Monday, February 29, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



လူငယ်နှင့်အတတ်ပညာ

လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် အများအားဖြင့် အတတ်ပညာတစ်ခုခု တတ်မြောက် ထားမှသာလျှင် အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်ရန် အဆင် ပြေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း မျက်မှောက်ခေတ်ကို ပညာခေတ်ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ နယ်ပယ်ကဏ္ဍအလိုက်ပညာတတ်မှသာ အလုပ်အကိုင်များလုပ်ကိုင်ရာတွင် အဆင်ပြေမည်ဖြစ်ပါသည်။ ပညာဟုဆိုရာတွင် အသိပညာ၊ အတတ်ပညာ နှစ်မျိုးစလုံးသည်အကျုံးဝင်ပါသည်။
အတတ်ပညာတစ်ခုခုကို တစ်ဖက်ကမ်းခပ်တတ်မြောက် ထားလျှင် ထိုအတတ်ပညာဖြင့်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်ဟု လောကနီတိက ဆိုထားပါသည်။ မျက်မှောက်ခေတ် တွင် အတတ်ပညာများ တတ်မြောက်ထားရန်လိုအပ်လာပါသည်။ တစ်နည်းအားဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ် ပညာများ တတ်မြောက်ထားရန် လိုအပ်လာပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိပါသည်။ သို့သော်လုပ်ငန်းခွင် နှင့် အံဝင်ခွင်ကျဖြစ်မည့်ကျွမ်းကျင်လုပ်သား လိုအပ်ချက်မှာ မြင့်မားလျက်ရှိပါသည်။ ကျွမ်းကျင်လုပ်သားအရင်းအမြစ် ကောင်းများပြုစုပျိုးထောင်ပေးရန် လိုအပ်လျက်ရှိပါသည်။ ကဏ္ဍ များအတွက် ကျွမ်းကျင်အတတ်ပညာရှင(Professionals) များ လိုအပ်ပါသည်။
ဥပမာအားဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတိုးတက် လာခြင်းကြောင့် ဟိုတယ်ဆိုင်ရာကျွမ်းကျင်အတတ်ပညာရှင်များ လိုအပ်လာပါသည်။ စီးပွားရေးလုပ်ငန်းများ တိုးတက်လာ၍ စီးပွားရေးနှင့်ဆိုင်သော အတတ်ပညာရှင်များ လိုအပ်လာပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် အင်ဂျင် နီယာကောင်းများ လိုအပ်လာပါသည်။ မည်သည့်လုပ်ငန်းကဏ္ဍတွင်မဆို လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ရာ၌ကျွမ်းကျင် အတတ်ပညာရှင်များရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ကျွမ်းကျင် အတတ်ပညာရှင်များ ပိုမိုမွေးထုတ်ရန် လိုအပ်လာပါသည်။ယခုအခါ ကျွမ်းကျင်အတတ်ပညာရှင်များ မွေးထုတ်ရေး ကို နိုင်ငံတော်ပိုင်းက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေသလို ပုဂ္ဂလိကသင်တန်းကျောင်းများကလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် လူငယ်လူရွယ်များ အနေဖြင့် အတတ်ပညာများကို ပိုမိုသင်ယူတတ်မြောက်ထားဖို့ လိုအပ်ပါသည်။ မိမိတို့ဝါသနာပါရာလုပ်ငန်းများတွင် ကျွမ်းကျင် သော အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားအားထုတ်သွား ကြရမည်ဖြစ်ပါသည်။ ကျွမ်းကျင်အတတ်ပညာရှင်များဖြစ်လာ သည်နှင့်အမျှ ဆိုင်ရာလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရာ တွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်သွားနိုင်မည် ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment