Monday, February 1, 2016

ဂုတ်ထိပ်တံတားတွင် တံတားဖြတ်လျှောက်ခွင့်ပိတ်ပင်ထားသော်လည်း ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နေ့စဉ်လူဦးရေ ရာနှင့် ချီ၍ လာရောက်လည်ပတ်


The Mirror Daily's photo.
နောင်ချို ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်အတွင်းရှိ နာမည်ကျော် ဂုတ်ထိပ်တံတားတွင် တံတားဖြတ်လျှောက် သွားလာခွင့် ပိတ်ပင်ထားသော်လည်း ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် နေ့စဉ်လူဦးရေရာနှင့်ချီ၍ လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ပုံမှန်ရက်များတွင် လူနှစ်ရာကျော်ခန့် လာရောက်လည်ပတ်မှုရှိပြီး ရုံးပိတ်ရက်နှင့် အခါကြီးရက်ကြီးများတွင် လူဦးရေငါးရာကျော်မှ ခုနစ်ရာအထိ လာရောက်တတ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။
''အရင် တံတားပေါ်ဖြတ်လျှောက် ခွင့်ပေးထားတုန်းက လူများတဲ့ ရက်တွေမှာဆို တံတားပေါ်မှာတင် လူလေးငါးရာလောက် တက်နေကြတာ အလွန်အန္တရာယ်များပါတယ်။ ဘေးက အကာအရံမရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်မိပြီး ပြုတ်ကျနိုင်ပါတယ်။ အထူးသဖြင့် အကြောက်အလန့်မရှိ ဓာတ်ပုံ ရိုက်ကြတာတွေရှိတယ်။ တံတား သံပေါင်တွေပေါ် တက်ရိုက်ကြတယ်။ တံတားအစွန်အဖျားမှာ ခြေထောက် တွဲလဲချထိုင်ကြတယ်။ အလွန် အန္တရာယ်များပါတယ်''ဟု တာဝန် ကျဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့ပြင် အချို့လူငယ်များမှာ တံတားပေါ်တွင်ထိုင်၍ အရက်ဘီယာ သောက်သုံးခြင်း၊ ဆေးလိပ်သောက် သုံးပြီး စည်းကမ်းမဲ့ လွင့်ပစ်ခြင်းများကို လည်းတွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စည်းကမ်းမဲ့ဆေးလိပ် တိုများကြောင့် တောမီးလောင် တတ်သလို သဘာဝတောမီးကြောင့်လည်း တံတားကိုထိခိုက်ပြီး စလီဖား တုံးများ ပျက်စီးမှုကြုံတတ်ခြင်းကြောင့် တံတားပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေဂါလန် လေးထောင်ဆံ့ကန်ကြီးမှ ရေပိုက်သွယ်ထားကြောင်း သိရသည်။
လာရောက်လည်ပတ်သူများအနေဖြင့် တံတားပေါ်ဖြတ်လျှောက်ခွင့် ပိတ်ပင်ထားသော်လည်း တံတားထိပ် အန္တရာယ်ကင်းသည့် နေရာမှ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်နိုင်သည့်အတွက် အဆင် ပြေလျက်ရှိပြီး ဂုတ်ထိပ်ဘူတာမှ တံတားကိုဖြတ်သန်း၍ သင့်တင့်သော နှုန်းထားဖြင့် ကားရထားငယ်များပြေး ဆွဲပေးရန် စီစဉ်နေကြောင်း မြန်မာ့ မီးရထားအသိုင်းအဝန်းမှ သိရသည်။
ဂုတ်ထိပ်တံတားကြီးသည် မြန်မာ့ မီးရထားသမိုင်းတွင် တန်ဖိုးမဖြတ်နိုင် သကဲ့သို့ ခရီးသွားလုပ်ငန်းအတွက်ပါ အကျိုးများသည့်အတွက် တံတားကြီး ရေရှည်တည်တံ့ရေး စုပေါင်းထိန်း သိမ်းရန် လိုအပ်လျက်ရှိသည့်အပြင် တံတားကြီး၏သမိုင်းအချက်အလက် များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ဖြင့် တံတားအနီး စိုက်ထူထားပေး နိုင်ရန် လာရောက်လေ့လာသူများက လိုလားလျက်ရှိကြောင်း သိရသည်။
ကိုနေ(သီပေါ)

No comments:

Post a Comment