Sunday, February 28, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


လက်မှုမှသည် အနုပညာဆီသို့

မြန်မာ့သမိုင်းတစ်လျှောက် ဒေသအသီးသီးရှိ တိုင်းရင်းသား လူမျိုးတို့သည် မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ နှင့်အညီ လူတို့၏အသုံးအဆောင်ပစ္စည်း တစ်နည်းအားဖြင့် လက်မှုပစ္စည်းများကို တီထွင်ထုတ်လုပ်သုံးစွဲခဲ့ကြပေသည်။ သို့သော်လည်း ခေတ်ကာလရွေ့လျားပြောင်းလဲလာခြင်း၊ ပြည်ပ စက်မှုထုတ်ကုန်ပစ္စည်းများ၏ လွှမ်းမိုးခံရခြင်း၊ သုံးစွဲမှုနည်းပါး လာခြင်းတို့ကြောင့် မြန်မာ့လက်မှုပစ္စည်းများသည် တိမ်ကော ကွယ်ပျောက်ခြင်း၊ တိမ်ကောကွယ်ပျောက်တော့မည့်အခြေအနေ နှင့် ရင်ဆိုင်နေရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပေသည်။
မြန်မာနိုင်ငံတွင် လက်မှုပစ္စည်းထုတ်လုပ်ရာ ဒေသအများ အပြားရှိနေဆဲဖြစ်သည်။ ကမ္ဘာကျော်အင်းလေးဒေသတစ်ခုတည်း ၌ပင် အိုးလုပ်ငန်း၊ ရိုးရာရက်ကန်းလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ဝါးထည်လုပ်ငန်းများရှိသည်။ မြစ်ကြီးနားတွင် ဂျိမ်းဖော၊ စိုင်ဝါး၊ လချိတ်၊ ရဝမ်နှင့် လော်ဝှော်တိုင်းရင်းသားတို့၏ ရိုးရာရက်ကန်းလုပ်ငန်းများရှိသည်။ မန္တလေးတွင် ရွှေချည်ထိုး လုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ရုပ်သေးရုပ် လုပ်ငန်းများ ရှိသည်။ မွန်ပြည်နယ် ဘီလူးကျွန်းရွာလွတ်ရွာတွင် ဆေးတံလုပ်ငန်း၊ မုဒွန်းရွာတွင် ကျောက်သင်ပုန်းလုပ်ငန်းတို့သည် လက်မှုပစ္စည်းထုတ်လုပ်ရာ ဒေသများအဖြစ် ထင်ရှားလှပေသည်။
ထို့အတူ ချင်းပြည်နယ်တွင်လည်း ဇိုသုန်ရိုးရာချင်းအမျိုးသမီးငယ်လေးများ၏ ရက်ကန်းလုပ်ငန်းများရှိသည်။ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ဒေသသည် အိုးလုပ်ငန်းထွန်းကားရာ ဒေသတစ်ခုဖြစ်သည်။ ဤသို့ မြန်မာနိုင်ငံတစ်ဝန်း ကာလ ဒေသအလျောက် လက်မှုပစ္စည်းအမျိုးမျိုးထွန်းကားခဲ့သည်။ သို့သော်လည်း ယနေ့အချိန်အခါတွင် သုံးစွဲမှုနည်းပါးလာခြင်းတို့ကြောင့် အချို့ကွယ်ပျောက်ခဲ့ပြီဖြစ်သည်။ အချို့မှာ ကွယ်ပျောက် တော့မည့်အနေအထားဖြစ်သည်။ ယနေ့ခေတ်သည် ကွန်ပျူတာ၊ အီလက်ထရွန်နစ်ခေတ်သို့ ရောက်လာသည့်အချိန်တွင် ဘုန်းတော် ကြီးပညာရေးခေတ်နှင့်အတူ ပေါ်ပေါက်ခဲ့သောကျောက်သင်ပုန်းကို မသုံးကြတော့ပေ။ တစ်ချိန်က အသုံးပြုများခဲ့သော ရွာလွတ် ဆေးတံကိုလည်း အသုံးမပြုကြတော့ပေ။ ရုပ်သေးပွဲများ တိမ်ကောခဲ့ပြီဖြစ်သည့်အတွက် ရုပ်သေးရုပ်လုပ်ငန်းမှာလည်း ကွယ်ပျောက်တော့မည့်အနေအထားဖြစ်သည်။ ပိုမိုကောင်းမွန် သော အဝတ်အထည်များ ပြည်ပမှဝင်ရောက်လာမှုကြောင့် ရိုးရာ ရက်ကန်းထည် ဝတ်ဆင်မှုမှာလည်း နည်းပါးခဲ့ပြီဖြစ်သည်။ ယွန်းထည်အသုံးပြုမှုမှာလည်း နည်းလာပြီဖြစ်သည်။
သို့အတွက် ရိုးရာလက်မှုပစ္စည်းများကို လူသုံးကုန်ပစ္စည်း အဖြစ်မှ အနုပညာပစ္စည်းအဖြစ်သို့ ပြောင်းလဲထုတ်လုပ်သွားရန် လိုအပ်လာပြီဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများ တိုးပွားလာချိန် လက်မှုနည်းပညာပစ္စည်းများ အနုပညာလက်ရာ မြောက်စွာထုတ်လုပ်၍ ဈေးကွက်များရရှိလာစေရေး နိုင်ငံတော် အပိုင်း၊ ပုဂ္ဂလိကအပိုင်း ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးနိုင်မှသာ ကွယ်ပျောက်တော့မည့် လက်မှုအနုပညာပစ္စည်းများကို ထိန်းသိမ်း ရာ ရောက်ပေလိမ့်မည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment