Monday, February 1, 2016

(1.2.2016) ကြေးမုံစာတည်းရှုထောင့်

စာရိတ္တယဉ်ကျေးမှု
==============
မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာကို လူအများစုကိုးကွယ်သော နိုင်ငံအဖို့ လူတိုင်းလိုက်နာကျင့်သုံးရမည့် စာရိတ္တသည် ဘာသာရေးကို အခြေခံထားသည်။ စာရိတ္တဟူသည် ဘာသာရေးတွင်သာမက လူမှုဘဝတစ်ခုလုံးနှင့် သက်ဆိုင်သဖြင့် ကျယ်ဝန်းနက်ရှိုင်းသိမ်မွေ့သည်။ ထို့ကြောင့် ဘာသာ စာရိတ္တယဉ်ကျေးမှုဟု ခေါ်ထိုက်သည်။
ယဉ်ကျေးမှုဟူသည်မှာ တိုင်းပြည်နိုင်ငံနှင့် လူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံ နှင့် အမျိုးမျိုးသော အတတ်ပညာများကို ယဉ်ကျေးမှုဟုခေါ်သည်။ သို့ရာတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံသောအခါတွင် ကိုယ်အမူအရာယဉ်ကျေးခြင်း (ကာယကံယဉ်ကျေးမှု)၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် သိမ်မွေ့ နူးညံ့ခြင်း(ဝစီကံ ယဉ်ကျေးမှု)၊ ဖြူစင်မြင့်မြတ်သော စိတ်ထားရှိခြင်း(မနောကံ ယဉ်ကျေးမှု)ထိုသုံးမျိုးမှာမူ ဘာသာရေးကိုအခြေခံသော ''စာရိတ္တယဉ်ကျေးမှု''ဟု ခေါ်ဆိုရမည်ဖြစ်သည်။
အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည့်ရှေးကာလများက ဘာသာ စာရိတ္တယဉ်ကျေးမှုများ မပါးလျားသေးဟု ဆိုနိုင်သည်။ မြန်မာလူမျိုးတို့ဓလေ့ ထုံးစံမှာ အမိအဖကို ကြောက်ရခြင်း၊ ဆရာသမား၊ ဦးကြီးဒေါ်ကြီး၊ အစ်ကို အစ်မကြီးနှင့် မိမိတို့ကိုးကွယ်ဆည်းကပ်သော ဘုန်းတော်ကြီးစသည့် ကြောက်သင့်ကြောက်ထိုက်သူတို့ကို ကြောက်ရခြင်းမှာ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်းဟူသည့် ကြောက်ရခြင်းမျိုးမဟုတ်ချေ။ ရိုသေလေးစားဂါရဝတရားဖြင့် အဆုံးအမ ခံယူခြင်းဖြစ်သည့် ကြောက်ရွံ့ခြင်းသာဖြစ်သည်။
ထိုအကြောက်တရား၏ အကျိုးကျေးဇူးကြောင့်ပင် မိမိတို့အချိန်တန် အရွယ်ရောက် လူလားမြောက်အချိန်ကာလ၌ အထက်ဖော်ပြပါ ''စာရိတ္တ ယဉ်ကျေးမှု'' ကြွယ်ဝသူများအဖြစ် လောကအလယ်တွင် တင့်တယ်ခံ့ညားစွာ ရပ်တည်နေထိုင်နိုင်သည်ကိုတွေ့ရသည်။ ဆရာသမားမိဘတို့၏ ရိုက်နှက် ဆုံးမမှုကိုခံရမည်ကို ကြောက်ရွံ့ခဲ့ခြင်းသည်ပင် မိမိတို့ဘဝအတွက် ယဉ်ကျေးသော လူ့အသိုက်အဝန်းကိုဖြစ်စေခဲ့သည်။ ဆရာသမားမိဘတို့မှာလည်း အဆုံး အမ ခံထိုက်လောက်သည့် ဂုဏ်ရည်များရှိခဲ့သဖြင့် ၄င်းပုဂ္ဂိုလ်တို့အား ကြောက်သင့်ကြောက်ထိုက်ပေသည်။
