Sunday, February 28, 2016

ငြိမ်းချမ်းသာယာမှုနှင့်အတူ ယှဉ်တွဲဖြစ်ထွန်းလာသည့် ခရီးသွားလုပ်ငန်း




The Mirror Daily's photo.


ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည် ဆောက်ရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါသည်။ အဘယ်ကြောင့် ဆိုသော် ခရီးသွားလုပ်ငန်းမှတစ်ဆင့် တိုင်းပြည်၏ GDP တိုးတက်မြင့်မားစေမှု၊ ဆင့်ပွားရလဒ်များအဖြစ် နိုင်ငံခြား ဝင်ငွေရရှိစေခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေမှု၊ ဒေသ ဖွံ့ဖြိုးတိုးတက်စေမှု၊ လူတန်းစားအလွှာ အသီးသီးသို့ ပျံ့နှံ့စိမ့်ဝင်၍ အကျိုးဖြစ်ထွန်းစေမှုအစရှိသည့် ဆင့်ပွားအကျိုးသက်ရောက်မှုများစွာဖြင့် တိုင်းပြည်ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် အရင်းများစွာ ရင်းနှီးမှု မပြုလုပ်ရဘဲ အကျိုးအမြတ်များစွာရရှိနိုင်သော အရင်း အမြစ်တစ်ခုဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့ကြောင့်ပင် ကမ္ဘာတစ်ဝန်းရှိ တတ်သိပညာရှင်များက မီးခိုးမထွက်သော စက်ရုံ (Smokeless Industry (or) Industry without a Chimney) ဟု ခရီးသွားလုပ်ငန်းကဏ္ဍအား တင်စားအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြခြင်းဖြစ်ပါသည်။

အထူးသဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်သော အဓိကအထောက်အကူပြု ကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်လာကြကြောင်း လက်ရှိမျက်မှောက်ခေတ် ခရီးသွားလုပ်ငန်းကဏ္ဍအား လေ့လာကြည့်ပါက အလွယ်တကူ သိရှိနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ အကျိုးကျေးဇူးများရရှိနိုင်သည့် ခရီးသွားလုပ်ငန်း ကဏ္ဍအရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အခြေခံအကျဆုံး ဦးစားပေး စဉ်းစား သုံးသပ်ရမည်မှာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ လုံခြုံမှုရှိစေရေးနှင့် လမ်းပန်းဆက်သွယ်မှုချောမွေ့စေရေးပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝပြီး စိမ်းလန်းသည့် တောတောင်ရေမြေ သဘာဝအရင်းအမြစ်များ ပြည့်စုံလှသဖြင့် လေ့လာလည်ပတ်ကြည့်ရှု စရာနေရာများ ပေါများလှပါသည်။ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသည့် တောင်တန်းကြီးများ၊ အလျင် မပြတ်စီးဆင်းနေသော မြစ်ချောင်းကြီးများ၊ လျှိုမြောင် စိမ့်စမ်း ရေတံခွန်များ၊ ဆီးနှင်းများ တစ်နှစ်ပတ်လုံးဖုံးလွှမ်း လျက်ရှိသည့် မြင့်မားသော ရေခဲတောင်များ၊ စိမ်းညို့သော သစ်တောကြီးများ၊ စိမ်းလန်းသောဥယျာဉ်ကြီးများ၊ ရှားပါးတန်ဖိုးကြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်ပင်ပန်းမန်များ ထိန်းသိမ်းထားရှိရာ Natural Park များနှင့် Wildlife Sanctuary များ၊ ထွန်ယက်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော မြေယာများနှင့် ရွှေဝါရောင်စပါးခင်းများ၊ ရှေးရာစု နှစ်ပေါင်းများစွာကပင် ရှေးမူလက်ရာမပျက်တည်ရှိခဲ့သော စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်များနှင့် ဘာသာရေး အဆောက်အအုံများ၊ ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာဓလေ့ကိုယ်ပိုင်ဟန်ဖြင့် ရပ်တည်နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၊ မပျက်စီးသေးသော ပင်လယ် ကမ်းခြေအလှအပများနှင့် လူသူအရောက်အပေါက် နည်းလှစွာသော တောင်ဘက်ကမ်းရိုးတမ်းတစ်လျှောက်ရှိ ကျွန်းကြီးကျွန်းငယ်အသွယ်သွယ်တို့မှာ ကမ္ဘာအနှံ့ရှိ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို စဉ်ဆက်မပြတ် ဆွဲဆောင်လျက်ရှိသော မြန်မာ့အဖိုးတန် ရတနာများပင် ဖြစ်ပါသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ချိန်မှစ၍ ပေါ်ပေါက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်စပ်ဒေသအများစုတွင် ဆယ်စု နှစ်ပေါင်းများစွာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အရေးကြီးကဏ္ဍများတွင် အစစအရာရာ ဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးခဲ့ရပါသည်။ အဆိုပါ ဒေသများတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများမှာ မတည်ငြိမ်သောဘဝ၊ စိုးရိမ်ထိတ်လန့်သော ဘဝတွင်သာ ဖြတ်သန်းနေထိုင်ရသူများအဖြစ် ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်း အရပ်တွင်တည်ရှိသော ကချင်ပြည်နယ်သည် တစ်နှစ် ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသော တောင်များ၊ ဧရာဝတီမြစ်ဆုံအလှ၊ ရင်သပ်ရှုမောဖွယ်ရာ ကြိုးတံတားများ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်း ရေချိုကန်ဖြစ်သော အင်းတော်ကြီး၊ လေ့လာရန်မကုန်နိုင်သည့် ဇီဝမျိုးစုံ မျိုးကွဲမျိုးစိပ်များဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လေ့လာလည်ပတ်ရန် သင့်တော်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားဧည့်သည်များ စိတ်ဝင်စားခဲ့သော်လည်း ပြည်ပခရီးသွားဧည့်သည်များ ထင်သလောက် လာရောက်လည်ပတ်နိုင်ခဲ့ခြင်းမရှိပါ။

အလားတူ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ စိမ်းညို့သော တောင်တန်းကြီးများ၊ မြေပေါ်မြေအောက် သဘာဝသယံ ဇာတပေါကြွယ်ဝသည့် စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်များ နှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့စရိုက်များ၊ နေထိုင်မှုပုံစံများကို လေ့လာလည်ပတ်၍ မကုန်ဆုံးနိုင်သည့် ရှမ်းပြည်နယ်တွင်လည်း အထက်ဖော်ပြပါ ပဋိပက္ခများကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်း သဘောတူညီမှုများအရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ အနာဂတ်နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု ရှိစွာဖြင့် ဘက်စုံကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်စေမည့် ထင်ရှားသော ပြယုဂ်တစ်ခု (သို့) သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။

ယခုကဲ့သို့ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှု ရလဒ်ကောင်းများအဖြစ် နေရာဒေသအတော်များများတွင် တည်ငြိမ်အေးချမ်းခြင်း၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ရရှိခံစားနေကြ ရပြီးဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် လမ်းတံတားများ တည်ဆောက်ပေးခြင်းဖြင့် ဒေသ တစ်ခုမှတစ်ခုသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ခြင်းနှင့်အတူ စီးပွားရေးကဏ္ဍအတွက်လည်း ကုန်စည်စီးဆင်းမှုများ မြန်ဆန်ခြင်း၊ နိုင်ငံအတွင်း လုံခြုံစိတ်ချရမှုရှိခြင်းများကြောင့် ပြည်တွင်းခရီးသွား ဧည့်သည်များသာမက နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ဧည့်သည်များပင် လွတ်လပ်အေးချမ်းစွာဖြင့် ဝင်/ထွက်လည်ပတ်နိုင်ပြီ ဖြစ်ပါသည်။

ပြည်ပနိုင်ငံတကာ လေကြောင်း လိုင်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများ ဖြစ်ကြသော ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး စသည့်နေရာများသို့ ယခင်ကထက် ပိုမိုတိုးတက်ဝင်ရောက်လျက်ရှိသကဲ့သို့ နိုင်ငံတကာရေဆိပ်၊ လေဆိပ်များ မှတစ်ဆင့် အပျော်စီးပင်လယ်ကူး သင်္ဘောခရီးစဉ်များ၊ စင်းလုံးငှားလေယာဉ်ခရီးစဉ်များနှင့် မီးပုံးပျံခရီးစဉ်များ အပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက် အသီးသီးမှတစ်ဆင့် ဝင်/ထွက်လည် ပတ်လျက်ရှိသော ပြည်ပမော်တော် ယာဉ်တန်း၊ ပြည်ပ မော်တော်ဆိုင် ကယ်နှင့် အပျော်စီးစက်ဘီးခရီးစဉ်၊ ခရီးသွားရုပ်သံမှတ်တမ်းရိုက်ကူးရေး ခရီးစဉ်များ စသည့် ခရီးစဉ်များမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အကြိုက်တွေ့သော လမ်းကြောင်း တစ်ခုဖြစ်ပြီး ယခင်ထက် ပိုမိုတိုးတက် များပြားစွာဖြင့် အဆက်မပြတ် ဝင်/ ထွက်လည်ပတ်မှုရှိသော နယ်စပ်ဖြတ် ကျော်ခရီးစဉ်များ ဖြစ်လာပါသည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ခရီးစဉ် များမှာ မြန်မာနိုင်ငံ၏ နယ်စပ်ဝင် ပေါက်တစ်ခုမှ ပြည်ပမော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်၍ မြန်မာနိုင်ငံ ပြည်တွင်းပိုင်းခရီးစဉ်ဒေသများသို့ သွားရောက် လည်ပတ်၍ အခြားနယ်စပ်ဝင်ပေါက်မှ ပြန်လည်ထွက်ခွာကြသည့် ခရီးစဉ် အမျိုးအစားများဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ ကိုယ်ပိုင်ယာဉ်များ၊ ဆိုင်ကယ်များ စီးနင်း မောင်းနှင်၍ ဝင်/ထွက်လည်ပတ်ခြင်း ဖြစ်ပါသဖြင့် ဒေသန္တရဗဟုသုတ အတွေ့အကြုံများ ရှာမှီးနိုင်ခြင်း၊ ရေမြေတောတောင် သဘာဝရှု မျှော်ခင်းအလှအပများကို ကြည့်ရှု ခံစားနိုင်ခြင်း၊ ဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးများ၏ နေထိုင်မှုပုံစံများကို လေ့လာနိုင်ခြင်း စသည်များကြောင့် နိုင်ငံခြားဧည့်သည်များ အကြိုက်တွေ့သော ခရီးစဉ်လမ်း ကြောင်းတစ်ခုအဖြစ် ထင်ရှားလာခြင်း ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့် နိုင်ငံခြားသား ဧည့်သည်များ စဉ်ဆက်မပြတ် တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ အခြားတစ်ဖက်တွင်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း(၂ဝ၁၃-၂ဝ၂ဝ) Myanmar Tourism Master Plan (2013-2020) အား သတ်မှတ် ပြဋ္ဌာန်းနိုင်ခဲ့သည့်နည်းတူ တာဝန်သိ ခရီးသွားလုပ်ငန်း (Responsible Tourism)၊ လူထုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT)စသည်ဖြင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် အစီအမံများချမှတ်ခြင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ် ခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထင်ရှားသည့် သာဓကများအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်ဒေသတွင် လူထုအခြေပြုခရီးသွား လုပ်ငန်းဆိုင်ရာ အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံတိုင်းရင်းသားလူမျိုး များ၏ လူနေမှုပုံစံအား ကိုယ်တိုင် သိရှိခံစားနိုင်စေရန်အတွက် ကရင် ပြည်နယ်အတွင်းရှိ သံတောင်ကြီး ဒေသတွင် (Bed and Breakfast) အစီအစဉ်ကို စတင်စမ်းသပ်အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းများအပြင် ရှမ်းပြည်နယ်၊ ပအိုဝ်းဒေသ ကက္ကူ၊ ထီနဲ့ အင်းနီနှင့် လွယ်ခေါ် ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုခရီးသွားလုပ်ငန်း၊ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတွင် တည်ရှိသောဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုံး၊ မြေစွန်း၊ မြစ်ကမ်းကြီးနှင့် ဆည်သည်ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသော လင်းပိုင်ကြည့် ခရီးသွားလုပ်ငန်း၊ ကချင်ပြည်နယ်တွင် ရှိပြီး ၂ဝဝ၅ ခုနှစ်တွင် အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခံ ခဲ့ရကာ ကမ္ဘာပေါ်တွင် အရေးကြီးသော ရေတိမ်ဒေသတစ်ခုအဖြစ် ၂ဝ၁၆ ခုနှစ်တွင် သတ်မှတ်ခြင်းခံခဲ့ရသည့် အင်းတော်ကြီးကန်တွင် ဆောင်ရွက်လျက်ရှိသော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ကယားပြည်နယ် လွိုင်ကော်မြို့အနီး ဒီးမော့ဆိုတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေ ပြုခရီးသွားလုပ်ငန်းများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ မျှော်မှန်းထားသည်ထက်များစွာတိုး တက်ဖြစ်ထွန်းလျက်ရှိသည်မှာ မည်သူမျှ ငြင်းဆို၍မရနိုင်သောအကြောင်း တရားတစ်ခုပင် ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းမှာ အထိအရှ မခံနိုင်သည့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အဓိက မောင်းနှင် အားတစ်ခုဖြစ်ပါသဖြင့် နိုင်ငံတည် ငြိမ်အေးချမ်းမှုရှိမှသာ ရေရှည်တည် တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်သော ခရီး သွားလုပ်ငန်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်ကာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင့်ပွားဖွံ့ဖြိုးတိုးတက်မှုများကို ရရှိခံစားရမည်ဖြစ်ပါသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ဧည့်သည်များအနေဖြင့် ဝင်/ထွက်သွားလာမှု လွယ်ကူအဆင် ပြေချောမွေ့ပြီး ဘေးအန္တရာယ်ကင်း ရှင်းစွာဖြင့် လုံခြုံစိတ်ချရမှသာလျှင် လာရောက် လည်ပတ်နိုင်မည်ဖြစ်ပါသဖြင့် ယခုကဲ့သို့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိခြင်း၊ အာရှလမ်းမကြီးကဲ့သို့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့လာခြင်းများကြောင့် ခရီးသွားလုပ်ငန်းမှာ ယခုထက် ထပ်မံတိုးတက်လာဦးမည်မှာ မလွဲဧကန် ပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

သတင်းဆောင်းပါး - Santino (Tourism)

No comments:

Post a Comment