Wednesday, February 3, 2016

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာ



ဂျီနီဗာ ဖေဖော်ဝါရီ ၂
ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ တရားဝင်စတင်ကျင်းပလျက်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသည်။
ဆီးရီးယားနိုင်ငံ၌ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြိုးပမ်းအားထုတ်ကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းသည်။ ထိုစဉ်အတွင်း ဆီးရီးယားနိုင်ငံအလက်ပိုမြို့မြောက်ဘက်၌ ရုရှား၏လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ အစိုးရတပ်ဖွဲ့များက အကြီးဆုံးသောထိုးစစ်ကို ဆင်နွှဲလျက်ရှိသည်။
အစိုးရတပ်ဖွဲ့များနှင့် ယင်းနှင့်မဟာမိတ်ပြုထားသော တိုက်ခိုက်ရေးသမားများသည် အလက်ပိုမြို့အနီးတောင်ကုန်း ထူထပ်သော ကျေးလက်ဒေသများကို ဖေဖော်ဝါရီ ၁ ရက်က သိမ်းယူခဲ့သည်။ အတိုက်အခံတပ်ဖွဲ့များက အသုံးပြုသော အဓိကထောက်ပံ့ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုးတက်စေရန် ကြိုးပမ်းအားထုတ်မည်ဟု ဆီးရီးယားအစိုးရအဖွဲ့က ကတိပြုခဲ့သော်လည်း အစိုးရတပ်ဖွဲ့များက အတိုက်အခံတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ မြို့များကို ပိတ်ဆို့ထားခြင်းမှ ရုပ်သိမ်းပေးခြင်း၊ အကျဉ်းသားများကို ပြန်လည် လွှတ်ပေးခြင်းတို့မရှိပါက ကုလသမဂ္ဂက ဂျီနီဗာမြို့၌ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း အတိုက်အခံများက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment