Sunday, February 28, 2016

လျှပ်စစ်ကဏ္ဍမှာကျေးရွာပေါင်း၆၀၀၀၀ ကျော်ရှိတဲ့အနက်ကျေးရွာပေါင်း ၁၅၀၀၀ လောက်ဒီငါးနှစ်အတွင်းဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးနှင့်တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ-နိုင်လင်းကြည်


လျှပ်စစ်ဓာတ်အားကို အရင်းအမြစ်မျိုးစုံအသုံးပြုပြီး ထုတ်လုပ်နေမှု၊ သံလွင်မြစ်ပေါ်၌ ဆောင်ရွက်မည့်စီမံကိန်းများ၊ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များ ကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည် - မေး။ ။ ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေတယ်ဆို တာ ပထမဆုံး ရှင်းလင်းပြောကြားပေးစေလိုပါတယ် ခင်ဗျာ။
ဖြေ။ ။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လျှပ်စစ်ဓာတ်အား ဘယ်လောက်သုံးနိုင်သလဲ၊ လူတိုင်း လျှပ်စစ်ဘယ်လောက်သုံးနိုင်သလဲဆိုတဲ့အပေါ်မှာ အခြေခံ ပြီး ကမ္ဘာပေါ်မှာ အများစုသတ်မှတ်ထားတာရှိပါတယ်။ 

မြန်မာနိုင်ငံမှာဆိုရင် လူတစ်ယောက် လျှပ်စစ် သုံးစွဲမှုဟာ ၂၂၂ ကီလိုဝပ်ပဲရှိပါတယ်။ အမေရိကန်မှာ ကီလိုဝပ် ၁၃ဝဝဝ လောက်သုံးနိုင်တဲ့ အခြေအနေရှိတဲ့ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကို သုံးသပ် လို့ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတောင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးနေသေးတာ တွေ့ရ ပါတယ်။ ဖွံ့ဖြိုးမှုနိမ့်ကျနေတယ်လို့ ပြောလို့ရပါတယ်။
ဒါကိုသိလို့ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးကို အခြေခံအချက်အဖြစ်နဲ့ ဦးတည်ဆောင်ရွက်လျက်ရှိ ပါတယ်။ ဦးစားပေးလုပ်ငန်းစဉ်တွေထဲမှာလည်း နံပါတ်တစ်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်တာမို့ထုတ်လုပ်မှုနဲ့ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုပိုင်းဆိုင်ရာ အချက်သုံးချက်ကို ဟန်ချက်ညီဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အဲဒီမှာ နိုင်ငံတစ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားရရှိမှုဟာ ကုန်ကျ စရိတ်က အဓိကအချက်ဖြစ်ပါတယ်။
၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ ၁၇၇ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ ၅၉၃ ဘီလီယံအထိ တိုးတက်ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် ဒီငါးနှစ်အတွင်းမှာ နိုင်ငံတော်က သုံးဆကျော် ရင်းနှီးမြှုပ်နှံပေးပါတယ်။

အဲဒီမှာ တပ်ဆင်စက်အင်အားမှာဆိုရင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ မဂ္ဂါဝပ် ၃၄ဝဝ ခန့် ရှိရာကနေ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်ရောက်တဲ့အခါ ၅ဝ၈၉ မဂ္ဂါဝပ်အထိ တိုးမြင့် လာခဲ့ပါတယ်။ အဲဒါကြောင့် တပ်ဆင်စက်အင်အား တစ်ဆခွဲလောက် တိုးလာတယ်လို့ ပြောလို့ရပါတယ်။
ပြည်သူတွေဆီ လျှပ်စစ်ဓာတ်အားရောက်ရှိမှုမှာ ပြည်သူတွေသုံးတဲ့ လျှပ်စစ်ယူနစ်ဟာ တစ်တိုင်းပြည်လုံး ကိုပေးတဲ့ ဓာတ်အားက ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ သန်း ပေါင်း ၈ဝဝဝ ကျော်ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ အထိ တွက်ချက်ထားတာကတော့ ၁ဝဝဝဝ ကျော်သွား ပါပြီ။ ကျန်တဲ့သုံးလပါ ပေါင်းလိုက်ရင် ယူနစ် သန်းပေါင်း ၁၆ဝဝဝ ဖြစ်လာမှာပါ။ အဲဒါကြောင့် ဒီကာလမှာ နှစ်ဆ လောက် တိုးတက်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ထင်ရှား ပါတယ်။ ထုတ်တာကနေ ပို့လွှတ်တာရဲ့ကြားမှာ မဟာ ဓာတ်အားလိုင်းတွေ တည်ဆောက်ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ မိုင် ၃ဝဝဝဝ လောက်ပဲရှိတာကနေ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ မိုင် ၄ဝ၇ဝဝ အထိ ရှိသွားပါပြီ။ ဒါလည်း တစ်ဆခွဲလောက် တိုးလာခဲ့တယ်။ အခု ဒီကာလ အတွင်းမှာ မြို့ပေါင်း ၃၃ မြို့ကို နည်းမျိုးစုံနဲ့ပေးတဲ့ အစီအစဉ်ကနေ နိုင်ငံတော်ဓာတ်အားစနစ်ကနေ မီးပေး နိုင်တဲ့အဆင့် ရောက်လာပါတယ်။
ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်ရှိတဲ့အနက် ကျေးရွာ ပေါင်း ၁၅ဝဝဝ လောက် ဒီငါးနှစ်အတွင်း ဖြန့်ဖြူးပေးနိုင်ခဲ့ ပါတယ်။ လျှပ်စစ်ကဏ္ဍက ငါးနှစ်စာပဲ လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအရေးဖြစ်တာမို့National Electricity Master Plan ကို လုပ်ရပါတယ်။
၂ဝ၁၂ ခုနှစ်ကတည်းကJICA နဲ့ တွဲလုပ်ခဲ့တာပါ။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ မဂ္ဂါဝပ် ၅ဝဝဝဝ ကျော်ပဲ ရှိပါ တယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ ဘယ်လောက်လိုမလဲဆိုရင် တပ်ဆင် စက်အင်အားအနေနဲ့ မဂ္ဂါဝပ် ၂၃၅ဝဝ လောက် လိုအပ်မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နောက်ထပ် လေးဆလောက် တွန်းတွန်း တိုက်တိုက်လုပ်ရပါဦးမယ်။ အခြေခံဘယ်လောက် လုပ်သင့်လဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ တစ်နှစ်တစ်နှစ်ကို မဂ္ဂါဝပ် ၄ဝဝ ကနေ မဂ္ဂါဝပ် ၈ဝဝ လောက်အထိ တိုးတိုးပြီး မတပ်ဆင်နိုင်ရင် ကျွန်တော်တို့ရဲ့ Plan ဟာ ပြည့်မီမှာ မဟုတ်ပါဘူး။
၂ဝ၃ဝ ပြည့်နှစ်မှာ ဓာတ်အားဘယ်လောက်လိုမလဲ၊ လိုတဲ့ဓာတ်အားကို ဘယ်လိုပို့မှာလဲဆိုတာက အဓိကပါ။ နောက်ထပ် Plan တစ်ခုကတော့ တစ်နိုင်ငံလုံးဓာတ်အား ဖြန့်ဖြူးရေးစီမံချက်National Electrification Plan ဖြစ်ပါတယ်။ 

ကမ္ဘာ့ဘဏ်နဲ့ ပူးတွဲဆောင်ရွက်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရောက်နေတဲ့နေရာတွေကနေ အမြန်ဆုံးဓာတ်အားလိုင်းတွေ တိုးချဲ့ပြီး ကျေးရွာတွေ အရောက် မီးဖြန့်ဖြူးဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ တစ်နိုင်ငံ လုံးရဲ့ ၃၃ ရာခိုင်နှုန်းလောက်ပဲ ဓာတ်အားရရှိသေး ပါတယ်။ လုပ်ရမယ့်အလုပ်က ၁ဝဝ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးမီးရမယ်လို့ ဒီElectri- fication Plan ကနေပြီးတော့ မျှော်မှန်းပြီး ရေးဆွဲထား တာဖြစ်ပါတယ်။
အိမ်ထောင်စုအရေအတွက်က သန်းခေါင်စာရင်းအရ ၁ဝ ဒသမ ၈၉ သန်းရှိပါတယ်။ အခု လောလောဆယ် ၃ ဒသမ ၃၅ သန်းပဲ မီးရသေးပါတယ်။ အဲဒါကြောင့် ဘက်ပေါင်းစုံကနေ တွန်းတွန်းတိုက်တိုက် လုပ်ရပါဦးမယ်။

မေး။ ။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှာ အရင်းအမြစ်မျိုးစုံကို စနစ်တကျ အသုံးပြုပြီး ထုတ်လုပ် ပေးမှ တည်ငြိမ်တဲ့ဓာတ်အား၊ အရည်အသွေးပြည့်ဝတဲ့ ဓာတ်အားရမယ်လို့ ဒုတိယဝန်ကြီး လွှတ်တော်မှာ ရှင်းပြခဲ့ တယ်ဆိုတာ သိပါတယ်။ အဲဒီထဲမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေလည်း ပါနေပါတယ်။ ဘာကြောင့် ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ရတယ်ဆိုတာရယ်၊ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာရယ် ရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ ။ အရင်းအမြစ်မျိုးစုံကိုမသုံးရင် ဓာတ်အားခ ဈေးနှုန်းပြဿနာရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက် မှုမှာလည်း မညီမျှမှုတွေရှိလာမယ်။ ဓာတ်အားတည်ငြိမ်မှု ကိုလည်း အနှောင့်အယှက်ပေးမယ်။ ဒီနေ့ထုတ်နေတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၆၃ ရာခိုင်နှုန်းဟာ ရေအားလျှပ်စစ်က ရရှိနေတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်က ရာသီဥတုနဲ့ ဆိုင်ပါတယ်။ ရေလှောင်ကန်မှာရေနည်းသွားရင် ချွေတာ သုံးရပါတယ်။ ချွေတာသုံးတော့ တချို့နေရာတွေမှာ မီးပြတ်တာတွေရှိတော့ လူတွေက အဲဒါအပေါ်မှာ အားမလိုအားမရ ဖြစ်ကြပါတယ်။
သဘာဝဓာတ်ငွေ့က ၃၂ ရာခိုင်နှုန်း ရရှိပါတယ်။ ကျောက်မီးသွေးစက်ရုံကလည်း တီကျစ်မှာ တစ်ရုံပဲရှိပါ တယ်။ ဘက်ပေါင်းစုံပြုပြင်ရေးတွေလုပ်နေရတော့ ရပ်ထား ရပါတယ်။ အဲဒီတော့ ရေအားလျှပ်စစ်က နွေရာသီမှာ ဒုက္ခရောက်ပါတယ်။ မြန်မာနိုင်ငံကို ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ် လောက်မှာ ဘယ်လိုအရင်းအမြစ်တွေနဲ့ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်ဖြန့်ဖြူးမယ်ဆိုတာ အစီအစဉ် ရေးဆွဲခဲ့ ပါတယ်။ 

ဈေးနှုန်းသက်သာရမယ်၊ အရင်းအမြစ်ရှိရမယ်၊ တည်ငြိမ်ရမယ်၊ သဘာဝပတ်ဝန်းကျင်မထိခိုက်စေရ၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဒါတွေကို အခြေခံလိုက်တော့ ရေအားလျှပ်စစ်ကို ၃၈ ရာခိုင်နှုန်း လောက် ပါဝင်ပတ်သက်ခိုင်းမယ်။ ကျောက်မီးသွေးကိုလည်း ၃ဝ ရာခိုင်နှုန်းကျော်လောက်ဝင်ပါပေးမှ တည်ငြိမ်တဲ့ ဓာတ်အားရရှိပါမယ်။ ဓာတ်ငွေ့ကလည်း ၂ဝ ရာခိုင်နှုန်း လောက်ပါမယ်။ ကျန်တဲ့လေအား၊ နေအား၊ စွန့်ပစ်အမှိုက် တွေက ၂ဝ ရာခိုင်နှုန်းလောက်ရအောင် ထုတ်လုပ်ပေးရ ပါမယ်။ 

အဲဒါတွေပေါင်းလိုက်တာတောင်မှ မဂ္ဂါဝပ် ၂၃ဝဝဝ ရအောင် ထုတ်လုပ်ရမှာပါ။ အဲဒီလောက်တပ်ဆင် စက်အင်အားရှိဖို့လိုအပ်တဲ့အတွက် ဒီအချိုးနဲ့ မလုပ်ဘဲ အရင်းအမြစ်တစ်ခုကို သွားအားပေးပြီး သက်သာရင် ပြီးရော၊ ဈေးနှုန်းသက်သာရင်ပြီးရော မတည်ငြိမ်ရင်နေပါ စေဆိုပြီး မရပါဘူး။
မဂ္ဂါဝပ် ၂၃ဝဝဝ ကျော်ရှိရမယ့် တပ်ဆင်စက်အင်အား မှာ ကျောက်မီးသွေးကို ၇ဝဝဝ ကျော် ၈ဝဝဝ လောက် ထိန်းထားဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ထုတ်နေတဲ့ ဓာတ်ငွေ့တွင်းတွေဟာ လျော့လာပါပြီ။ နောက်ထပ်တွင်းအသစ်တွေ့မှ ကျွန်တော်တို့နိုင်ငံ အခြေ အနေကောင်းပါမယ်။ နောက်ထပ်တွင်းအသစ်လည်း တူးနေပါတယ်။
အရင်က ဓာတ်အားပေးစက်ရုံတွေက အိုဟောင်း လာတာလည်းရှိပါတယ်။ အသစ်တွေပြန်လဲဖို့လည်း ရှိပါ တယ်။ ဒါနဲ့အပြိုင် ကျောက်မီးသွေးစက်ရုံကို နှစ် ၂ဝ၊ ၂၅ နှစ်လောက် လုပ်ကိုင်ခွင့်ပေးပြီးတော့ နည်းပညာအမြင့်နဲ့ သင့်တော်တဲ့နေရာတွေမှာ ဓာတ်အားကို တည်ငြိမ်အောင် ထိန်းချင်တယ်။ ဈေးနှုန်းကိုလည်း တည်ငြိမ်အောင် ထိန်းချင်တယ်။ 

သူများနိုင်ငံတွေမှာ ကျောက်မီးသွေးစက်ရုံတွေ ဖျက်နေပြီဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျောက်မီးသွေးကနေထုတ်တာ မဂ္ဂါဝပ် ၁၂ဝ ဆိုတော့ သုံးရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ၃ဝ ရာခိုင်နှုန်းလောက် တိုးချင်တာ။ တချို့နိုင်ငံတွေဆို ကျောက်မီးသွေးကနေ ထုတ်လုပ်တဲ့လျှပ်စစ်ဓာတ်အားကို လျှော့ချင်ပေမယ့် ၅ဝ ရာခိုင်နှုန်းအောက်လျှော့ဖို့ကို သူတို့တွေ မလွယ်ကူပါဘူး။
တစ်နိုင်ငံလုံး ဓာတ်အားကို အကြီးကြီးထမ်းထားရတာ ဆိုတော့ ပျမ်းမျှပြောရရင် ကမ္ဘာပေါ်မှာ ကျောက်မီးသွေးက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ကမ္ဘာလုံးထုတ်နေတဲ့ ဓာတ်အားရဲ့ ၄ဝ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ 

တစ်နိုင်ငံလုံးမှာ ရေအားလျှပ်စစ်က အရှေ့ခြမ်းနဲ့ အရှေ့မြောက်ခြမ်းကပဲ ဆင်းလာနေတာပါ။ တစ်နိုင်ငံလုံး ကို အဲဒီနေရာတွေကပဲ ပို့ရရင် ဧရာမဓာတ်အားလိုင်းတွေ တည်ဆောက်မှ ပို့လို့ရပါမယ်။
LOADကိုDistribution လုပ်တဲ့အနေနဲ့ အောက် ဘက်မှာလည်း ရှိရပါမယ်။ ကလေးဝဘက်မှာလည်း ရှိရပါ မယ်။ ကျိုင်းတုံဘက်မှာလည်း ရှိသင့်ပါတယ်။ အဲဒါကြောင့် စက်ရုံတွေတည်ဆောက်တာ ဖြစ်ပါတယ်။ ရေးမှာလုပ်ဖို့ရှိ ပါတယ်။ လောင်းလုံးနဲ့ ကလေးဝမှာရှိပါတယ်။ ငရုပ်ကောင်း၊ ကျောက်တန်းမှာ ရှိပါတယ်။ နောက်ဆုံးတစ်ခု ကတော့ သီလဝါပါ။ သီလဝါကိုထိန်းဖို့ ပုံမှန် ၂၄ နာရီ အလုပ်ရုံတွေနဲ့လုပ်ရမှာဖြစ်လို့ သီလဝါမှာလည်း ထိုက်သင့်တဲ့မဂ္ဂါဝပ်နဲ့ သူ့ကို မောင်းပေးဖို့ လိုပါတယ်။
ဘယ်အဆင့်ရောက်နေပြီလဲဆိုရင်တော့ နားလည်မှု စာချွန်လွှာအဆင့်ပဲရှိသေးတယ်။ နောက်တက်လာမယ့် အစိုးရက လုပ်သင့်ရင်လုပ်ပါ။ မလုပ်သင့်ဘူးဆိုရင်လည်း သဘောပါပဲ။ နိုင်ငံခြားက ဝယ်တဲ့ဓာတ်အားဆိုတာ နိုင်ငံခြားကို အမြတ်ပေးပြီး သုံးရတာပါ။ 

ကိုယ့်ဆီကအလုပ်သမားတွေလည်း အလုပ်အကိုင် အခွင့်အလမ်းမရဘူး။ နည်းပညာလည်းမရဘူး။ ဒေသ ဖွံ့ဖြိုးရေးလည်း မရဘူး။ ဘာရမလဲဆိုတော့ မီးရတာနဲ့ မီးပေါ်မှာအခြေခံပြီး စီးပွားရေးလုပ်လို့ပဲရပါမယ်။ ကိုယ့်နိုင်ငံအတွင်းမှာ ရေအားလျှပ်စစ်စက်ရုံတွေနဲ့ ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ရင် နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေရပါမယ်။
ကိုယ့်နိုင်ငံထဲမှာရှိလို့ ကိုယ့်စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်နိုင် ပါတယ်။ တရုတ်ပြည်ဆို နှစ်ပေါင်း ၄ဝ၊ ၅ဝ လောက်က ကျောက်မီးသွေးစက်ရုံတွေတည်ထားပါတယ်။ ၇၉ ရာခိုင် နှုန်းလောက်ထိ တည်ရှိခဲ့ပါတယ်။ ရုတ်တရက်တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ ဒါပေမယ့် တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ကောင်းလာပြီဖြစ်လို့ လျှော့ချတာဖြစ်ပါတယ်။
အဲဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေကို သွားပြီးတော့ သူတို့လုပ်သလို ကျွန်တော်တို့ နိုင်ငံအနေနဲ့ လုပ်ဖို့မလို ပါဘူး။ သူတို့ဘယ်တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာ ပြန်ကြည့်ပြီးတော့မှ လုပ်သင့်ပါတယ်။ သူ့နိုင်ငံဘာလုပ် နေတယ်ဆိုတာကြည့်ပြီး ငါဘာလုပ်ချင်တယ်ဆိုလို့မရ ပါဘူး။ ဘက်စုံအခြေအနေကို ကြည့်ပြီးမှ သုံးသပ်ပြီး လုပ်ဖို့ပဲ တင်ပြလိုပါတယ်။

မေး။ ။ ရေအားလျှပ်စစ်အရင်းအမြစ်တွေလည်း နိုင်ငံ ထဲမှာ ပေါကြွယ်ဝတယ်လို့ ဒုတိယဝန်ကြီး လွှတ်တော်ထဲမှာ ရှင်းတာတွေ့ရပါတယ်။ ရေအားလျှပ်စစ်တွေလုပ်ဖို့ ရည်ရွယ်ထားတဲ့အထဲက သံလွင်မြစ်ပေါ်မှာ ဆောင်ရွက် မယ့်စီမံကိန်းတွေကို ပြည်သူတွေ စိတ်ဝင်စားကြတော့ ဘယ်လိုစီမံဆောင်ရွက်နေတယ်ဆိုတာ နည်းနည်းလောက် ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်တယ်လို့ပြောကြပါတယ်။ တစ်ခုမှ မလုပ်ရသေး ပါဘူး။ ကွမ်းလုံစီမံကိန်းပဲ မဂ္ဂါဝပ် ၁၄ဝဝ ကို တမံကလည်း ပြည်တွင်းမှာရှိတဲ့ တမံတွေရဲ့ပျမ်းမျှအမြင့်လောက်ပဲ ရှိတဲ့ တမံအမြင့်လေးပါ။
သံလွင်မြစ်ကြီးကို နှစ်စဉ် စီးဝင်ရေအကုန်လုံးရဲ့ တစ်ရာခိုင်နှုန်းတောင်မှ မရှိတဲ့ရေကို Operate လုပ်ပြီး လှောင်ထားပြီးတော့လုပ်တဲ့ စီမံကိန်းပါ။ ရေလှောင်ကန် ပမာဏအများကြီးလည်းမရှိပါဘူး။ ဒီကွမ်းလုံစီမံကိန်း တစ်ခုပဲJV လုပ်ဖို့ လက်မှတ်ရေးထိုးထားတာရှိပါတယ်။ နောက်ထပ်သံလွင်မြစ်ပေါ်မှာ လေးခုရှိပါတယ်။ သူ့ရဲ့ လက်တက်ပေါ်မှာ တစ်ခုရှိပါတယ်။ သံလွင်မြစ်ပေါ်မှာ ခြောက်ခုရှိတယ်ဆိုတာမဟုတ်ပါဘူး။ တစ်ခုပဲJV ဖြစ်ပြီး တော့ ကျန်တာတွေက MoU၊ MoA အဆင့်ပဲရှိပါသေး တယ်။
မေး။ ။ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်တဲ့ အထက် ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှာ တင်ဒါမခေါ်ဘဲ လုပ်ငန်းအပ်နှံလိုက်တယ်လို့ မကြာမီက ကြားသိရတဲ့အပေါ် မှာရော ဒုတိယဝန်ကြီးအနေနဲ့ ရှင်းပြပေးနိုင်မလားခင်ဗျာ။

ဖြေ။ ။ ရေအားလျှပ်စစ်ရဲ့ လုပ်ငန်းသဘာဝက ဝေးလံတဲ့တောတောင်တွေမှာ သွားဆောင်ရွက်ရပါတယ်။ မြစ်ထဲ ချောင်းထဲမှာ လုပ်ရပါတယ်။ ဥမင်လိုဏ်တွေ တူးရပါတယ်။ ဧရာမပိုက်လုံးကြီးတွေ တပ်ဆင်ရပါတယ်။ တမံလုပ်ငန်းတွေဆိုရင်လည်း ရေထဲချောင်းထဲမှာ ဆင်းပြီး လုပ်ရပါတယ်။ စက်ရုံတွေတည်တော့လည်း မြေပေါ်မြေအောက် လုပ်ရပါတယ်။
ရေပိုလွှဲဆိုလည်း အကြီးကြီးတွေလုပ်ရပါတယ်။ အဲဒီမှာ လူတော်တော်များများလုပ်နိုင်တဲ့ အနေအထား မရှိပါဘူး။ အဲဒါကြောင့် အထက်ကျိုင်းတောင်းမှာ နိုင်ငံတော်က လုပ်နေတဲ့အလုပ်ရှိပါတယ်။ အဲဒီအလုပ်ကို နိုင်ငံတော်ကလည်း ကြီးကြပ်ပေး။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှာ ကိုယ်ပိုင်စက်တွေ၊ ဒီဇိုင်နာတွေ စသဖြင့် အများကြီးရှိပါတယ်။ 

ဒါပေမယ့် အင်နဲ့အားနဲ့ လုပ်ဖို့လိုအပ်နေတဲ့ အထက် ကျိုင်းတောင်းစီမံကိန်းမှာ စနစ်တကျ သေချာကန်ထရိုက် ပေးချင်တယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူကို ပေးချင် တယ်။ ဈေးနှုန်းကိုလည်းစိစစ်ပြီး ကန်ထရိုက်ပေးချင်တယ်။ ဒီလို အခြေအနေအပေါ်မှာမူတည်ပြီး စဉ်းစားတဲ့အခါ တင်ဒါခေါ်တဲ့နည်းစနစ်က နှစ်မျိုးရှိပါတယ်။ ကမ္ဘာပေါ်မှာ လုပ်နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့တစ်နိုင်ငံထဲမှာ လုပ်နေတာမဟုတ်ပါ ဘူး။ Open Tender နဲ့ Limited Tender ဆိုပြီး နှစ်ခု ရှိပါတယ်။ အဲဒီနှစ်မျိုးမှာ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်သူလည်း သိပ်မရှိတော့Limited Tender ပဲခေါ်လိုက်တာပါ။
လူတွေက ပြောချင်တာက လက်သိပ်ထိုးကန်ထရိုက် ပေးတယ်လို့ပြောချင်တာ။Limited Tender ကို ကမ္ဘာက အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုတည်း ပေးချင်တာကို အဲဒီကုမ္ပဏီပဲခေါ်လိုက်တယ်ဆိုရင်တော့ ဘယ်တရားမလဲ။ အဲဒါကြောင့် စိစစ်ဖို့လုပ်တဲ့အခါမှာ ကုမ္ပဏီခြောက်ခုထဲက လုပ်ငန်းအတွေ့အကြုံရှိတဲ့ ကုမ္ပဏီ တွေကို Limited Tenderခေါ်လိုက်ပါတယ်။
ရွေးတဲ့အခါမှာလည်း အခြေခံနှစ်ခုရှိပါတယ်။Limited ခေါ်လိုက်ခြင်းအားဖြင့် အချိန်တိုသွားတယ်။ အချိန်သက်သာပေမယ့် ကျွမ်းကျင်မှုကိုလည်းစိစစ်ဖို့ လိုလာပြီ။ ဒီကုမ္ပဏီတွေထဲမှာ ဘယ်သူကအကောင်းဆုံး လဲဆိုတာ။ အဲဒီလိုစိစစ်တော့ အမှတ်ပေးစည်းမျဉ်း လိုလာ တယ်။ ကျွမ်းကျင်မှုဆိုင်ရာကို ၇ဝ၊ ဈေးနှုန်းစိစစ်တာကို ၃ဝ စသဖြင့် ဈေးနှုန်းက တအားအရေးမကြီးဘူး။ လုပ်ငန်း မကျွမ်းကျင်ရင် နောင်ပြဿနာပေါ်မှာဖြစ်လို့ အပြည်ပြည် ဆိုင်ရာမှာလည်း ဒီစနစ်ကို ကျင့်သုံးပါတယ်။ တကယ်လို့ ကျွမ်းကျင်မှုဆိုင်ရာသိပ်အရေးမကြီးဘူးဆိုရင်တော့ ၅ဝ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီနေရာမှာတော့ ရေအား လျှပ်စစ်သဘာဝအရ ဘေးကင်းဖို့နဲ့ ကျွမ်းကျင်ဖို့ကို အဓိက ထားတာပါ။
နောက်ဆုံးတစ်ခုကQuality Control ပါ။ လုပ်ငန်း အတွေ့အကြုံနဲ့ ခန့်ထားတဲ့သူတွေရဲ့ အရည်အချင်းပါ။ ကျွမ်းကျင်မှုအချက် ၁ဝ ချက်ပေါ်မှာပဲ အမှတ်ပေးတာပါ။ ကျွမ်းကျင်မှုကို ၁ဝဝ ပေးထားပေမယ့် ၆ဝ တောင် မပြည့် တဲ့သူဆိုရင် ပယ်ပစ်လိုက်ပါတယ်။ Limited ပေးလိုက်တဲ့ အတွက် ကျွမ်းကျင်မှုဆိုင်ရာမှာ အခြေအနေကောင်းကြ ပါတယ်။ 

အဲဒါကြောင့် ဈေးနှုန်းဖွင့်ဖောက်ခြင်းကို ဆက်သွား ပါတယ်။ ပြီးမှ သူတို့ကို ဖိတ်ခေါ်လိုက်တာပါ။ ဈေးနှုန်း ကိုလည်း သူတို့ရှေ့မှာဖွင့်ဖောက်ပြီး တစ်ခါတည်း ကွန်ပျူတာကနေ ရိုက်တင်တာဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ရမှတ်တစ်ခါတည်းပေါ်လာတယ်။ ရမှတ်အများဆုံး လူကိုပဲ ရွေးချယ်လိုက်တာဖြစ်ပါတယ်။
အထက်ကျိုင်းတောင်းစီမံကိန်းမှာ လုပ်နေတဲ့ ကုမ္ပဏီခြောက်ခုကို Limited ခေါ်တာဖြစ်ပြီး တစ်ခုတည်း လက်သိပ်ထိုးတာမရှိပါဘူး။ အဲဒီ ခြောက်ခုကလည်း လုပ်ငန်းကျွမ်းကျင်မှုရှိပါတယ်။ ရေအားလျှပ်စစ်တည်ဆောက် မှုအတွေ့အကြုံက ထူးခြားတဲ့အတွေ့အကြုံရှိတဲ့ ကုမ္ပဏီ နှစ်ခုကိုရွေးပြီး တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
၂ဝ၁၅ ခုနှစ် သြဂုတ်လကတည်းက တင်ဒါခေါ် ခြင်းလုပ်ငန်းကို စတင်ခဲ့တာပါ။ အစိုးရအဖွဲ့ရုံးကို တင်ပြ ရပါတယ်။ စီးပွားရေးကော်မတီရေးရာကိုလည်း တင်ပြ ပါတယ်။ ဒီဇင်ဘာလမှာ ရွေးတဲ့အဆင့်ရောက်ပါတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လကျမှဇွတ်လုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီတစ်ခုတည်း မဟုတ်ပါဘူး။ တခြားကိစ္စ တွေမှာလည်း ဒီလိုပဲ ဆောင်ရွက်ခဲ့တယ်ဆိုတာ တင်ပြ လိုပါတယ်။ 

ဟုတ်ကဲ့ အခုလို ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၆၆ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ၂၉ ရာခိုင်နှုန်းခန့်နှင့် ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း ဝန်းကျင် ပါဝင်နေခြင်းဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်း အတွင်း မဂ္ဂါဝပ် ၁၈ဝဝ ကျော် တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment