ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြ
င့်နှင့် တွေ့ဆုံမေးမြန်းခြင်း
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ရေဝေရေလဲဒေသ သဘာဝသစ်တောကြားခံဇုန် မြေပြင်ဆင်နေမှုနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင်မြင့်အား သွားရောက်တွေ့ဆုံ၍ မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည် -
မေး ။ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ရေဝေရေလဲဒေသ သဘာဝသစ်တောကြားခံဇုန် (Buffer Zone)မြေ ၂၇၂ ဒသမ ၁၅ ဧက ကို စက်မှုဇုန် မြေငှားဂရန်ချပေးဖို့ ပြင်ဆင်နေကြောင်း ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ ရေဝေရေလဲဒေသ ကို သဘာဝသစ်တောကြားခံဇုန် (Buffer Zone)အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ ဒီမြေဧရိယာ ၂၇၂ ဒသမ ၁၅ ဧကဟာ ပြင်ဦးလွင်မြို့ နယ်နိမိတ် ဧရိယာအတွင်းရှိ မြို့မြေဖြစ်ပါတယ်။
အမျိုးသားသဘာဝကန်တော်ကြီးဥယျာဉ်အတွင်းမှာရှိတဲ့ ကန်တော်ကြီး ရေကန်ဟာ သစ်တောတွေ ပြုန်းတီးလာမှု၊ စည်းကမ်းမရှိ သစ်ပင်ခုတ်လှဲမှုတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးအပြစ်တွေအဖြစ် ၁၉၉၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ် နွေရာသီမှာ ရေလုံးဝခန်းခြောက်တဲ့အထိ ဖြစ်ပွားခဲ့ဖူးပါတယ်။
ဒီလိုဆိုးကျိုးအပြစ်တွေ ကြုံတွေ့ခဲ့မှုကြောင့် ကန်တော်ကြီးရေကန် ပတ်လည်မှာ တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြည်နေပြီးတော့ သစ်တောတွေ ပြန်လည် ဖုံးလွှမ်းစေဖို့ ဖြစ်နိုင်ခြေရှိပြီး အကောင်းဆုံးနည်းလမ်းကို စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါကတော့ ကန်တော်ကြီး ရေကန်ပတ်လည်က မြို့မြေနေရာတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို နေရာချထားပေးပြီးတော့ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ကော်ဖီနဲ့အတူ ယှဉ်တွဲပြီး စိုက်ပျိုးရမယ့် အရိပ်ရပင်(ခါတော်မီပင်)တွေ ရှင်သန်လာရင် သစ်တောတွေ အမြန်ဆုံး ပြန်လည် ဖုံးလွှမ်းလာမယ်။ ဒီလိုတွေ ပြန်လည်ဖြစ်လာဖို့ကို လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
ပြင်ဦးလွင်မြို့ အမျိုးသားသဘာဝကန်တော်ကြီးဥယျာဉ် ရေကန်ပတ်လည်မှာရှိတဲ့ မြို့မြေမှာ ရေမြေရာသီဥတုသဘာဝနဲ့ကိုက်ညီတဲ့ ကော်ဖီစိုက်ပျိုးဖို့၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းဖို့၊ ကော်ဖီစိုက်ပျိုး ရင် ယှဉ်တွဲစိုက်ပျိုးရမယ့် အရိပ်ရအပင်တွေနဲ့ သစ်တောတွေ ပြန်လည်ဖြစ်ထွန်း လာပြီးတော့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေဖို့ ရည်ရွယ် ချက်တွေ ထားခဲ့ပါတယ်။
ဒီလိုရည်ရွယ်ချက်တွေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီး ၁၉၉၇-၁၉၉၈ ခုနှစ်ကနေ စတင်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက မြို့မြေဧရိယာ ၂၇၂ ဒသမ ၁၅ ဧကမှ ပုဂ္ဂလိကလုပ်ငန်းရှင် ၅ဝ ကို မြေဧရိယာ ၂၆၂ ဒသမ ၁၅ ဧကနဲ့ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေဧရိယာ ၁ဝ ဧကကို ကော်ဖီစိုက်ပျိုးဖို့ မြေနေရာတွေ ခွင့်ပြုချထားပေးခဲ့ပါတယ်။
မေး ။ အဲဒီမြေတွေကို စက်မှုဇုန်မြေငှားဂရန်တွေ ထုတ်ပေးနေတယ်လို့ ကြားသိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဖြေကြားပေးပါ။
ဖြေ ။ အဲဒီနေရာဟာ စက်မှုဇုန်မဟုတ်ပါဘူး။ စက်မှုဇုန်မြေငှားဂရန် ဆိုတာလည်း မရှိပါဘူး။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနကနေ ကော်ဖီစိုက်ပျိုးဖို့ခွင့်ပြုထားတဲ့ နေရာ တွေမှာ လူနေထိုင်ဖို့အတွက် မြေငှားဂရန်တွေကို ၂ဝဝဝ-၂ဝဝ၁ ခုနှစ်ကစပြီး ထုတ်ပေးထားတာကို စိစစ်တွေ့ရှိခဲ့တယ်။
ဒါ့အပြင် ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့ မြေနေရာတွေမှာ လူနေထိုင်ဖို့အတွက် မြေဧရိယာ ၄၂ ဒသမ ၄၁ ဧကကို မြေငှားဂရန် ၁၉ ခု ထုတ်ပေးထားတာ၊ ကော်ဖီစိုက်ပျိုးခွင့်ရရှိထားသူတွေကို အဆင့်ဆင့်လွှဲပြောင်း ပေးမှုတွေရှိတာကိုလည်း စိစစ်တွေ့ရှိခဲ့ပါတယ်။
တချို့ဂရန်ရရှိထားတဲ့သူတွေက ဒီမြေကွက်တွေကို ခွဲစိတ်ရောင်းချတာ၊ အဆင့်ဆင့်လွှဲပြောင်းမှုတွေ ရှိနေတာတွေကို သိရှိရတဲ့အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းအဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်နဲ့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းတို့ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့အဖွဲ့တွေနဲ့ကွင်းဆင်း စစ်ဆေးဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ (၁၈-၁၂-၂ဝ၁၅) ရက်စွဲပါ စာအမှတ်၊ ၂၄၅၄/၂၅၅- မြေ ၁-၉/အဖရ(၂ဝ၁၅)အရ ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ အမျိုးသားကန်တော်ကြီး သဘာဝဥယျာဉ် ပတ်ဝန်းကျင်မှာ မြေ အမျိုးအစား သုံးမျိုးရှိတာကို တွေ့ရှိခဲ့ပါတယ်။
မြို့မြေ ၂၇၂ ဒသမ ၁၅ ဧက၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁၅၂ ဒသမ ၅ဝ၊ သစ်တောမြေ ၂၁၉၁ ဒသမ ၁၃ ဧကရှိတာနဲ့ ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့ မြို့မြေ မြေဧရိယာ ၂၇၂ ဒသမ ၁၅ ဧက နေရာတွေမှာ ဒီလို မြေငှားဂရန်ရရှိထားသူတွေက အဆင့်ဆင့်လွှဲပြောင်းတာ၊ ခွဲစိတ်ထားတာ၊ ရောင်းချတာမျိုးနဲ့ တရားမဝင်အဆောက်အအုံတွေ ဆောက်လုပ်တာတွေ ရှိနေတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။
မေး ။ ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့မြေတွေကို လူနေထိုင်ဖို့ မြေငှား ဂရန်တွေ ထုတ်ပေးထားတာဟာ မူလရည်ရွယ်ချက်နဲ့ ကိုက်ညီမှုရှိပါသလား။
ဖြေ ။ မူလရည်ရွယ်ချက်နဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒါကြောင့် လူနေထိုင်ဖို့ မြေငှားဂရန်တွေကို စက်မှု/စီးပွားမြေငှားဂရန် (Industrial Commercial Lease) ထုတ်ပေးဖို့၊ လွှဲပြောင်းရောင်းချထားတဲ့ မြေအမည်ပေါက်လွဲမှားနေတဲ့ ကိစ္စရပ်တွေကိုစိစစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက်က ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၁၃ ချက်ကို ချမှတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက် ထဲမှာ ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့ မြို့မြေတွေကို လူနေထိုင်ဖို့အတွက် မြေငှားဂရန် ထုတ်ပေးထားရှိတာတွေကို ပြန်လည်ပယ်ဖျက်တာတွေဆောင်ရွက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မူလရည်ရွယ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အစည်းအဝေးဆုံးဖြတ် ချက်အရ မြို့မြေတွေမှာ ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့သူတွေကို စက်မှု/ စီးပွားမြေငှားဂရန် လျှောက်ထားနိုင်ဖို့၊ အသိပေးရှင်းလင်း ဆောင်ရွက်နိုင်ဖို့ ဖိတ်ကြားတာနဲ့ ရှင်းလင်းအသိပေးတာကို တစ်ပတ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မတိုင်ခင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် စည်းကမ်းချက် ၁၂ ချက်ကိုလည်း သတ်မှတ်ပေးခဲ့ပါတယ်။
မေး ။ အဲဒီစည်းကမ်းချက် ၁၂ ချက်ထဲမှာ ဘယ်အချက်တွေကို အဓိက ထားသတ်မှတ်ခဲ့ပါသလဲ။
ဖြေ ။ အဲဒီစည်းကမ်းချက် ၁၂ ချက်ထဲမှာ အဓိကအချက်ကတော့ ကန်တော်ကြီးပတ်ဝန်းကျင် မြို့မြေအတွင်းကျရောက်နေတဲ့ ကော်ဖီစိုက်ပျိုး မြေတွေကို စက်မှု/စီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးတာဟာ ကန်တော်ကြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနဲ့ လူတွေရဲ့ သဘာဝလွန်ပစ္စည်းတွေအသုံးပြုမှု တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဂေဟစနစ်ပျက်စီးမှုတွေကို ထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့၊ အမျိုးသားသဘာဝဥယျာဉ်အမည်နဲ့ လိုက်လျောညီထွေတဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ ရည်ရွယ်တဲ့ ကော်ဖီစိုက်ပျိုးရေးကိုသာ ဆောင်ရွက်ဖို့နဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကို ပြောင်းလဲသုံးစွဲဆောင်ရွက်ခွင့်မပြုဖို့ သတ်မှတ်ထားခဲ့ပါတယ်။
အခုလို စက်မှု/စီးပွားမြေငှားဂရန်ထုတ်ပေးဖို့ ဆောင်ရွက်တာဟာ မူလကတည်းက ကော်ဖီစိုက်ပျိုးဖို့ ခွင့်ပြုချထားပေးတဲ့မြေမှာ ကော်ဖီစိုက်ပျိုးမှုမရှိဘဲ လူနေထိုင်တဲ့အတွက် မြေငှားဂရန်တွေ လျှောက်ထားရယူပြီး အဆောက်အအုံတွေ ဆောက်လုပ်နေတာတွေရှိနေတာနဲ့ ခွင့်ပြုချက်မရှိဘဲ အဆင့်ဆင့်လွှဲပြောင်း/ ရောင်းချမှုတွေရှိတာတွေဟာ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရရှိတာတွေကြောင့် မြေစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေစည်းကမ်းသတ်မှတ် ချက်တွေနဲ့အညီ ထိန်းသိမ်းကြပ်မတ်နိုင်စေဖို့အတွက် လူနေထိုင်ဖို့ ထုတ်ပေးထားတဲ့ မြေငှားဂရန်တွေကို ပယ်ဖျက်ပြီး စက်မှု/စီးပွားမြေငှားဂရန် ပြောင်းလဲ ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
မေး ။ လူနေထိုင်ဖို့ မြေငှားဂရန်နဲ့ စက်မှု/ စီးပွားမြေငှားဂရန် ဘယ်လိုကွာပါ သလဲ။
ဖြေ ။ လူနေထိုင်ဖို့ မြေငှားဂရန်ဆိုတာက လူနေအဆောက်အအုံတွေ ဆောက်လုပ်နေထိုင် အသုံးပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်။ စက်မှု/စီးပွား မြေငှား ဂရန်ဆိုတာကတော့ ဥပမာ- ကော်ဖီစိုက်ပျိုးရန်ဆိုရင် ကော်ဖီစိုက်ဖို့ပဲဖြစ်ပါ တယ်။
စက်ရုံအလုပ်ရုံ တည်ဆောက်အသုံးပြုရန်ဆိုရင် စက်ရုံအလုပ်ရုံ ဆောက်လုပ် အသုံးပြုဖို့ပဲဖြစ်ပါတယ်။ တခြား လုပ်ငန်းတွေလုပ်ကိုင်လို့မရနိုင်ပါဘူး။ ဒီအတွက်လည်း စက်မှု/ စီးပွားမြေငှားဂရန် ထုတ်ပေးရာမှာ စည်းကမ်းချက်တွေ သတ်မှတ်ပြဋ္ဌာန်းပြီးတော့ မြေငှားဂရန်စာချုပ် ချုပ်ဆိုထုတ်ပေးဖို့ စီစဉ် ဆောင်ရွက်တာဖြစ်ပါတယ်။
မြေခွန်စည်းကြပ်တဲ့နှုန်းထားလည်း မတူညီပါဘူး။ လူနေထိုင်ဖို့အတွက်ဆို အထက်မြန်မာနိုင်ငံ မြေနဲ့ အခွန်နည်းဥပဒေ ၄၄ (က) (၂)၊ အောက်မြန်မာနိုင်ငံ မြို့နဲ့ ကျေးရွာမြေတွေ နည်းဥပဒေ ၁၇ တွေအရ မြေငှားရမ်းခရဲ့ ၇၅ ရာခိုင် နှုန်း သို့မဟုတ် မြေတန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းကို နှစ်စဉ်မြေခွန်စည်းကြပ်ကောက်ခံ ပါတယ်။ စက်မှု/စီးပွားမြေငှားဂရန်ဆိုရင်တော့ မြေငှားရမ်းခရဲ့ ၇၅ ရာခိုင်နှုန်း သို့မဟုတ် မြေတန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းထက် ကျော်လွန်သတ်မှတ်နိုင်ပါတယ်။
မြေတန်ဖိုးရဲ့ ၆ ရာခိုင်နှုန်းအထက်မှ ၁၂ ရာခိုင်နှုန်းအထိ သတ်မှတ် စည်းကြပ်ကောက်ခံပါတယ်။ ၁၉၁၃ ခုနှစ် မြို့နဲ့ကျေးရွာ မြေများဆိုင်ရာ အမိန့်ဆင့်ဆိုချက် ၄၅ (ခခ)အရ တွက်ချက်သတ်မှတ် စည်းကြပ်တာဖြစ်ပါတယ်။
မေး ။ စက်မှု/ စီးပွားမြေငှားဂရန်မှာ အဆောက်အအုံတွေ ဆောက်ခွင့်ရှိပါ သလား။
ဖြေ ။ စက်မှု/စီးပွားမြေငှားဂရန်စာချုပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက် တွေနဲ့အညီသာ သတ်မှတ်တဲ့ အဆောက်အအုံတွေ ဆောက်ရမှာဖြစ်ပါတယ်။ ဥပမာကော်ဖီပင်နဲ့ အရိပ်ရပင်တွေကို စိုက်ပျိုးဖို့အတွက် ရည်ရွယ်တာဆိုရင် သတ်မှတ်ဧရိယာအတိုင်း အဓိကစိုက်ပျိုးရမှာဖြစ်ပါတယ်။
ကော်ဖီစေ့သိုလှောင်ဖို့ ဂိုဒေါင်၊ ကော်ဖီကြိတ်စက်အဆောက်အအုံ၊ အလုပ်သမားနေထိုင်ဖို့ အဆောက်အအုံစတာတွေတော့ စည်းကမ်းသတ်မှတ် ချက်အတိုင်းသာလုပ်ဆောင်ခွင့်ရှိမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် ဟိုတယ်၊ မိုတယ်၊ စက်ရုံအလုပ်ရုံတွေ၊ ကော်ဖီစိုက်ပျိုးတာနဲ့ မသက်ဆိုင်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။
မေး ။ လက်ရှိဆောင်ရွက်မှုအခြေအနေကို သိလိုပါတယ်။
ဖြေ ။ ကော်ဖီစိုက်ပျိုးရန်ချထားပေးတဲ့မြေကို စက်မှု/ စီးပွားမြေငှားဂရန် သတ်မှတ်စည်းကမ်းနဲ့အညီ ထုတ်ပေးနိုင်ဖို့အတွက် အဖွဲ့လိုက် ကွင်းဆင်းတိုင်းတာစစ်ဆေးတာ၊ မြေပုံရေးဆွဲတာတွေ ဆောင်ရွက်နေဆဲဖြစ်ပြီးတော့ အခုအခါ လုပ်ငန်းတွေ ရပ်ဆိုင်းထားပါတယ်။
မေး ။ မြေယာစီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ကျင့်သုံးနေတဲ့ဥပဒေ တွေကို သိလိုပါတယ်။
ဖြေ ။ ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေ၊ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေတို့နှင့် ယင်းဥပဒေတို့အရ ပြုလုပ်သည့် နည်းဥပဒေ၊ အမိန့်ဆင့် ဆိုချက်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် သစ်တောဥပဒေ၊ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေစတဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ အခြားဆက်စပ်တဲ့ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း ဆက်စပ်ကျင့်သုံးဆောင်ရွက်နေပါတယ်။
မေး ။ နိုင်ငံတော်ပိုင်မြေဆိုတာကို ဘယ်လိုသတ်မှတ်ပါသလဲ။
ဖြေ ။ နိုင်ငံတော်ပိုင်မြေဆိုတာ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄(၁)တွင် ''နိုင်ငံတော်ပိုင်မြေဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ကိုယ်စားဖြစ်စေ သို့မဟုတ် နိုင်ငံတော်အစိုးရကဖြစ်စေ ပြုလုပ်သည့်၊ အသိအမှတ်ပြုထားသည့် သို့မဟုတ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်သည့် အခွန်လွတ်ဂရန် သို့မဟုတ် အပိုင်ပေးဂရန် ထုတ်ပေးထားခြင်းမရှိ သော မြေအားလုံးကိုခေါ်သည်''ဟု ပြဋ္ဌာန်းထားပါတယ်။
အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်စည်းမျဉ်း ဥပဒေပုဒ်မ ၂၃ မှာတော့ နိုင်ငံတော်ပိုင်မြေဆိုသည်မှာ နိုင်ငံတော်အစိုးရပိုင်မြေ သို့မဟုတ် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄(၂)တွင် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဆိုသည်မှာ-(က)မည်သူတစ်ဦး တစ်ယောက်မျှ ရယူပိုင်ဆိုင်ထားခြင်းမရှိသော မြေကို ဆိုသည်၊ (ခ) အစိုးရ၏ ကိုယ်စားလည်းကောင်း သို့မဟုတ် အစိုးရကလည်းကောင်း ထုတ်ပေးထားသည့် အပိုင်ပေးဂရန် သို့မဟုတ် မြေငှားစာချုပ်အရ ပေါ်ပေါက်သည့် အခွင့် အရေးတစ်စုံတစ်ရာကို မည်သူတစ်ဦးတစ်ယောက်ကမျှ ရရှိထားခြင်းမရှိသော မြေကိုဆိုသည်လို့ ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။
မေး ။ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေတွေကို မြေငှားဂရန်ထုတ်ပေး ရာမှာ ဘယ်လိုဥပဒေတွေနဲ့ ထုတ်ပေးနေပါသလဲ။
ဖြေ ။ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်စည်းမျဉ်း ဥပဒေပုဒ်မ ၂၆ မှာ တော့ နိုင်ငံတော်ပိုင် မြေ၊ နိုင်ငံတော် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို နည်းဥပဒေများပြဋ္ဌာန်းသတ်မှတ်ပြီး မြေငှားဂရန်များချထားပေးရန်နှင့် အောက် မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ၁၆ မှာတော့ နည်းဥပဒေအရ သတ်မှတ်သည့် စည်းကမ်းချက်များဖြင့် အကျိုးခံစားခွင့်များနှင့်အတူ မြေငှားဂရန်၊ မြေငှားစာချုပ်များ ထုတ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေကို မြေငှားဂရန်ထုတ်ပေးရာ တွင် လူနေထိုင်ရန်အတွက်သော်လည်းကောင်း၊ အဆောက်အအုံ ဆောက်လုပ်ရန်အတွက်သော်လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အတွက်သော်လည်းကောင်း အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၉၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၅၁၊ အောက် မြန်မာနိုင်ငံမြေနှင့်အခွန် နည်းဥပဒေ ၃၇(က)တို့အရ မြေငှားဂရန် ထုတ်ပေး နိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အတွက်တော့ အထက် မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၅၁ (ဓ)မှ (ယ)အထိ သီးခြားနည်းဥပဒေ တွေ ထုတ်ပြန်ပြဋ္ဌာန်းထားပါတယ်။
မေး ။ မြေငှားဂရန်ထုတ်ပေးရာမှာ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပါ သလား။
ဖြေ ။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေအခန်း(၂)၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေအခန်း(၇)နဲ့ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေအခန်း(၆) တို့မှာ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေကို အဆောက်အအုံဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် စည်းကမ်းသတ်မှတ် ချက်တွေနဲ့ မြေငှားစာချုပ်ထုတ်ပေးနိုင်ဖို့ နည်းဥပဒေတွေကို ပြဋ္ဌာန်းထားပါတယ်။
အဆောက်အအုံဆောက်လုပ်ပြီး လူနေထိုင်ဖို့ မြေငှားဂရန်လျှောက် ထားလာရင် လူနေထိုင်ဖို့အတွက် မြေငှားဂရန်စာချုပ်ထုတ်ပေးပါတယ်။ လူနေထိုင်ဖို့အတွက်သာ အသုံးပြုနိုင်ပါတယ်။ စက်မှုလက်မှု လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ လျှောက်ထားရင် လျှောက်ထားတဲ့ ရည်ရွယ်ချက်အတိုင်းသာ လုပ်ကိုင်နိုင်ဖို့အတွက် စက်မှု/စီးပွားမြေငှားဂရန် စာချုပ်ထုတ်ပေးပါတယ်။ ဂရန်စာချုပ်မှာ သတ်မှတ်ဖော်ပြထားတဲ့ စည်းကမ်း သတ်မှတ်ချက်များအတိုင်းသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့။ အခုလို ရှင်းလင်းဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ။
တွေ့ဆုံမေးမြန်း - ဟန်နီဝင်း
No comments:
Post a Comment