နေ့မွန်းလွဲပိုင်းပင်ရောက်နေပြီ။ ရုတ်တရက်ဝင်လာသောဖုန်းကြောင့် ဆိုင်းမဆင့်ဗုံမဆင့် ခရီးသွားဖို့ရာက အကြောင်းဖန်လာပြန်သည်။ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့သို့သွားရန် လယ်ဝေးဘူတာကို ညနေ ၃ နာရီခွဲ ရောက်မှဖြစ်မည်ဟုဆိုလိုက်သေးသည်။ ချက်ချင်းအိမ်ပြန်ကာ ခရီးဆောင် အိတ်ထဲ တွေ့သမျှအဝတ်အစားများထည့်ကာ နေပူပူ လယ်ဝေးဘူတာသို့ ဆိုင်ကယ်ကို အမြန်မောင်းကာ ထွက်ခဲ့ရတော့သည်။ သာဝတ္ထိမြို့ရှောင်လမ်းမှ လယ်ဝေးမြို့သို့သွားသည့် လမ်းဟောင်းအတိုင်း ခွဲထွက်သွားခဲ့ပြီး လမ်းကြမ်း လွန်း၍ ခရီးမှာထင်သလောက်မပေါက်ဖြစ်နေပြန်သည်။ ယခုလမ်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် လယ်ဝေးဘူတာကို သတ်မှတ်ချိန်အတွင်းရောက် တော့မည်မဟုတ်။ သို့နှင့်ပင် အေလာမြို့ကို သွားသည့်လမ်းဆုံအရောက် နေပြည်တော်မှ လေဆိပ်သို့သွားရာလမ်းကို ဖြတ်တက်ကာခရီးဆက်ရပြန်သည်။
လမ်းကောင်းလွန်းသည့်အတွက် အချိန်သိပ်မကြာလိုက်။ လယ်ဝေးမြို့ သို့ရောက်ပြီး ဘူတာရောက်အောင် နောက်ကြောင်းပြန်လှည့်ရသည့် ခရီးမှာ လည်းမနီးလှပေ။ လယ်ဝေးဘူတာအရောက်ပါလာသည့် ဆိုင်ကယ်များကို အပ်နှံဖို့ အနီးရှိအိမ်များကို အကူအညီတောင်းရပြန်သည်။ ဒေသခံများကတော့ ဆိုင်ကယ်အပ်နှံခပေး၍အပ်လို့ရသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်တော့ အပြောကောင်း၍လားမသိ ကျောင်းဆရာမများနေသည့်အိမ်တွင် ပိုက်ဆံ တစ်ပြားမျှမပေးရဘဲ အပ်နှံနိုင်ခဲ့သည်။ အချိန်ကိုက်ပင် ဘူတာရောက်သည်နှင့် ပျဉ်မနား-တောင်တွင်းကြီး လော်ကယ်ရထားဆိုက်ရောက်လာချိန် လက်မှတ် ဖြတ်ပြီး အမြန်ပင်တက်လိုက်ရသော်လည်း ထိုင်စရာနေရာကမရှိ။ ခရီးသည်နှင့် ကုန်များက ပြည့်ကျပ်လျက်တွေ့ရသည်။
နေကပူပူ ရထားတွဲပေါ်ကနေထွက်ပေါ်လာသည့် အနံ့ အသက်မျိုးစုံက ခေါင်းပင်နောက်လာပေပြီ။ ငါးပိ၊ ငါးခြောက်၊ ကုန်အမယ်မျိုးစုံနှင့် ခန္ဓာကိုယ်များမှထွက် လာသော ချွေးနံ့တို့မှာသင်းလှိုင်နေသည်။ အခက်တော့ တွေ့ပြီ။ ထိုင်စရာသာမရလျှင် တောင်တွင်းအထိကို အတော်ကို ဒုက္ခခံပြီးသွားရတော့မည်ဖြစ်သည့်အတွက် ခုံလွတ် များရှိနေသည့် တွဲထိန်းထံချဉ်းကပ်ပြီး အဆင်ပြေအောင် ပြောဆိုမှ ထိုင်ခုံနေရာရရှိကာ ကိုယ်နှင့်အတူလိုက်ပါလာ သူနှစ်ဦးပါနေရာများရရှိခဲ့၍ သက်သာရာရတော့သည်။
ယခုစီးနင်းသည့်လော်ကယ်ရထားမှာ တောင်တွင်းကြီးသို့ထွက်ခွာသည့်နောက်ဆုံးရထားဖြစ်၍လည်း ခရီးသည်များပြည့်ကျပ်နေပြီး အထုပ်အပိုးတင်စရာက စင်မပါ။ ပါလာသမျှသော အထုပ်အပိုးများကို အဆင်ပြေသလို ပင်ဆင့်ကဲထပ်ကာစီးနင်းကြခြင်းဖြစ်သည့်အပြင် ဘူတာ တစ်ခုရောက်တိုင်း ရောက်တိုင်း တောထွက်ကုန်များကို ပစ်၍တင်ကြခြင်းကြောင့် မနည်းကိုလွတ်အောင်ရှောင်ကြရ သည်ကို တွေ့ရှိရလေသည်။
လွန်ခဲ့သော ၁ဝ နှစ်ပိုင်းလောက်က ယခုလိုပင် လော်ကယ်ရထားနှင့် တောင်တွင်းကြီးသို့လိုက်ပါစီးနင်း ခဲ့ဖူးသော်လည်း ဘာမှမပြောင်းလဲ။ ပြောင်းလဲသည်က လမ်းတစ်လျှောက် သစ်တောကြီးများ လုံးဝမရှိတော့သည် ကိုတော့ အပြောင်းအလဲအဖြစ်မြင်တွေ့ခဲ့ရသည်။ ရှေ့ နောက်ဝဲ/ယာ ယိမ်းထိုးလှုပ်ရမ်းကာ လော်ကယ်ရထားကြီးမှာ သူ့ခရီးတာဝန်အတွက် နှေးနှေးမှန်မှန်ဖြင့် ပြေးလွှားနေ ဆဲ။ ရိုးမတောတွင်း ရထားလမ်းမှာတစ်လမ်းသာရှိ၍ ရှေ့ရထားလာနေလျှင် ဒီဘက်ကသွားနေသောရထားများ က ရပ်ပြီးရှောင်ကာစောင့်ဆိုင်းနေကြရပြန်သည်။
ရထားလမ်းတစ်လျှောက်ကျေးရွာများမှာ ရထားဖြင့်သာ ခရီးသွားလာနိုင်ကြ၍လည်း ရထားလမ်းတစ်လျှောက် မှာသာ ကျေးရွာများကိုမြင်တွေ့ရကာ မိုးစပါးပြီးနောက် မြေပဲစိုက်ခင်းများမှာ မြင်တွေ့ရသောရှုခင်းများအတွက် အလှအပဆုံးဟုပင်ပြော၍ရပါသည်။ လယ်ဝေးမြို့မှ မင်းပြင်ကျေးရွာအထိဖောက်လုပ်နေသော မြေသားလမ်းပေါ်တွင်လည်း ကားအချို့နှင့် ဆိုင်ကယ်များသွားလာနေသည်မှာ ဖုန်းတထောင်းထောင်းထနေပြီး နောက်ပိုင်းကာလများ၌ ကတ္တရာကျောက်ချောလမ်းအဖြစ်တိုးမြှင့်နိုင်ပါက ဒေသအတွက်များစွာတိုးတက်ပြောင်းလဲနိုင်သည်ကို တွက်ဆ ခန့်မှန်းနေမိသည်။ သို့နှင့် မင်းပြင်ဘူတာကိုဆိုက်ရောက်ကာ ရထားမှာကြာဦးမည်ဟု တွဲထိန်းကပြောပြသည်။
''ဒီဘူတာက ဝါးတွဲတွေချိတ်ဦးမှာ။ လွန်းထိုးချိတ်မှာ ဆိုတော့ကြာဦးမယ်။ အညောင်းအညာပြေ အောက်ဆင်းပြီး တစ်ခုခုစားလို့ရတယ်''ဟု ဆို၍ ရထားအောက်ကိုဆင်းကာ ဘူးသီးကြော် တစ်ပွဲမှာစားသည်။မြို့ပြနှင့်အလှမ်းဝေးသော်လည်း သူ့အရပ်နှင့်သူ့ဇာတ်ဆိုသလိုပင် အရောင်းအဝယ် လုပ်ငန်းများ၊ ဈေးဆိုင်တန်းများမှာ ရထားလမ်းနှင့်ကပ်လျက် ပင်ရှိပြီး ကလေးငယ်များမှာလည်း သူတို့ဘာသာဘာဝ ပြေးလွှားဆော့ကစားလျက်ပင်ရှိနေသည်။ ရာသီမှာ အပူပိုင်းကိုရောက်လာ၍လားမသိ မှောင်ရီယှက်သန်းချိန် ရောက်နေသည့်တိုင် အအေးဓာတ်မရှိသေးပေ။ မင်းပြင် ဘူတာတွင် တစ်နာရီကျော်ခန့်ကြာသွားပြီး ရိုးမတောထွက် ဝါးများတင်ဆောင်ထားသော တွဲဆိုင်းများကို ချိတ်ဆွဲကာ ရှေ့ခရီးဆက်ရပြန်လေသည်။ ရထားပေါ်တက်လာသူများမှာ သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများလည်းလိုက်ပါလာ သော်လည်း သူတို့အနေဖြင့်နေ့စဉ်ကြုံတွေ့နေရသည့် ခရီးဖြစ်နေ၍လည်း သိပ်မထူးခြားသလိုပင် လိုက်ပါစီးနင်း ကြလေသည်။
အမှောင်ထုဝင်ရောက်လာသည်နှင့်အဝေးမြင်ကွင်းများမသဲကွဲတော့။ ကျေးလက်တောရွာလေးများ၏ ဆိုလာ ဖြင့်ထွန်းသောမီးရောင်လေးများသာ မှိန်ပျပျလှမ်း၍ မြင့်တွေ့ရကာ ရထားဥသြဆွဲသံနှင့်အတူ ကိုးပေါက်ဘူတာကို ရောက်ရှိလာခဲ့ပြီး ခရီးပြင်းဒဏ်ကြောင့် မှေးစက်တော့မည့် မျက်လုံးများမှာ အောက်က ခရီးသည်များ၏အော်ဟစ် ဆူညံသံများအကြားလူးလွန့်ကြည့်လိုက်ရာတွင်တော့ လူသုံးယောက်လောက်ဝိုင်းမရသည့် ထင်းစည်းကြီးများ လူစီးတွဲ များပေါ်သို့ အတင်းထိုးတင်နေသည်ကိုတွေ့လိုက်ရပြန် သည်။ အမျိုးသမီးတစ်ယောက်ဆိုလျှင် ရထားကိုမောင်ပိုင် စီးထားသလားတောင်ထင်ရပြီး သူ့ထင်းကုန်များကို အလျင် အမြန်ပြီးအောင် အော်ဟစ်ပြောဆိုနေသည်မှာ ပွက်လောကို ရိုက်နေသည်။
''နောက်မှာကုန်တွဲတွေပါတယ်။ မတင်ဘူးဗျ။ ဒီလူစီး တွဲလေး သုံးတွဲပါတာ အတင်းတင်တာပဲ။ပြောလဲဂရုမစိုက်ဘူး။ပြောလဲမပြောရဲဘူး။ သူတို့က ဘယ်သူကိုမှမကြောက်တာ။ ဟိုတစ်နေ့ကဆို ခရီးသည်တစ်ယောက်က ထင်းစီးခိုင်းမိလို့ ပြောတာ ဝိုင်းပြီးထိုးကြိတ်လိုက်တာ မျက်နှာမှာရစရာကို မရှိဘူး။ ပြောတဲ့သူကို လေးဂွနဲ့ ပစ်တယ်။ ဝိုင်းထိုးတယ်။ ခုကြည့်လေ ဒီမှာသက်ကြီးရွယ်အိုတွေပါတယ်။ကျန်းမာရေး မကောင်းသူတွေပါတယ်။ ကဲဘယ်လိုဆင်းတက်ကြ မလဲ။ နောက်အိမ်သာကိုကြည့်လိုက်။ အဲဒီထဲမှာ ထင်းစည်းတွေ ထည့်ထားတော့ ခရီးသည်တွေ အပေါ့အလေး ဘယ်လိုသွားမလဲ''ဟု တွဲထိန်းကသူတွေ့ကြုံရပုံကို ပြောသည်။
နေပြည်တော်၊ တောင်တွင်း၊ ဆတ်သွား၊ ပခုက္ကူ၊ အောင်လံ၊ ပြည်မြို့များအထိ အမြန်၊ စာပို့ ၊RBE၊ လော် ကယ်ရထားများ နေ့စဉ် ၁ဝ စင်းခန့်ပြေးဆွဲပေးနေသော်လည်း ခရီးသည်နှင့်ရထားတွဲမှာ လောက်ငခြင်းမရှိသေးကြောင်း ၄င်းကပင်သုံးသပ်ပြောကြားသည်။ညနေ ၄ နာရီ ကတည်းက လယ်ဝေးဘူတာမှထွက်ခွာလာသည့် လော်ကယ် ရထားမှာ ဆတ်သွားဘူတာသို့ ည ၁ဝ နာရီမှပင်ရောက်ရှိ ကာ ဆင်းကျန်ရစ်ခဲ့ရသော်လည်း ခုမှမျက်စိခွဲကာ နေရပ်ပြန်လာသော အဘွားခမြာ ရထားပေါ်ကနေ ဘယ်လိုဆင်းမလဲ သို့လောသို့လော အတွေးများက ရင်ထဲ မှာဝေခွဲရခက်ခဲကာ အမှောင်ထဲအတိုင်း တိုးဝင်ပျောက် ကွယ်သွားသည့် ရထားကြီးကိုငေးကြည့်ရင်း မောဟိုက် ကျန်ရစ်ခဲ့လေပြီ...။
ကိုလွင် (ဆွာ)
No comments:
Post a Comment