Sunday, February 28, 2016

အထက်မြန်မာနိုင်ငံကိုယ်စားပြုစက်သုံးဆီ တင်/ချဆိပ်ကမ်းကြီးမန္တလေးတိုင်း ဒေသကြီး၌တည်ဆောက်မည်

မင်းထက်အောင်(မန်းကိုယ်ပွား)

မန္တလေး ဖေဖော်ဝါရီ ၂၇

အထက်မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာအဆင့်မီ စက်သုံးဆီ တင်/ချဆိပ်ကမ်းကို မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရွှေ ကြက်ယက်နှင့် ဘုန်းတော်နိုင်ငံ ကျေးရွာအုပ်စု အိုးတုတ္ထတန်းလမ်း အနောက်ဘက် ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံအနီး၌ မြန်မာ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီလိမီတက်က တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ တည် ရှိ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ရန် ဗဟိုပြုရာ ဒေသကြီးဖြစ်သည်နှင့် အညီ ကုန်သွယ်မှုကဏ္ဍအပါအဝင် စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးမှု အလွန် များပြားလာခြင်းကြောင့် လက်ရှိ သယ်ယူပို့ဆောင်နေသည့် မန္တလေး ဆိပ်ကမ်းနေရာတွင် မီးဘေး အန္တရာယ်စိုးရိမ်ရ၍ အန္တရာယ် ကင်းစွာ သယ်ယူဖြန့်ဖြူးပေးရန် ရည်ရွယ်ချက်ဖြင့် ယင်းစီမံကိန်းကို ခွင့်ပြုပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် စက်သုံးဆီ တင်/ချ ဆိပ်ခံတံတားနှင့် ဆီသို လှောင်ကန်များ၊ ရုံးအဆောက် အအုံများ ပန္နက်တင်မင်္ဂလာအခမ်း အနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
''အခု ရွေးချယ်ထားတဲ့နေရာ က မြေသားခိုင်မာပြီး လမ်းပန်း ဆက်သွယ်မှု လွယ်ကူတဲ့အပြင် မီးဘေးအန္တရာယ်အတွက် လုံခြုံ စိတ်ချရတဲ့နေရာဖြစ်တယ်။ တစ်ဦး ပိုင် လုပ်ခြင်းထက် စနစ်တကျလုပ်ကိုင် နိုင်အောင် အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံ ကိုယ်စားပြု စက်သုံးဆီ တင်ပို့ဖြန့်ဖြူးနိုင်မယ့် ဆိပ်ကမ်းကြီး မကြာမီပေါ်ပေါက်လာ ပြီး သက်သာသော ဈေးနှုန်းအရည် အသွေးပြည့်မီတဲ့ စက်သုံးဆီတွေကို သုံးစွဲနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ¤င်းကပြောသည်။

နိုင်ငံတော်က စက်သုံးဆီလုပ်ငန်း အား ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင် များသို့ လွှဲပြောင်းပေးခဲ့ရာ မြန်မာ နိုင်ငံသား စက်သုံးဆီလုပ်ငန်းရှင်များ အနေဖြင့် စနစ်တကျရှိသော စက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး/ရောင်းဝယ်ခြင်း ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင် ကုမ္ပဏီ ၅၂ ခု ပါဝင်သည့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမီတက် ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
''ဒီလို ဖွဲ့စည်းလုပ်ဆောင်ခဲ့လို့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းလာ ပြီး အရည်အသွေးမှန်ကန်စွာ ရောင်းချ နိုင်တယ်။ နိုင်ငံတော်အတွက်လည်း အခွန်ငွေတိုးလာတယ်။ အဓိက ပင်လယ်ဝင်ပေါက် မှာ အတင်/အချ လုပ်နိုင်အောင် ရန်ကုန်မှာ သီလဝါ ဆိပ်ကမ်းတည်ဆောက်ပြီး ပြည်တွင်း ကို ဖြန့်ဖြူးဖို့ စရိတ်သက်သာတာက ရေကြောင်းက အကောင်းဆုံးပါ။သယ်ယူပို့ဆောင်ရေးမှာ လိုအပ်တဲ့ ဆိပ်ခံတံတားတွေ၊ ဆီသိုလှောင်ကန် တွေလုပ်ဖို့ မန္တလေးမှာ ပထမဆုံး တည်ဆောက်သွားမှာပါ''ဟု မြန်မာ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ပြောသည်။

အဆိုပါ စက်သုံးဆီ တင်/ချ စီမံကိန်းသည် မြေဧက (၄၁ ဒသမ ၁)တွင် ဂါလန်နှစ်သန်းဆံ့ ဆီသို လှောင်ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား လေးစင်း နှင့် ဆီသယ်ယာဉ် ၁၃၆ စီးအား တစ်ပြိုင်တည်း ဆီဖြည့်နိုင်သည့် နေရာများနှင့် မီးဘေးလုံခြုံရေး အတွက် ဂါလန်ငါးသိန်းဆံ့ ရေကန် တည်ဆောက်မည် ဖြစ်ကြောင်း လာမည့် ခြောက်လတွင် လုပ်ငန်းများ စတင်လည်ပတ်မည်ဖြစ်၍ တစ်နှစ် အတွင်း စီမံကိန်းပြီးစီးမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment