Monday, February 1, 2016

ကုက္ကိုင်းခုံးကျော်တံတားပေါ်မှ ယာဉ်ဖြတ်သန်းခွင့်ပြု



သတင်း-စနိုး
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)


ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ဆောက်ထားသော ကုက္ကိုင်းခုံးကျော်တံတားပေါ်မှ ယာဉ်များမောင်းနှင်ဖြတ်သန်းခွင့်ကို ယနေ့မှ စတင်၍ ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။


အဆိုပါ တံတားသည် ယခုနောက်ပိုင်းတည်ဆောက်နေသော ခုံးကျော် တံတားများအနက် ဆောလျင်စွာ ယာဉ်ဖြတ်သန်းခွင့်ပေးနိုင်ခြင်းဖြစ်သကဲ့သို့ မကြာမီ ရှစ်မိုင်လမ်းဆုံ၌ တည်ဆောက်နေသော ခုံးကျော်တံတားမှာလည်း ပြီးစီးတော့မည်ဖြစ်သည်။ ထိုကုက္ကိုင်းခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် Capital Construction ကုမ္ပဏီ လီမိတက်က တည်ဆောက်ခြင်းဖြစ်သည်။

''ခုံးကျော်တံတားပေါ်ကနေယာဉ်တွေကို ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက် တော့ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်လေးရှင်းလင်းသွားတယ်။ သွားလာ ရတာအများကြီးအဆင်ပြေသွားပါတယ်''ဟုယင်းလမ်းကြောပေါ်မှ နေ့စဉ် ဖြတ်သန်းမောင်းနှင်နေသော ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောကြား သည်။ မော်တော်ယာဉ်များကို ဖြတ်သန်းမောင်းနှင်ခွင့်ပြုသော်လည်း အသေးစိတ် အချောသပ်လုပ်ဆောင်နေသည့်လုပ်ငန်းများလည်း ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီမှ လုပ်သားတစ်ဦးကပြောပြသည်။


တံတားတည်ဆောက်ထားသော ကုက္ကိုင်းလမ်းဆုံထောင့်ရှိ ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ''ကလေးတွေ အတွက်တော့ အရင်ကထက်စာရင်ယာဉ်အန္တရာယ်ပိုကင်းဝေးစေပါတယ်။

တံတားအောက်ကဖြတ်သန်းတဲ့ယာဉ်တွေက အရင်လိုတော့သိပ်မများတော့ ပါဘူး။ ဒါပေမယ့် ကျောင်းဆင်းချိန်မှာတော့ ကျောင်းဂိတ်ပေါက်တစ်ခုပဲ သုံးစွဲနိုင်တော့မှာဖြစ်တဲ့အတွက် သွားလာရတာ အခက်အခဲတွေရှိလာတယ်'' ဟု ရှင်းပြသည်။


ထိုကျောင်းတွင် ဂိတ်ပေါက်နှစ်ခု ရှိပြီး ကျောင်းတက်၊ ကျောင်းဆင်းချိန် များတွင် ယင်းဂိတ်ပေါက်နှစ်ခုအနက် တစ်ခုကိုသာ သုံးစွဲနိုင်တော့မည်ဖြစ်သည့်အတွက် ရေရှည်တွင် ဂိတ်ပေါက် အသစ်တစ်ခု လုပ်ဆောင်ရန် လိုအပ် လာကြောင်း၊ လက်ရှိတွင် နှစ်ချိန် ကျောင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူပေါင်း ၁၃ဝဝ ခန့် ပညာ သင်ယူနေလျက်ရှိရာ ကျောင်းဆင်း ချိန်များတွင် အခက်အခဲများကြုံလာ နိုင်ကြောင်း၊ ဂိတ်ပေါက်အသစ် ထပ်မံ ဖောက်လုပ်ရန်မှာလည်း ကျောင်း၏အသုံးစရိတ်ဘတ်ဂျက်အရ လောက်င မှုမရှိသေးသည့်အတွက် ခက်ခဲမှုများရှိ နေခြင်းဖြစ်ကြောင်း ယင်းပုဂ္ဂိုလ်က ဆက်လက်ရှင်းပြခဲ့သည်။

ထိုခုံးကျော်တံတားအောက်တွင်ရှိ လွတ်နေသော နေရာများတွင် ကျောင်းကြို/ပို့ယာဉ်များသာ ရပ်တန့် ခွင့် သီးသန့်နေရာတစ်ခုအဖြစ် လတ်တလော သတ်မှတ်ပေးနိုင်ပါက ကျောင်းအဆင်းအတက် ကြို/ပို့ ယာဉ်များ စနစ်တကျရပ်တန့်နိုင်မည် ဖြစ်သလို ကျောင်းသား ကျောင်းသူ များအတွက် လတ်တလော အခက် အခဲကို ကုစားရာရောက်စေနိုင် ကြောင်း တက္ကသိုလ်ရိပ်သာလမ်းသစ် အတွင်း နေထိုင်သူတစ်ဦးက အကြံပြု ပြောကြားခဲ့သည်။


No comments:

Post a Comment