဲတမ်းစနစ်များ၊ မှောင်ခိုစနစ်များရှိလာပြီး ပြည်သူများ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘဲ စီးပွားရေးကျပ်တည်းခဲ့သည်။
စက်သုံးဆီတူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ယခင်ခေတ်ကာလများက နိုင်ငံတော်ပိုင်အဖြစ်သာ လုပ်ကိုင်ခဲ့သည်။ စက်သုံး ဆီကို နိုင်ငံပိုင်အရောင်းဆိုင်များတွင် ခွဲတမ်းစနစ်ဖြင့် သတ်မှတ်ပမာဏအတိုင်း အလှည့်ကျဝယ်ယူရသည်။ ရောင်းချပေးသော စက်သုံးဆီမှာလည်း အပြည့်အဝ မရှိခဲ့ချေ။ အကျင့်ပျက်ခြစားမှုများရှိခဲ့ပြီး ပြည်သူများ နစ်နာရသည်။
မျက်မှောက်ကာလတွင် နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၇၃ ဆိုင်အနက် ၁၂ ဆိုင်သာချန်လှပ်၍ ကျန်စက်သုံးဆီဆိုင်များအားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပေးခဲ့သည်။ တစ်ဆက်တည်းတွင် စက်သုံးဆီအရောင်းဆိုင်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး ဖြန့်ဖြူးရောင်းချခွင့်များ ပြုလုပ်ပေးလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီအရောင်းဆိုင် ၁၇၇၈ ဆိုင်အထိ တိုးတက်ဖွင့်လှစ်လာနိုင်ခဲ့သည်။
စက်သုံးဆီအရောင်းဆိုင်များအား ပုဂ္ဂလိကသို့ လွတ်လပ်စွာလုပ် ကိုင်ခွင့်ပြုပေးခြင်းနှင့်အတူ စက်သုံးဆီတင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေး အသင်းမှ အသင်းဝင်များအချင်းချင်း လွတ်လပ်စွာ ဈေးနှုန်းထိန်းညှိ ရောင်းချခြင်းပြုလာသည်ကို တွေ့ရသည်။ စက်သုံးဆီကို ပြည်ပမှတင် သွင်းရသောကြောင့် နိုင်ငံခြားငွေဈေးနှုန်းအပြောင်းအလဲအလိုက် ဈေးအတက်၊ အကျရှိသည်။ ထို့အပြင် စက်သုံးဆီအရည်အသွေးစိစစ်ပေးခြင်း၊ ဈေးနှုန်း ထိန်းညှိပေးခြင်းတို့ကိုလည်း နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင် ပြုလုပ်ပေးခြင်းအကျိုးဆက်ကြောင့် ပြည်သူများ စိတ်ချယုံကြည်စွာဖြင့် နေရာမရွေး၊ ဒေသမရွေးလွယ်လင့်တကူဝယ်ယူအသုံးပြုနိုင်သည်ကို တွေ့ရသည်။ ယင်းမှာ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရခြင်း အကျိုးကျေးဇူး၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရခြင်းတို့၏ အကျိုးကျေးဇူးများပင်ဖြစ်သည်။ ထို့အတူ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ပေးခြင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့် နိုင်ငံနှင့်ပြည်သူ ဆက်လက်အကျိုးရှိနေဦးမည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment