အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းရှိ ပြည်နယ်တစ်ခု၌ ဆန္ဒပြသူများ၏ ပိတ်ဆို့မှုကြောင့် လူဦးရေ သန်း ၂ဝ နေထိုင်ရာ ဒေလီတွင် ပြည်သူ ၁ဝ သန်းခန့် ရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုလိုက်ရသည့်အခါ ဒီမိုကရေစီ အသားကျနေသည့် နိုင်ငံကြီးများ၌ပင် ဒီမိုကရေစီကို အလွဲသုံးမှုအဖြစ်သနစ်များတွေ့ကြုံရတတ်ပါတကားဟု ရိုးတိုးရိပ်တိပ်တွေးမိလေ၏။လတ်လတ်လောလော လူထုအုံကြွမှု ဖြစ်ပေါ်ရာ ပြည်နယ်သည်ကား 'ဟာယားနား' အမည်ရှိ ပြည်နယ်တည်း။အစိုးရအလုပ်အကိုင်များ၌ အမှုထမ်း
ခွင့်ရရှိရေးနှင့် တက္ကသိုလ်၊ ကောလိပ်များ၌ ပညာဆည်းပူးခွင့် ရရှိရေးတို့အတွက် အမျိုးဇာတ်အလိုက် ခွဲတမ်းသတ်မှတ်ချက် ရရှိရေးကို တောင်းဆိုကြသည့် ဆန္ဒပြသူများက ပြည်နယ်အတွင်း ပိတ်ဆို့ဆန္ဒပြကြ ရာမှ လုံးချာလိုက်ကာ မြို့တော်ဒေလီအထိ နိစ္စဓူဝ လူနေမှုဘဝတွင် ပြည်သူတို့ ကသောက်ကရောက်ဖြစ်ခဲ့ရလေသည်။ဟာယားနားပြည်နယ်အတွင်းရှိ မြို့ကြီး၊ မြို့ငယ်များ၌ နွားသိုးကြိုးပြတ်သည့် ပုံအသွင် ဒေါသတကြီး ဆန္ဒပြတောင်းဆိုသူ များက အကျပ်ကိုင်သည့် လုပ်ရပ်များအဖြစ် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ခြင်း၊ မြို့တော်ဒေလီ ပြည်သူများ သုံးစွဲသော ရေပမာဏ၏ ၆ဝ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးသည့် မူနတ်အမည်ရှိ တူး မြောင်းကို သိမ်းပိုက်ခြင်းတို့ ပြုလုပ်ခဲ့ရာ နာရီပိုင်းအတွင်းမှာပင် မြို့တော်တစ်ခွင် ရေပြဿနာကို ခံစားခဲ့ကြရလေသည်။
အကျိုးဆက်အဖြစ် ဒေလီပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့က ရေကိုခွဲ တမ်းချကာ ဖြန့်ဝေစေခဲ့ရပြီး စာသင်ကျောင်းများကိုလည်း အခိုက်အတန့် ပိတ်ထားခဲ့ရသည်။ဆန္ဒပြသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်များ၊ အိန္ဒိယကြည်းတပ်နှင့် ပြည်သူ့ စစ်အဖွဲ့ဝင် ၁ဝဝဝဝ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ခဲ့ရသည်အထိ လုံခြုံရေးအခြေအနေ ဆိုးရွားခဲ့သည်။ပြည်နယ်တစ်ဝန်း အဓိကရုဏ်းများ၊ လုယက်မှုများပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ပိတ်ဆို့ဆန္ဒပြမှုများ၏ ဂယက်ရိုက်ခတ် မှုများအဖြစ် ရထားခရီးစဉ် ၈၅ဝ အထိ ဖျက်သိမ်းခဲ့ရပြီး စက်ရုံပေါင်း ၅ဝဝ ခန့် အထိကို ပိတ်ခဲ့ရကာ စီးပွားရေးလုပ်ငန်း များအနေဖြင့် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံဖိုးခန့် ဆုံးရှုံးခဲ့ရသည်ဟု ကျွန်ုပ်သိရလေသည်။ဟာယားနားပြည်နယ်၏ ပူစပ်ပူလောင် ဆန္ဒပြပွဲများ၏ ဖြစ်တည်ရာကို စေ့ငုလေ့ လာသော် 'ဂျတ်' အမည်ရှိ အမျိုးဇာတ်ဝင်
များ၏ လှုပ်ရှားမှုအရေးတော်ပုံကို တွေ့ရှိရ၏။ဂျတ်ဇာတ်ဝင်များ အခွင့်အရေးများ တိုးတက်ရရှိရေး လှုပ်ရှားမှုအရ ဆန္ဒပြတောင်း ဆိုကြခြင်းဖြစ်သည်။
မငြိမ်မသက်ဖြစ်နေသော ဟာယားနား ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့များက ငြိမ်ဝပ် ပိပြားမှုကို ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးပမ်းခဲ့ကြရပြီး ဂျတ်ဇာတ်ဝင်များ၏ အနာဂတ်ဘဝ သာယာဝပြောစေရေးအတွက် ကြိုးပမ်းပါမည်ဟူ၍ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ကတိပြုခဲ့ရလေသည်။၂ဝ၁၄ ခုနှစ်က ကျင်းပသော ရွေးကောက်ပွဲ၌ ဘီဂျေပီပါတီ တောင်ပြိုကမ်းပြိုအနိုင် ရရှိအောင် မဲပေးခဲ့ကြသော မဲဆန္ဒရှင်များတွင် ဂျတ်ဇာတ်ဝင်များလည်း ပါရှိခဲ့ရာ သူ၏မဲဆန္ဒရှင်များကို ပြန်လည်၍ စောင်မ ကြည့်ရှုရန် ဝန်ကြီးချုပ်မိုဒီ ကတိပြုခဲ့ခြင်း ဖြစ်သည်။မိုဒီ၏ ဘီဂျေပီပါတီ(ဘရာတိယ ဂျနတာပါတီ) သည် ဆယ်စုနှစ်သုံးစုကာလအတွင်း ပါလီမန်တွင် အမတ်နေရာ အများဆုံးဖြင့် အနိုင်ရရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲ ကြီးအပြီး လအတန်ကြာကာလတွင် ကျင်းပခဲ့သော ဟာယားနားပြည်နယ် ရွေးကောက်ပွဲ၌လည်း ယင်းပါတီက ပထမဆုံးအကြိမ် အောင်ပွဲခံခဲ့ပြန်သည်။ဂျတ်ဇာတ်ဝင်များ၏ အခွင့်အရေးတိုး တက်ရရှိရေးလှုပ်ရှားမှုသည် ဝန်ကြီးချုပ် မိုဒီ အုပ်စိုးမှုလက်ထက် အဆိုးရွားဆုံး သော လူထုအုံကြွမှုတစ်ရပ်အဖြစ် ရှုမြင်ရကာ နိုင်ငံရေးထစ်ချုန်းမှုတစ်ရပ်ဟု ဆိုနိုင် ပေလိမ့်မည်။အလုပ်အကိုင်နေရာများ ဖန်တီးပေး မည်၊ အိန္ဒိယနိုင်ငံကြီးဖွံ့ဖြိုးမှုနှုန်း မြင့်မားစေမည်ဟူ၍ ကတိပေးကာ ရွေးကောက်ပွဲ အောင်ပွဲခံခဲ့သူ မိုဒီ၏အစိုးရအဖွဲ့သည် ၂ဝ၂၂ ခုနှစ်ထက်နောက်မကျဘဲ ကုန်ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင်နေရာပေါင်း သန်း ၁ဝဝ အထိ ဖန်တီးပေးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိ သော်လည်း လက်တွေ့ဘဝတွင် ထင်တိုင်း မပေါက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။ယခုတစ်ကြိမ် ဂျတ်ဇာတ်ဝင်များ၏ လှုပ်
ရှားမှုနည်းတူ လွန်ခဲ့သည့်နှစ်က မိုဒီ၏ ဇာတိရပ်မြေဖြစ်သော ဂူဂျာရတ်ပြည်နယ် ၌လည်း အလားတူလှုပ်ရှားမှုတစ်ရပ် ပေါ် ပေါက်ခဲ့ဖူးသည်။ယင်းမှာ ဂူဂျာရတ်ပြည်နယ်ရှိ ပါတီးလ် ဇာတ်ဝင်များက အစိုးရအလုပ်အကိုင်များ ၌ ပိုမိုဝင်ရောက် လုပ်ကိုင်ခွင့်ရရှိရေး၊ တက္ကသိုလ်ကောလိပ်များ၌ ပိုမိုပညာဆည်း
ပူးခွင့်ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်လေသည်။ဇာတ်နိမ့်များအတွက် လျာထားသတ် မှတ်ပေးထားသော အထူးအခွင့်အရေးများကို ပါတီးလ်ဇာတ်ဝင်များ ရရှိခံစားနိုင်ရေး အတွက် ဆန္ဒပြတောင်းဆိုသံများ သောသောညံခဲ့သည်။
ထိုစဉ်က ဂူဂျာရတ်ပြည်နယ် မငြိမ်မသက်ဖြစ်အောင် ကိုင်လှုပ်နိုင်ခဲ့သည့် ဆန္ဒ
ပြသူများ၏ ခေါင်းဆောင်တစ်ဦးမှာ အသက် ၂၂ နှစ်အရွယ်ရှိ ဟာဒစ်ပါတီးလ် ဆိုသူ လူငယ်လေးတစ်ဦးဖြစ်ပြီး တစ်ခုသောလူထုစည်းဝေးပွဲ၌ သူဟောပြောခဲ့ရာတွင် လူပေါင်း ငါးသိန်းအထိ တက်ရောက် နားထောင်ခဲ့ရသည်အထိ သတင်းကြီးခဲ့သည်။ ဟာဒစ်ပါတီးလ်သည် အောက်တိုဘာလတွင် အစိုးရအဖွဲ့ကို ပုန်ကန်ရန် လှုံ့ဆော်စည်းရုံးမှုဖြင့် စွဲချက်တင်ခံခဲ့ရလေသည်။လူဦးရေ ၂၅ သန်းနေထိုင်ရာ ဟာယား နားပြည်နယ်၌ ဂျတ်ဇာတ်ဝင်များမှာ ပြည်နယ်လူဦးရေ၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ တစ်ဝန်းတွင် ဂျတ်ဇာတ်ဝင်ပေါင်း သန်း ၈ဝ ကျော် အထိ ရှိနေပြီး အစဉ်အလာအရ လယ်မြေ အသေးစား ပိုင်ဆိုင်ကြကာ အလွန်အမင်း နိမ့်ကျလှသည့် ဇာတ်အမျိုးအနွယ်အုပ်စု များတွင် မပါဝင်ချေ။သို့ရာတွင် လွန်ခဲ့သည့် နှစ်နှစ်တာကာလ
ပတ်လုံး မိုးခေါင်မှုရှိခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းထိခိုက်မှုကို လယ်သမားတို့ ကြီးစွာခံ စားခဲ့ကြရသည်။ ဂျတ်ဇာတ်ဝင်များသည် မိသားစုဝင်ငွေ ကျဆင်းလာချိန်တွင် အခြားဇာတ်နိမ့်များရရှိသော အထူးအခွင့်အရေးများအတိုင်း ရရှိခံစားလာနိုင်စေရန် ကြိုးပမ်းကြရာမှ ဆူပူအုံကြွမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။
ဧကန်မူကား အိန္ဒိယမြောက်ပိုင်း ပြည်နယ်ကိုးခုတွင် ပျံ့နှံ့နေထိုင်ကြသော ဂျတ်ဇာတ်ဝင်များသည် အနိမ့်ကျဆုံး ဇာတ်ဝင် များမဟုတ်ကြပေ။ ဟာယားနားပြည်နယ်၌ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ကြသူ အများအပြားမှာ ဂျတ်ဇာတ်မျိုးနွယ်မှ ဖြစ်ခဲ့ကြသည်။ သို့ရာတွင် လက်ရှိပြည်နယ်ဝန်ကြီးချုပ်မှာ ဂျတ်ဇာတ်ဝင်တစ် ဦးမဟုတ်ပေ။ဟိန္ဒူဘာသာရေး အယူဝါဒလွှမ်းမိုး
သော အိန္ဒိယနိုင်ငံ၌ ဗြဟ္မဏ(ပုဏ္ဏားမျိုး)၊ ခတ္တိယ(မင်းမျိုး၊ စစ်သူကြီးများနှင့် မြေပိုင် ရှင်များ)၊ ဝဿ(အသည်မျိုး)နှင့် သုဒ္ဒ (ကျေးကျွန်မျိုး)ဟူ၍ အဓိကဇာတ်ကြီးလေးခုရှိပြီး အမျိုးဇာတ်အရ အယုတ်၊ အလတ်၊ အမြတ်ဟူ၍ ခွဲခြားသတ်မှတ်ချက်များ ရှိလေသည်။အိန္ဒိယနိုင်ငံတစ်ဝန်း ဇာတ်အမျိုးအနွယ်အရ မျိုးနွယ်စုပေါင်းများစွာ တည်ရှိနေပြီး လူဦးရေ ပေါက်ကွဲမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာချိန်တွင် အောက်ဆုံးဇာတ်နိမ့်များအတွက် အစိုးရက ခွင့်ပြုပေးထားသော အခွင့်အရေးများ ကဲ့သို့ အခွင့်အရေးများ ရရှိလာရန် ဇာတ် မျိုးနွယ်စုများက တောင်းပွဲ၊ တိုက်ပွဲများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ရှုမြင်ရလေသည်။လူမှုရေးအရ သာတူညီမျှမှုရှိရေး၊ ဇာတ် နိမ့်များအပေါ် ဖိနှိပ်မှုမရှိစေရေးဟူသော ရည်ရွယ်ချက်အရ သီးသန့်အခွင့်အရေးပေး မှုကို ကနဦးအားဖြင့် ဒါလစ်မျိုးနွယ်စုနှင့် အခြားဇာတ်နိမ့်များကသာ အကျိုးခံစားခွင့် ရရှိခဲ့ကြလေသည်။အိန္ဒိယနိုင်ငံ၏ ဆင်းရဲသားနင်းပြားများ၊ မြေမဲ့ယာမဲ့များ၊ စာမတတ်မြောက်သူများ အတွင်း အဓိကကိုယ်စားပြုသော ဒါလစ် မျိုးနွယ်စုဝင်များမှာ နိုင်ငံလွတ်လပ်ရေးရရှိ ခဲ့အပြီး ၆၉ နှစ်ကြာမြင့်သည့်တိုင်အောင် လူမွေးလူတောင် မပြောင်ဘဲရှိနေရကား ပညာသင်ယူခွင့်နှင့် အစိုးရအလုပ်အကိုင်များ၌ လုပ်ကိုင်ခွင့်တို့အတွက် အထူးအခွင့်ပေးသည့် အဆင့်အတန်းကို အစိုးရမင်းများ
က သတ်မှတ်ပေးခဲ့လေသည်။ကနဦးအနေဖြင့် ဒါလစ်မျိုးနွယ်စုနှင့် တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်များကို သာအခွင့်အရေးပေးခဲ့သော်လည်း နောက် ပိုင်းတွင် အစဉ်အလာအရ ဇာတ်နိမ့်အုပ်စု များ၌ ပါဝင်သူများကိုပါ ခေတ်နောက်ပြန်ဆွဲ လူတန်းစားအလွှာတွင် ထည့်သွင်းကာ အထူးအခွင့်အရေးပေးသည့် အစီအမံကို ဆောင်ရွက်ခဲ့လေသည်။၁၉၈၉ ခုနှစ်တွင် ဗွီပီဆင်းအစိုးရအဖွဲ့ က အစိုးရအလုပ်အကိုင်နေရာများအနက် ၂၇ ရာခိုင်နှုန်းနှင့် အဆင့်မြင့်ပညာသင်ယူ ခွင့်ရရှိမည့် ခွဲတမ်းသတ်မှတ်ချက်တို့ကို ဇာတ်နိမ့်များအတွက် သီးသန့်လျာထား သတ်မှတ်ပေးခဲ့သည်။ဤတွင် နိုင်ငံတစ်ဝန်းရှိ ဇာတ်မျိုးနွယ်
အစုအဖွဲ့များက အထူးအခွင့်အရေးများကို ¤င်းတို့ကလည်း ရရှိခံစားအပ်သည်ဟု အပြိုင်အဆိုင် တောင်းဆိုလာကြရာ နိုင်ငံရေးသမားများက အသည်းကြားမှ မဲတစ် ပြားရရှိအောင် ဇာတ်နိမ့်ဝင်များကို စည်းရုံး ခဲ့ကြသည်ကို တွေ့မြင်ရလေသည်။၂ဝ၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပလုနီးကာလတွင် ထိုစဉ်က ကွန်ဂရက်ပါတီဦးဆောင်သော ဗဟိုအစိုးရအဖွဲ့က ဂျတ်ဇာတ်ဝင်များကို စည်းရုံးသည့်အနေဖြင့် အထူးအခွင့်အရေးပေးမည်ဟု ပြောကြားခဲ့ရာမှ ၄င်းတို့၏ လှုပ်ရှားမှု အရှိန်ရ လာခဲ့ပြီး လက်ရှိအစိုးရအဖွဲ့ကို အကျပ် ရိုက်စေသည်အထိ လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ ရလေသည်။ဟာယားနားပြည်နယ်၌ ဆန္ဒပြတောင်း ဆိုမှုများဖြစ်စေသော အဓိကအကြောင်း တရားများကို ဆန်းစစ်ကြည့်လျှင် သာမန် ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ ပညာသင်ယူနိုင်ခွင့် နည်းပါးခြင်းတို့ကို တွေ့ရှိရလေသည်။အလုပ်အကိုင်မရှိခြင်း၊ ပညာသင်ယူနိုင် ခွင့်မရှိခြင်းသည် ဆင်းရဲမွဲတေမှုကို တိုးပွား စေသည်။ အစိုးရအဖွဲ့က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးတို့အတွက် မဟာဗျူဟာများ ချ၍ ကြိုးပမ်းနေစေကာမူ ဖွံ့ဖြိုးမှုအဆင့် သစ်သို့ ရင့်ကျက်လာရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ တိုင်းအတွက် အချိန်ယူဆောင်ရွက်ရမည့် မဟာလုပ်ငန်းတာဝန်ကြီးတစ်ရပ်ဖြစ်ပေ လိမ့်မည်။အိန္ဒိယနိုင်ငံသည် လယ်ယာစီးပွားပေါ် အခြေခံသည့် နိုင်ငံဖြစ်ပြီး ဥတုရာသီပေါ် မှီတည်၍ စိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုး အောင် ကြိုးပမ်းနေ၏။သို့ရာတွင် မိုးခေါင်မှု ပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်ရကာ ကျေးလက်နေပြည်သူတို့ ဝင်ငွေကျဆင်းသည့် ပြဿနာကို တွေ့ကြုံခံစားကြရသည်။ လယ်ယာဦးကြီးများ စိတ်ညစ်လွန်း၍ မိမိ ကိုယ်ကိုမိမိ အဆုံးစီရင်မှုဖြစ်ရပ်များ ပေါ်ပေါက်လာသည်။အိန္ဒိယနိုင်ငံသည် ရာသီဥတုပြောင်းလဲ မှုဒဏ်ကို ခံစားနေရပြီး မိုးခေါင်ရေရှားမှု၏ အကျိုးဆက်တစ်ရပ်အဖြစ် လူမှုရေးပြဿနာများ ကြီးထွားလာမှုကို ဆန္ဒပြပွဲများက ညွှန်းဆိုလျက်ရှိလေသည်။ဗုဒ္ဓရှင်တော်လက်ထက်က ဗုဒ္ဓ၏ ဆွေတော်မျိုးတော်များဖြစ်ကြသော သာကိယနှင့် ကောလိယမင်းတို့၏ ရောဟီနီမြစ်ရေခွဲဝေမှုနှင့်ပတ်သက်၍ အငြင်းပွားကြကာ စစ်ပွဲဖြစ်လုနီးအထိ တင်းမာခဲ့ရာတွင် ဗုဒ္ဓရှင်က တရားပြကာ ငြိမ်းချမ်းမှုတည်ဆောက်ခဲ့ရသည်ကို ကျွန်ုပ်သတိရမိသည်။သဘာဝအရင်းအမြစ်များအပေါ် အမှီသဟဲပြုနေရသော ဖွံ့ဖြိုးဆဲ စိုက်ပျိုးရေး နိုင်ငံများအတွက် လူ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင် မပျက်ယွင်းအောင် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဟု ကျွန်ုပ်တွေးတောမိရင်း ''လယ်ယာစီးပွား ဂုဏ်မြင့်မားဖို့ ဥတုတရားကို စောင့်ရှောက်လေ'' ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။ ။

No comments:
Post a Comment