မျက်မှောက်ကာလတွင် ခေတ်ကာလ၏တောင်းဆိုမှုအရ လွတ်လပ်မှုကို အပြည့်အဝရယူနိုင်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရောက်ရှိလာသည်။ ဆုံးမထိုက်သည့် ဆရာသမားမိဘများနှင့် အဆုံးအမခံထိုက်သည့် ငယ်ရွယ်သူ များအကြား ရောထွေးယှက်တင်မှုနှင့် ကွာဟမှုများရှိလာခြင်းအပြင် မှန်ကန် သည့်အကြောက်တရားနှင့် မှန်ကန်သည့်အဆုံးအမ နည်းလာသောအခါ စာရိတ္တယဉ်ကျေးမှု ကွယ်ပျောက်လာသည်ကို မြင်တွေ့လာရသည်။
စာရိတ္တယဉ်ကျေးမှုသည် လူမှုဘဝနယ်ပယ်တွင်သာမက တိုင်းပြည် ကြီးပွားတိုးတက်ရေးတွင်လည်း အလွန်အရေးကြီးသည့် လိုက်နာကျင့်ကြံရ မည့် အချက်ဖြစ်ပါသည်။ လူမှုဘဝနယ်ပယ်တွင် အမြင်မတင့်ဖွယ်ရာများနှင့် စက်ဆုပ်ဖွယ်ရာများမှာ ထိုယဉ်ကျေးမှု ခေါင်းပါးလာသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် မိမိထက်အသက်အရွယ် ဂုဏ်သိက္ခာဝါကြီးမြတ်သောသူများကို ကြောက်ရွံ့ရိုသေရန်မဆိုနှင့် ထိုသူများရှေ့တွင်ပင် အရက်သေစာသောက်စား ကြပြီး မူးယစ်နေသောလူငယ်များကို မြင်တွေ့လာရသည်။ အထူးသဖြင့် လုံးဝပြုမူခြင်းမပြုသင့်သည့် အမျိုးသမီးငယ်အချို့ပင် အများသူငါလာရောက် ကြသော စားသောက်ဆိုင်တို့တွင် အရက်သေစာသောက်စားတတ်သည်ကို မြင်တွေ့လာရပေရာ များစွာဝမ်းနည်းဖွယ်ကောင်းလှသည်။
စာရိတ္တယဉ်ကျေးမှုမှာ မိမိတို့ကိုယ်ကျင့်တရား၊ မိမိတို့ပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆက်နွှယ်မှုရှိသည်။ မှတ်သားစရာ ဆုံးမစကားတစ်ခုတွင် ''စာရိတ္တသည် ဥာဏ်ပညာ၏ချို့ယွင်းမှုကွက်လပ်ကို မကြာခဏဖြည့်ပေးနိုင်သော်လည်း ဥာဏ်ပညာက စာရိတ္တကွက်လပ်ကို တစ်သက်တာ ဖြည့်မပေးနိုင်ပါ''ဟူ သတည်း။ ထို့ကြောင့် မိမိသည် မည်မျှပင်ထူးချွန်ထက်မြက်နေသော်လည်း စာရိတ္တမကောင်းလျှင် အချည်းနှီးပင်ဖြစ်သည်။
စာရိတ္တကောင်းသူသာလျှင် မိမိဘဝ၊ မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး ဖန်တီးနိုင်မည့်အပြင် ယဉ်ကျေးသော မိမိနိုင်ငံ၊ တိုးတက်သောမိမိနိုင်ငံကို အကောင်းဆုံးတည်ဆောက်နိုင်မည်ဖြစ်၍ စာရိတ္တယဉ်ကျေးမှု ကောင်းမွန် အောင် ဦးစွာကြိုးပမ်းအားထုတ်ကြရန် လိုအပ်နေပြီဖြစ်ပါသတည်း။ ။

No comments:

Post a Comment