Sunday, February 28, 2016

စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေးအတွက် အဓိကကျတဲ့ထုတ်ကုန်တွေကလွဲပြီး ကျန်တာတွေကို ပုဂ္ဂလိကကို လွှဲပြောင်းပေးခဲ့ပါတယ်




The Mirror Daily's photo.


စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဖေဇင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂ဝ၁ဝခုနှစ်မတိုင်မီက နိုင်ငံတော်အတွင်း စက်သုံးဆီအရောင်းဆိုင် ၂၇၃ ဆိုင်သာရှိခဲ့ပြီး တရားမဝင်ရောင်းဝယ်သည့် စက်သုံးဆီဈေးကွက်မှာ အလွန်ကျယ်ပြန့်ခဲ့ဖူးသည်။ ၂ဝ၁ဝ နောက်ပိုင်းတွင် နိုင်ငံပိုင်စက်သုံးဆီဆိုင်များ အနက် ၂၆၁ ဆိုင်ကို ငွေကြေးအားဖြင့် ခိုင်မာစိတ်ချရပြီး စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်နိုင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့ အစည်း ၃၆ ခုသို့ လွှဲပြောင်းခဲ့သည်။၂ဝ၁ဝ ခုနှစ် ဇွန်လမှစတင်ကာ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များက စက်သုံးဆီလွတ်လပ်စွာတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိခဲ့ပြီး ယခုအခါ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်ပေါင်း ၁၇၇၈ ဆိုင် အထိ များပြားလာခဲ့ပြီဖြစ်သည်။ နိုင်ငံပိုင် စက်သုံးဆီဆိုင် မူလ ၂၇၃ ဆိုင်အနက် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ရသည့်ဆိုင်များကို ထုတ်နုတ်ကြည့်သည့်အခါ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်ခန့် ကျန်ရှိနေပြီး ယင်းဆိုင် ၁၂ ဆိုင်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာများသို့ စက်သုံးဆီများကို စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

စွမ်းအင်ကဏ္ဍသည် နိုင်ငံ၏ အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည့်အပြင် နိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့အပါအဝင် အခြားလောင်စာများကို ပြည်ပသို့ ထုတ်နုတ်ရောင်းချသကဲ့သို့ ပြည်တွင်းလိုအပ်ချက်နှင့် ကိုက်ညီသည့် စက်သုံးဆီအပါအဝင် အခြားလောင်စာဆီများကိုလည်း ပြန်လည်တင်သွင်းရခြင်းများရှိရာ စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပိုင်းနှင့် ပုဂ္ဂလိကနှင့် ပူးတွဲဆောင်ရွက်မှုအပိုင်းများကို စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဖေဇင်ထွန်းနှင့် ဆက် သွယ်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို သိပါရစေရှင့်။

ဖြေ။ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုလက်အောက်မှာ ဝန်ကြီးရုံးအပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းနဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းဆိုတဲ့ လုပ်ငန်းသုံးခုရှိပါတယ်။ အဓိကတာဝန်တွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေရှာဖွေတူးဖော်မယ်၊ ထုတ်လုပ်မယ်၊ ချက်လုပ်မယ်၊ ဖြန့်ဖြူ ရောင်းချမယ်ဆိုတဲ့တာဝန်တွေပေါ့။ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေ ဖြစ်တာနဲ့အညီ စွမ်းအင်ကဏ္ဍတိုးတက်စေဖို့ စီမံကိန်းတွေ အကောင်အထည် ဖော်နေတာပေါ့။ အများပိုင်စီးပွားရေး အသွင်ကူးပြောင်းရေးကို တစ်ဆင့်ချင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

မေး။ စက်သုံးဆီလုပ်ငန်းတွေအကြောင်းနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့စက်သုံးဆီဆိုင် အရေအတွက်ကိုလည်း ဖြေကြားပေးပါဦးရှင့်။

ဖြေ။ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ နိုင်ငံပိုင်ကဏ္ဍကို တဖြည်းဖြည်းချင်း ကျွန်တော်တို့ လျှော့ချလာတာ အခုမှမဟုတ်ပါဘူး။၂ဝ၁ဝ ပြည့်နှစ်ကတည်းက ပထမခြေလှမ်းအနေနဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၇၃ ဆိုင်အနက် ၁၂ ဆိုင်သာချန်ပြီး ကျန်တာတွေကို ပုဂ္ဂလိကကို လွှဲပြောင်းရောင်းချခဲ့ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်က တွင်းတူးဖော်ခြင်း၊ ဆိုက်စမစ်တိုင်းတာခြင်းတွေနဲ့ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းတွေကိုလည်း အကျိုးတူပူးပေါင်းဖို့အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေကို ဖိတ်ခေါ် လုပ်ကိုင်ခဲ့သလို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်က စက်ရုံအချို့နဲ့ ရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင်တွေ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်မှာရှိတဲ့ လေယာဉ်ဆီနဲ့ အခြားစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေး ကိစ္စတွေအတွက်လည်း ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ အကျိုးတူဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရောင်းဆိုင် ၁၂ ဆိုင်ကတော့ နေပြည်တော် ဟိုတယ်ဇုန်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ၊ ဗိုလ်တထောင်နဲ့ လှိုင်အရောင်းဆိုင်များ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ၊ မဟာအောင်မြေအရောင်းဆိုင်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးနဲ့ တောင်ငူ (ဟင်းငုတ်ပင်)အရောင်းဆိုင်၊ ကယားပြည်နယ် လွိုင်ကော်အရောင်းဆိုင်၊ ကရင်ပြည်နယ် ဘားအံအရောင်းဆိုင်၊ ချင်းပြည်နယ် ဟားခါးအရောင်းဆိုင်၊ ရှမ်းပြည်နယ် လွိုင်လင်အရောင်းဆိုင်တွေ ဖြစ်ပါတယ်။

မေး။ ၂ဝ၁ဝ နောက်ပိုင်းမှာ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကလုပ်ကိုင် လိုသူတွေကို စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ချပေးတဲ့အပိုင်းကိုလည်း ဖြေကြားပေးပါရှင့်။

ဖြေ။ ဝန်ကြီးဌာနမှာ ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီးလေးခုနဲ့ ဌာနခွဲ ၁၉ ခု၊ သိုလှောင်ဖြန့်ဖြူးရေးစခန်း ငါးခု၊ လေယာဉ်ဆီဌာနခွဲ/ဌာနစိတ် ၁၁ ခုနဲ့ စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်တို့ ရှိနေပါတယ်။ အဲဒီကနေ နိုင်ငံပိုင် ကဏ္ဍကို ဖြည့်တင်းနေတာဖြစ်ပါတယ်။ ပုဂ္ဂလိကအနေနဲ့ကတော့ ဝန်ကြီးဌာန လွှဲပြောင်းစဉ်က ၂၆၁ ဆိုင်ရှိခဲ့ပေမယ့် စက်သုံးဆီအရောင်းဆိုင်အသစ်တွေ ထပ်မံဖွင့်လှစ်ဖို့ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တွေ စိစစ်ချပေးနေပါတယ်။ ယနေ့ အထိဆိုရင် စက်သုံးဆီအရောင်းဆိုင် ၁၇၇၈ ဆိုင်၊ သိုလှောင်ကန်စခန်း ခြောက်ခု၊ ရေယာဉ် ၁၂ စီးအတွက် ရေယာဉ်တွေကို စက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်တွေကို ပုဂ္ဂလိကကို ထုတ်ပေးထားပြီးပါပြီ။ ဒါ့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီတင်သွင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီပေါင်းက ၄ဝ၆ ခုအထိရှိနေ ပါပြီ။ Pioneer Services နဲ့ National Puma Energy Aviation Service ကုမ္ပဏီနှစ်ခုကို လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တွေ ထုတ်ပေးထားပါတယ်။ ပုဂ္ဂလိကကိုချထားပေးတဲ့ အရောင်းဆိုင်စာရင်းကို မှတ်တမ်းပြုစုထားပါတယ်။ (ဇယား-၁)

မေး။ ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့အပိုင်းမှာရော စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်ချက်တွေအကြောင်း ပြောပြပေးပါရှင့်။

ဖြေ။ ရေနံဓာတ်ငွေ့ရည်ကို ထင်းအစားထိုး မီးဖိုချောင်သုံးလောင်စာအပြင် သယ်ယူပို့ဆောင်ရေးနဲ့ အခြားကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ဖို့ ၂ဝ၁၁ ခုနှစ်ကတည်းက မြန်မာ့တိုင်းရင်းသားလုပ်ငန်းရှင်တွေကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခွင့် ပြုခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ ညောင်တုန်း၊ မင်းဘူးနဲ့ အရာတော်တို့မှာ ရေနံဓာတ်ငွေ့စက်ရုံတွေ ရှိပါတယ်။ ဒါပေမယ့် ကုန်းတွင်းပိုင်းဓာတ်ငွေ့ထုတ်ဖော်ခြင်းကနေ ဖမ်းယူပြီး အရည်ပြုလိုက်တဲ့အခါ တကယ်အသုံးဝင်တဲ့ ဓာတ်ငွေ့ရတာက ပြည်တွင်းမှာလုံလောက်မှုမရှိပါဘူး။

ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုတွေကို တားဆီးလျှော့ချဖို့ ရည်ရွယ်တဲ့အတွက် ပြည်ပက တင်သွင်းဖြန့်ဖြူးတာလည်းဖြစ်ပြီး လက်ရှိမှာ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခွင့် (က)အဆင့် လိုင်စင်ရရှိတဲ့ တိုင်းရင်း သားကုမ္ပဏီခုနစ်ခုနဲ့ သိုလှောင်ခွင့်မရှိဘဲ တင်သွင်း၊ ဖြန့်ဖြူးခွင့်ရရှိတဲ့ (ခ)အဆင့် လိုင်စင်ခြောက်ခုကို ဝန်ကြီးဌာနက ခွင့်ပြုထားခဲ့ပါတယ်။ လူမှုပတ်ဝန်း ကျင်ဆိုင်ရာ ဂေဟစနစ်ထိန်းသိမ်းရေးနဲ့ ကျေးလက်ဒေသအထိ တွင်ကျယ်စွာ ရောက်ရှိအသုံးပြုဖို့အတွက် ဖေဖော်ဝါရီ ၂၅ ရက်ကတင် မြန်မာ့ရေနံနဲ့ ဓာတု ဗေဒလုပ်ငန်းနဲ့ စင်ကာပူအခြေစိုက် Ava Kahyasi Investments Pte ကုမ္ပဏီ၊ တိုင်းရင်းသားကုမ္ပဏီနှစ်ခုဖြစ်တဲ့ SAME Sky နဲ့ Guiding Star ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီး ရေနံဓာတ်ငွေ့ရည် တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးတာတွေ ပူးပေါင်းဆောင်ရွက်မယ်။ နောက်အစိုးရလက်ထက်မှာလည်း ကျွန်တော်တို့လုပ်ငန်းတွေက တစ်ဆင့်ချင်းသွားရမယ့် သဘောအတိုင်း ဆက် သွားနေမှာဖြစ်ပါတယ်။ ပူးပေါင်းတဲ့အပိုင်းတွေမှာ တိုင်းရင်းသားလုပ်ငန်းရှင် အနည်းဆုံးတစ်ဦး ပါဝင်လုပ်ဆောင်ရမှာဖြစ်တဲ့အပြင် Public Private Partnership အနေနဲ့သွားရမှာ ဖြစ်ပါတယ်။
မေး။ စက်သုံးဆီဈေးနှုန်းတွေက ဈေးကွက်မှာစတင်ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်ဆိုင်တိုင်းတော့ မဟုတ်သေးပါဘူး။ စက်သုံးဆီဈေးနှုန်းထိန်းချုပ်မှုအပိုင်းကိုလည်း သိပါရစေ။

ဖြေ။ စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကကို ချထားပေးတဲ့အချိန်ကစပြီး ဈေးနှုန်း သတ်မှတ်ရောင်းချတဲ့အပိုင်းတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားခဲ့ပါတယ်။ ဈေးနှုန်းတွေကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်း က လုပ်ငန်းရှင်အသင်းဝင်တွေအချင်းချင်း ထိန်းညှိပြီး ဈေးနှုန်းကို သတ်မှတ် ရောင်းချပေးနေတာဖြစ်ပါတယ်။ သို့သော် အဓိက တင်သွင်းတာက စင်ကာပူက ဖြစ်နေတော့ ငွေကြေးဈေးနှုန်းအလိုက် ကွာခြားမှုတွေရှိလာတယ်။ အခုနောက် ပိုင်းမှာ ဈေးနှုန်းတွေကို ငွေကြေးဈေးနှုန်းနဲ့ တစ်သမတ်တည်းဖြစ်အောင် သတင်းစာကနေ နေ့စဉ်၊ အပတ်စဉ် ကြေညာပေးနေပါတယ်။ ဆိပ်ကမ်း အရောက်ဈေးတွေနဲ့ သယ်ယူစရိတ်၊ သိုလှောင်စရိတ်တွေပေါင်းစပ်ပြီး ဈေးနှုန်း အပြောင်းအလဲတွေတော့ရှိပါတယ်။ ဒါ့အပြင် ရေနံထွက်ပစ္စည်း သိုလှောင် ကြီးကြပ် ထိန်းသိမ်းရေးကော်မတီကနေကြီးကြပ်ပြီး ဈေးနှုန်းကြီးမြင့်ရောင်းချနေတဲ့ ဆိုင်တွေကို သတိပေးတာတွေ၊ အရည်အသွေးစိစစ်တာတွေနဲ့ အရေးယူ တာမျိုးတွေကို လုပ်ဆောင်ပေးနေပါတယ်။

မေး။ အနာဂတ်မှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ ဆက်ပြီးလုပ်ဆောင် သွားမယ့် တာဝန်တွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ဝန်ကြီးဌာနအနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေးအတွက် ထုတ်ကုန်တွေကို နိုင်ငံပိုင်အနေနဲ့ထားမယ်။ ကျန်တာတွေကို ပုဂ္ဂလိကကို လွှဲပြောင်းမယ်ဆိုတဲ့မူဝါဒနဲ့ဆောင်ရွက်လာခဲ့တာ ၂ဝ၁ဝ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ ဥပမာပြောရရင် ပြည်တွင်းသဘာဝဓာတ်ငွေ့လိုအပ်ချက်ဆိုရင် ပြည်ထောင်စုအပိုင်းကပဲ တင်သွင်းဖြန့်ဖြူးပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေကနေလုပ်ငန်းတင်ပြမှုတွေကိုလည်း ခွင့်ပြုထားတာမရှိပါဘူး။ အမျိုးသား စီမံကိန်းနဲ့အညီ ဆက်လက်ပြီးတော့လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးဖို့ အားပေးသွား မှာဖြစ်သလို နိုင်ငံတော်ရဲ့ လိုအပ်ချက်၊ ထွက်ရှိမှုအခြေအနေနဲ့ ပြန်လည် ထုတ်လုပ်ရောင်းချမှုအားလုံးကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ နောက်အစိုးရကို လွှဲပြောင်းပေးဖို့လည်း အချိန်နီးလာပြီး ဒုတိယအကြိမ် လွှတ်တော်သစ်ကလည်းစတင်ချိန်မှာ စွမ်းအင်ဝန်ကြီးဌာနကလည်း မူလကချမှတ်ထားခဲ့တဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံစီးပွားရေးကို များစွာအထောက် အကူပြုလျက်ရှိသည်။ ထို့အတူ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ များမှာလည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိခြင်းကြောင့် ပြန်လည်လိုအပ်နေသည့် စက်သုံးဆီအပါအဝင် အခြားလောင်စာများကိုလည်း တင်သွင်းအသုံးပြု နေကြရသည်။ ယခုအခါ ပုဂ္ဂလိကစွမ်းအားစုများကို မြှင့်တင်ပေးလျက်ရှိပြီး ပြည်ပအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အားကောင်းမှုမှသည် ပြည်တွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ
ဓာတ်ပုံ - မေဦးမိုး

No comments:

Post a Comment