နေပြည်တော် ဖေဖော်ဝါရီ ၂၇
''တောင်သူလယ်သမားနေ့'' ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ရေလှောင်တမံစီမံကိန်း နှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ရေလှောင်တမံ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ပည်းကျောက်စာ တိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရာဇဂြိုဟ်ရေလှောင် တမံစီမံကိန်းသည် နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော မိမိတို့ အစိုးရသက်တမ်းငါးနှစ် ကာလ အတွင်း (၁၁)ခုမြောက် အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့် စီမံကိန်းလုပ်ငန်းကြီး ဖြစ်ပါကြောင်း၊ ဤစီမံကိန်းသည် ရေသိုလှောင်ပမာဏ ငါးသောင်းနှစ် ထောင် ဧကပေခန့်ကို သိုလှောင်နိုင် မည်ဖြစ်ပြီး ရေအားလျှပ်စစ်တပ်ဆင် အင်အား ၂ မဂ္ဂါဝပ် နှစ်လုံး၊ စုစုပေါင်း ၄ မဂ္ဂါဝပ်ဖြင့် နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ၂၁ ကီလိုဝပ်နာရီ သန်းပေါင်း ထုတ်လုပ် ပေးနိုင်မည်ဖြစ်သည့်အပြင် ကလေး ခရိုင်အတွင်း လယ်မြေဧက ၈၅ဝဝ ကို စိုက်ပျိုးရေလုံလောက်စွာဖြည့် တင်းပေးနိုင်မည် ဖြစ်ခြင်းတို့ကြောင့် မိုးစပါး၊ နွေစပါး သီးထပ်သီးနှံ များ ပိုမိုတိုးတက် စိုက်ပျိုးလာနိုင် မည်ဖြစ်ပြီး ဒေသနေပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထောက်အကူ ပြုဖွံ့ဖြိုးတိုးတက်လာစေနိုင်မည် ဖြစ် ပါကြောင်း။
ဤစီမံကိန်း၏ တိုက်ရိုက်အကျိုး ကျေးဇူးဖြစ်သည့် သဘာဝဘေး အန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ခြင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း ခြင်းလုပ်ငန်းများ ပြီးစီးသည့်ကာလ တွင် ကလေးမြို့ အပါအဝင် ဆက် စပ်ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည့်အပြင် သဘာဝပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်သာယာစေမှု အကျိုးကျေးဇူးများ ဖြစ်ထွန်းရရှိစေ နိုင်မည်ဖြစ်ကြောင်း။
အထူးသဖြင့် ဒေသနေတောင်သူ လယ်သမားများ၏ ကိုယ်တိုင်စိတ် ဆန္ဒပြင်းပြမှု၊ ကိုယ်တိုင်တိုးတက် ကြီးပွား အောင်မြင်လိုစိတ်ကို အခြေခံပြီး ကိုယ်ပိုင်Óဏ်ဖြင့် ကြံဆ၊ ကြံစည်ကြိုးပမ်းနိုင်စွမ်းရှိသလောက် သီးထပ်၊ သီးညှပ်စိုက်ပျိုးစွမ်းအား များ တိုးတက်လာစေနိုင်မည်ဖြစ် သည့်အတွက် မိသားစုတစ်စုချင်းစီ ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝများ ကြိုးစားကြလျှင် ကြိုးစားသလောက် တိုးတက်ရရှိတော့မည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ သား အားလုံးတို့၏ ရေရှည်''အမျိုး သားရေးအကျိုးစီးပွား အခြေခံလို အပ်ချက်''အတွက် ရင်းနှီးမြှုပ်နှံတည် ဆောက် အကောင်အထည်ဖော်ပေး နိုင်ခဲ့သော နိုင်ငံတော်၏ ကျေးဇူး တရားတို့ကို တုံ့ပြန်သောအားဖြင့် မိမိတို့ နေထိုင်မှီခိုအားထားကြရာ နယ်မြေဒေသအသီးသီး တိုးတက်ရေး အတွက်လည်းကောင်း၊ နိုင်ငံနှင့် အဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ဟန်ချက်ညီဖွံ့ဖြိုးတိုးတက် လာရေးအတွက် လည်းကောင်း အပြန်အလှန် ရိုင်းပင်းကူညီကြပြီး ''တစ်လှေတည်းစီး တစ်ခရီးတည်း သွား ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မြဲမြဲ'' အတူလက်တွဲကြလျက် နိုင်ငံသားအားလုံး ကျရာအခန်း ကဏ္ဍမှ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းပါ ဝင် တည်ဆောက်သွားကြရန် လေးစားစွာဖြင့် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ရာဇဂြိုဟ် ရေလှောင်တမံ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ ဦးခင်မောင်လွင်က ဒေသခံ ပြည်သူများကိုယ်စား ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က စီမံကိန်းတွင် ပါဝင်ဆောင်ရွက် ခဲ့သည့် ဝန်ထမ်းများနှင့် စက်ယန္တရား များ ကူညီဆောင်ရွက်ပေးခဲ့ကြ သည့် တိုင်းရင်းသားလုပ်ငန်းရှင်များ အား ဂုဏ်ပြုလက်ဆောင်များပေး အပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် ရာဇဂြိုဟ်ရေလှောင်တမံ ကမ္ပည်းကျောက်စာတိုင်ကို စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့ သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသာအေး တို့က ရာဇဂြိုဟ်ရေလှောင်တမံ ဖွင့်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်၍ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး မော်တော် ယာဉ်များဖြင့် ပင်မတမံနှင့် ကုန်း ကျောတမံများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ သည် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကမ္ပည်းကျောက် စာတိုင်နှင့် စက်ရုံဆိုင်းဘုတ်တို့ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးကာ ရေအားလျှပ်စစ်စက်ရုံအတွင်း လှည့် လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် စီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က မိုးတွင်း ကာလတွင် ကလေးဒေသ ရေကြီး ရေလျှံမှုမှ ကာကွယ်ရန်နှင့် စိုက်ပျိုး ရေ တိုးချဲ့ပေးဝေနိုင်ရေးအတွက် မဏိပူရ ဘက်စုံရေလှောင်တမံ တည်ဆောက်ရန်လိုအပ်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မြင့်လှိုင်က ရာဇဂြိုဟ် ရေလှောင်တမံစီမံကိန်းနှင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ငလျင်ဒဏ်အပါအဝင် သဘာဝဘေး ဒဏ်များ ခံနိုင်ရေးအတွက် ဆည်ကြံ့ ခိုင်မှုများကို မပြတ်စစ်ဆေးရန်၊ ၂ဝ၁၅ ခုနှစ်ကဲ့သို့ ထူးကဲရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် တွက်ချက် ပြင်ဆင်ထားရန်၊ ရေလှောင်တမံ အထက်ဘက်တွင် နုန်းထိန်းတမံ များဆောက်လုပ်နိုင်ရေး လေ့လာ ဆောင်ရွက်ရန်နှင့် ဆည်ရေဝေရေလဲ ဒေသများ၌ တရားမဝင်သစ်ခိုး ထုတ်မှုများ မရှိအောင် ကာကွယ် တားဆီးရန်တို့ကို လမ်းညွှန်မှာကြား သည်။
ရာဇဂြိုဟ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီး ၌တည်ရှိပြီး ကလေးလွင်ပြင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်၊ စိုက်ပျိုးမြေဧက ၈၅ဝဝကို စိုက်ပျိုး ရေပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ် ၄ မဂ္ဂါဝပ်ထုတ်လုပ် သုံးစွဲနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ဖွင့်လှစ်လိုက်သည့် ရာဇ ဂြိုဟ်ရေလှောင်တမံသည် ရေဆင်း ဧရိယာ စတုရန်းမိုင် ၁၃ဝ၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၆၃ လက်မ၊ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ဧကပေ ၂၄၄၇၈ဝ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ဧက ပေ ၅၂ဝဝဝ၊ ကန်ရေသေရေလှောင် ပမာဏ ဧကပေ ၈ဝဝဝနှင့် ကန်ရေ ပြည့်ရေပြင်ကျယ်ဧရိယာဧက ၉၈ဝ ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ကလေးမြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ သည် ကလေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သို့ရောက်ရှိပြီး ဆရာ ဆရာမများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ဆရာ ဆရာမများအနေ ဖြင့် ကျောင်းသား ကျောင်းသူများကို ပညာတတ်အောင်၊ စည်းကမ်းကောင်း အောင်၊ ကိုယ်ကျင့်တရား ကောင်း အောင်နှင့် စစ်မှန်သောမျိုးချစ်စိတ် ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှိအောင် သင်ကြားလေ့ ကျင့်ပေးရန်နှင့် ကျောင်း၏ အသွင် သဏ္ဌာန်ရော အနှစ်သာရပါ တိုးတက် အောင် ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ သည် ပြင်သာကျေးရွာသို့ ရောက် ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကွန်ကရစ် လမ်းဖောက်လုပ်ထားမှုနှင့်လူနေအိမ် များ ဆောက်လုပ်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment