Wednesday, February 3, 2016

လွှတ်တော်အသစ်နှင့် မျှော်လင့်ချက်များ



The Mirror Daily's photo.


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ခေါ်ယူကျင်းပလိုက်ပြီဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၄၃၃ ဦးရှိသည့်အနက် ၄၂၉ ဦးတက်ရောက်၍ ကတိသစ္စာပြုခဲ့ကြသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်နှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ် တို့အား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ပထမဆုံးအကြိမ်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားနှင့် အမြင်များကို တွေ့ဆုံမေးမြန်း၍ ရေးသားဖော်ပြလိုက်ပါသည်-

ဦးမြင့်လွင်(ပုဇွန်တောင်မဲဆန္ဒနယ်)

ကျွန်တော်လည်း အများကြီးမျှော်လင့်ပါတယ်။ အများကြီးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ စီးပွားရေးဥပဒေတွေနဲ့ ပတ်သက်ပြီး အများကြီးပြောင်းလဲဖို့လိုမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်တဲ့အခါမှာ လုံခြုံစိတ်ချရတဲ့ဥပဒေကို ကျွန်တော်တို့ ပြုပြင်ပေးဖို့လိုတယ်။ ကျွန်တော်က တရားလွှတ်တော် ရှေ့နေတစ်ယောက်လည်း ဖြစ်တဲ့အတွက် အဲဒီလိုပဲ ထင်ပါတယ်။

အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ပြေပြေလည်လည်၊ ပျော့ပျော့ပြောင်းပြောင်း နည်းလမ်းတွေနဲ့ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီနေ့ဆိုရင်လည်း ကျွန်တော်တို့က မဲတွေပေးရဦးမယ်လို့ ထင်ထားတယ်။ ဒါပေမယ့် အားလုံးသောသူတွေက ထီးလိုမင်းလိုပဲ အပေးအယူ မျှမျှတတနဲ့ ကစားသွားကြတယ်။ ကျွန်တော်တို့ဆိုရင် မဲတောင် မပေးခဲ့ရဘူး။ အားလုံးပြေလည်သွား ပါတယ်။ သမိုင်းအရ အလွန်ကောင်းတဲ့၊ အလွန်နူးညံ့တဲ့ ပြောင်းလဲမှုတစ်ခုပါ။

ဒေါက်တာဒေါ်သက်သက်ခိုင်
(ဒဂုံမဲဆန္ဒနယ်)


တကယ်ကို ဆီလျော်တယ်။ သင့်လျော်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အနိုင်ရပါတီဖြစ်လာ တဲ့အချိန်မှာ ကိုယ့်ပါတီကမဟုတ်ဘဲ တခြားပါတီက ကိုယ်စားလှယ်တစ်ယောက်ကို ဒုဥက္ကဋ္ဌအနေနဲ့ တင်တယ်ဆိုတာ ကျွန်မတို့ ပါတီအဖွဲ့ချုပ်ကနေပြီးတော့ ကြေညာထားတဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး သွားနေတယ်ဆိုတာ ပထမဦးဆုံးပြလိုက်တဲ့ Message ပါ။ ပြည်သူကိုပြောလိုက်တဲ့ ကောင်းမွန်တဲ့ သတင်းစကားဖြစ်ပါတယ်။ ဒါပြည်သူတွေရဲ့ အောင်ပွဲနေ့ဖြစ်ပါတယ်။ ဒီလိုမျိုး လွှတ်တော်အလွှဲအပြောင်း ပထမနေ့ခေါ်တာကို ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ၊ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။

ဦးထွန်းထွန်း (ပွင့်ဖြူမဲဆန္ဒနယ်)

အတတ်နိုင်ဆုံး ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားမှာပါ။ ပြည်သူမျှော်လင့်ထားတဲ့အတိုင်း အတာတစ်ခုကို ကွက်တိမဖြစ်ရင်တောင် အနီးစပ်ဆုံး ကြိုးစားသွားမှာပါ။ လုံးလုံးအကောင်အထည်ဖော် နိုင်မှု၊ မဖော်နိုင်မှုဆိုတာထက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် သွားမှာပါ။

ဦးလှထွန်းကျော်
(မောင်တောမဲဆန္ဒနယ်)


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေဟာ နှစ်ရာခိုင်နှုန်းပဲရှိတယ်။ နိုင်ငံသား မဟုတ်တဲ့သူတွေက ၉၈ ရာခိုင်နှုန်း ရှိနေတော့ ရှိသမျှအခွင့်အရေးတွေက အကုန်လုံး ဆုံးရှုံးနေတယ်။ ဆုံးရှုံး နေတဲ့ အခွင့်အရေးတွေကိုရအောင် တိုင်းရင်းသားတွေ လုံခြုံစိတ်ချစွာ နေနိုင်အောင် ဥပဒေတစ်ရပ်အနေနဲ့ ထုတ်ပြန်နိုင်ဖို့ ရည်မှန်းချက်ရှိတယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အတတ်နိုင်ဆုံးရည်မှန်းချက်ကို ရအောင် ဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးလာမာလေး (ဆော့လော်မဲဆန္ဒနယ်)

အခုလွှတ်တော်ရဲ့ကိုယ်စားလှယ် အများစုက NLD လွှတ်တော်ကိုယ်စား လှယ်တွေပါ။ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ တိုင်းရင်းသားတွေလည်းပါတယ်။ ဒါပေမယ့်လည်း လက်ရှိကျွန်တော်မြင်ရတဲ့ အနေအထားအရ ပြောရမယ်ဆိုရင် NLD ပါတီကမဟုတ်ဘဲ အခြားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွတ်လပ်မှုမရှိတာကို တွေ့ရပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေမှာဆိုရင် ကြည့်နေတုန်း၊ သုံးသပ်နေတုန်းပါပဲ။ လွှတ်တော်က လည်း ဒီနေ့မှစတာဆိုတော့ ကျွန်တော်တို့အနေနဲ့ ဘာမှမပြောနိုင်သေးဘူး။ လောလောဆယ်တော့ စောင့်ကြည့် ရမယ့်အနေအထားပဲ ရှိဦးမှာပါလို့ ပြောချင်ပါတယ်။

နောက်တစ်ခုကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ် လို့ ကျွန်တော်မြင်ပါတယ်။ NLD ခေါင်းဆောင်တွေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးအထိ ရနိုင်တဲ့ အလားအလာကိုလည်း မြင်ရပါတယ်။

ဦးသန်းစိုး(သာစည်မဲဆန္ဒနယ်)

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။လွှတ်တော် ဒုတိယသက်တမ်းအတွင်းမှာ တောင်ပေါ်ကျေးရွာတွေ မီးလင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကို အဓိကထား ဆောင်ရွက်သွားပါမယ်။ သာစည်မြို့နယ်အတွင်းမှာရှိတဲ့ မင်းလှကန် ပြန်လည်တူးဖော်ရေးကိုလည်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် မြို့နယ်အတွင်း ကျန်းမာရေးကဏ္ဍကို ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးအေးမောင် (ဘော်လခဲမဲဆန္ဒနယ်)

ကျွန်တော့်အနေနဲ့ အခုလွှတ်တော် ဒုတိယသက်တမ်းကာလအတွင်းမှာ ရပ်ရွာရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လွှတ်တော်ကနေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။
မေး/ရေး - ညီမျိုးထက်
ဓာတ်ပုံ - ညီနော်

No comments:

Post a Comment