Sunday, February 28, 2016

မိတ္ထီလာကန်ကူးတံတားသစ်ကြီး မတ်လတွင်ပြီးစီးမည်


The Mirror Daily's photo.
မိတ္ထီလာမြို့သည် ခရိုင်မြို့ကြီးဖြစ်ပြီး မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ တောင်ကြီးသွားကားလမ်း ငါးလမ်းဆုံမြို့ဖြစ်သည်။ ထို့ကြောင့် မိတ္ထီလာ မြို့တွင် ခရီးသည်တင်ကား၊ ကုန်တင်ကား၊ ကုမ္ပဏီကား၊ ၁ဝ ဘီးကား၊ ၁၂ ဘီးကား၊ တွဲကားများနှင့် ဘုရားဖူးကားများ၊ ကိုယ်ပိုင် ကားများ နေ့စဉ်ဖြတ်သန်းသွားလာနေကြသည်။ ယခုအခါ ကားစီးရေတိုးလာသဖြင့် နေ့စဉ်ကားလမ်း ငါးလမ်းတွင် ကားများ အဆက်မပြတ် ဖြတ်သန်းသွားလာနေကြသည်။
မိတ္ထီလာမြို့ မြို့မလေးရပ်ကွက်နှင့် နန်းတော်ကုန်းရပ်ကွက်သို့ ဆက်သွယ်ထားသော မိတ္ထီလာ-ကျောက်ပန်းတောင်းသွား ကန်ကူးတံတားရှိသည်။ ကန်ကူးတံတားမှာ ဖဆပလခေတ်က ဘေလီတံတားဖြစ်သည်။ မဆလခေတ်တွင် ခေတ်မီကွန်ကရစ်တံတား ဖြစ်သည်။ ကန်ကူးတံတားမှာ ပေ၂ဝဝ အရှည်၊ အကျယ် ၂၄ ဒသမ ၇ ပေနှင့် နှစ်လမ်းသွား ကန်ကူးတံတားကြီးဖြစ်သည်။ ကန်ကူးတံတား အနောက်ဘက်တွင် ချဉ်းကပ်လမ်းမှာ ပေ ၆၆ဝ ဖြစ်သည်။
မိတ္ထီလာကန်ကူးတံတား အနောက်ဘက် တွင် အထက(၁)ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသား ၄ဝဝဝ ကျော် ပညာသင်ကြား လျက်ရှိသည်။ ကျောင်းဆင်း ကျောင်းတက်ချိန် တွင် တံတားပေါ်၌ ကျောင်းသား ကျောင်းသူ များ၏ စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် ယာဉ်ကြောပိတ်ဆို့နေသည့်အပြင် ယာဉ် အန္တရာယ်လည်း ဖြစ်နိုင်သည်။ ခေတ်နှင့်အညီ ကားများလည်း တိုးပွားလာသည်။ တံတား ပေါ်တွင် ကားမျိုးစုံ နေ့ရောညပါ ဖြတ်သန်း နေကြသဖြင့် မိတ္ထီလာ လွှတ်တော်ကိုယ်စားလှယ် များက တံတားသစ်တစ်စင်း တည်ဆောက်ပေးရန် လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ရာ လွှတ်တော်မှ ကန်ကူးတံတားသစ်တစ်စင်း ဆောက်လုပ်ရန်ခွင့်ပြုခဲ့သည်။
မိတ္ထီလာကန်ကူး တံတားသစ်ကြီးကို လက်ရှိ မူလတံတားတောင်ဘက်တွင် တံတား သစ်ကြီးတစ်စင်းတည်ဆောက်ရန် တံတား ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအထူးအဖွဲ့ (၁၄)က တာဝန်ယူ၍ မူလတံတားတောင် ဘက်တွင်ကပ်လျက် ကန်ကူးတံတားအဟောင်းနှင့် ကန်ကူးတံတားအသစ်တို့ပေါင်းစပ်ပြီး တံတားပေါ်တွင် ယာဉ်သွားလမ်းအကျယ် ၄၈ ပေ ကျယ်ဝန်းပြီး လေးလမ်းသွားအဖြစ် အသုံးပြုနိုင်ကာ တံတားခံနိုင်ဝန်တန် (၆ဝ) ဖြစ်သည်။ မိတ္ထီလာကန်ကူးတံတားသစ်ကြီး၏ တံတားအရှည်မှာ ပေ ၈ဝဝ ရှိပြီး ခန်းဖွင့်မှာ ပေ ၁ဝဝ အကျယ်ရှိသည်။ တံတားအကျယ်မှာ ယာဉ်သွားလမ်း ၄၈ ပေ လေးလမ်းသွား (မူလနှစ်လမ်းသွား) လူသွားလမ်းတစ်ဖက် ခြောက်ပေစီဖြစ်သည်။
ကန်ကူးတံတားသစ်ကြီးကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁ ရက်က စတင်တည်ဆောက်ခဲ့ရာ တံတားအမျိုးအစားမှာ အုတ်မြစ် MINI BORE PILE၊ ကိုယ်ထည်သံကူကွန်ကရစ် တိုင်ပေါ်တွင် RC GIRDER+PC GIRDER+ PLATE GIRDER ဖြစ်သည်။ တံတားခံနိုင် ဝန် AASHTO(HS-20) ယာဉ်တစ်စီးချင်း တန် ၆ဝ ဖြစ်သည်။ ကန်ကူးတံတားသစ်ကို ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၁၄)က တာဝန်ယူတည်ဆောက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ယာဉ်များဖြတ်သန်းအသုံးပြုခဲ့သည်။
မူလကန်ကူးတံတားတောင်ဘက်တွင် ကပ်လျက် တည်ဆောက်ခဲ့သော ကန်ကူး တံတား သစ်ကြီးပြီးသည့်နောက် ကန်ကူး တံတားဟောင်းနေရာတွင် ကန်ကူးတံတားသစ် ကြီးကိုလည်း ဆက်လက်တည်ဆောက်လျက် ရှိသည်။ မိတ္ထီလာကန်ကူး တံတားသစ်ကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အထူးအဖွဲ့(၄) မန္တလေးမြို့က တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ တံတားတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက စတင်တည်ဆောက်ခဲ့သည်။
ယခုအခါ တံတားလုပ်ငန်း များ ၉ဝ ရာခိုင်နှုန်းပြီစီးနေပြီဖြစ်သည်။ ချဉ်းကပ်လမ်းလည်း ပြီးစီးနေပြီဖြစ်ပြီး တံတားပေါ်ကတ္တရာခင်းရန်နှင့် လက်ရန်းများတပ်ဆင်ရန်သာ ကျန်တော့သည်။
မိတ္ထီလာကန်ကူးတံတားတိုးချဲ့ခြင်းလုပ်ငန်းတစ်ခုလုံး၏ ကုန်ကျငွေမှာ ငွေကျပ် သန်းပေါင်း ၂၇ဝဝ ဖြစ်သည်။ ကန်ကူးတံတားသစ်ကြီးကို ငါးလအတွင်းအပြီးတည် ဆောက်ခြင်းဖြစ်သည်။ ကန်ကူးတံတားသစ်ကြီးကို မတ်လအတွင်း ပြီးစီးမည်ဖြစ်၍ ယာဉ်သွားလာမှုအတွက် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
မိတ္ထီလာကန်ကူးတံတားသစ်ကြီး ပြီးစီးသွားပါက အရှည်ပေ ၈ဝဝ အသွားနှစ်လမ်း အပြန်နှစ်လမ်း လေးလမ်းသွားတံတားကြီးပေါ် ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ မိတ္ထီလာကန်ကူးတံတားကြီးမှာ စွယ်တော်ရွက်ကဲ့သို့ နှစ်လွှာပေါင်းမှ တံတားတစ်စင်းဖြစ်သည်။
ဒါ့အပြင်ယာဉ်များလွယ်ကူ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်း သွားလာနိုင်ပြီး ကုန်စီကူးသန်းမှုလည်း လွယ်ကူလျင်မြန်စွာ ကူးသန်းနိုင်မည်ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးအတွက် များစွာအသုံးဝင်မည့်တံတားသစ်ကြီးဖြစ်ကြောင်း ဝမ်းသာဂုဏ်ယူစွာရေးသားတင်ပြလိုက်ပါသည်။
တင်လှိုင်(မိတ္ထီလာ)

No comments:

Post a Comment