Monday, February 1, 2016

နွားစာအသုံးပြုလို၍ လယ်ယာလုပ်သားများဖြင့်ကောက်စိုက်နေကြဆဲဖြစ်


The Mirror Daily's photo.
မန္တလေး ဇန်နဝါရီ ၃၁
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်စိုက်တောင်သူများအနေဖြင့် ရိတ်သိမ်း ခြွေလှေ့ချိန်တွင် စက်ပစ္စည်းစွမ်းအားကို အပြည့်အဝ အသုံးပြုနေကြသော်လည်း စိုက်ပျိုးချိန်တွင် ကောက်စိုက်စက်ကို အသုံးမပြုနိုင်ကြသေးကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် ပြီးခဲ့သည့် လယ်ရိတ်ချိန်တွင် ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုမှု ၆ဝ ရာခိုင်နှုန်းရှိပြီး လယ်ယာလုပ်သားဖြင့် အသုံးပြုမှု ၄ဝ ရာခိုင်နှုန်းရှိသည်။ တောင်သူအချို့မှာ စက်စွမ်းအားကို အသုံးပြုချင်သော်လည်း နွားစာအဖြစ် ကောက်ရိုးလိုချင်သည့်အတွက် လူဖြင့်အသုံးပြု နေဆဲဖြစ်သည်။ ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခြွေလှေ့စက်များကို တွင်တွင် ကျယ်ကျယ် အသုံးပြုမှုရှိသော်လည်း စိုက်ပျိုးချိန်တွင် ကောက်စိုက်စက် ကို အသုံးမပြုနိုင်ကြဘဲ လယ်ယာလုပ်သားများဖြင့်သာ လုပ်ကိုင်နေရသေးသည်။ စိုက်ပျိုးချိန် လယ်ယာလုပ်သားခက်ခဲမှုရှိပါက ကြဲပက်စနစ်ဖြင့်သာ စိုက်ပျိုး နေကြသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်သည် စပါးကို အဓိကထား စိုက်ပျိုးသည့်ဒေသလည်းဖြစ်သည်။ တိုးတက်ပြောင်းလဲလာမှုများနှင့်အတူ တောင်သူများ၏ လယ်ယာစိုက်ပျိုးမှု အမြင်ကျယ်လာခဲ့ရာ မိရိုးဖလာ လယ်ယာစိုက်ပျိုးမှုစနစ်ကိုသာ အဓိကအားထားလုပ်ကိုင်နေကြရာမှ ယခု နောက်ပိုင်းတွင် လယ်ယာသုံးစက်ယန္တရားများ၏ စွမ်းအားကို ကောင်းမွန်စွာ နားလည်လာပြီး လက်တွေ့နယ်ပယ်တွင် အသုံးချလာကြခြင်းအတွက် အကျိုးကျေးဇူးများကိုလည်း ခံစားနေရပြီဖြစ်သည်။
၂ဝ၁၅ ခုနှစ်ကတည်းက လယ်ယာသုံးစက်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ အချိန်ကုန်၊ ငွေကုန်သက်သာမှုများကိုလည်း လက်တွေ့ခံစားနေကြရာ ရိတ်သိမ်းခြွေလှေ့ချိန်တွင် လယ်ယာသုံးစက်များသည် မရှိမဖြစ်လိုအပ်လာနေပြီဖြစ်သည်။ လယ်ယာလုပ်သားရှားပါးခြင်းသည်လည်း စက်မှုလယ်ယာသို့ ကူးပြောင်းလာရန်တွန်းအား တစ်ခုဖြစ်ကြောင်း တောင်သူ တစ်ဦးကဆိုသည်။
ဖြိုးဝေ(ဆင်တဲဝ)

No comments:

Post a Comment