Monday, February 29, 2016

တတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပ

Myanmaalinn's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း တို့ပူးပေါင်းကျင်းပသည့် တတိယ အကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူး များညီလာခံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ရန်ကုန် မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး(UMFCCI)၌ ကျင်းပ သည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့် တိုက်များ ဖောင်ဒေးရှင်းနာယက သမဝါယမဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက၂ဝဝ၄ ခုနှစ် ကစတင်ပြီး နိုင်ငံတော်အစိုးရ၏ သဘောတူထောက်ပံ့ ကူညီမှုဖြင့် ကျေးရွာစာကြည့်တိုက်စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရာ အားလုံးက အင်တိုက် အားတိုက်ပါဝင်ပြီး အရှိန်အဟုန် မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ၂ဝဝ၄ မှ ၂ဝဝ၇ ခုနှစ်အထိ လေးနှစ် အတွင်း ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ငါးသောင်းကျော် တည် ဆောက်နိုင်ခဲ့ကြောင်း၊ မြေ၊ အဆောက် အအုံ၊ ပရိဘောဂ၊ စာအုပ်စာစောင် များနှင့် ရေဒီယို၊ တီဗွီ၊ ကွန်ပျူတာ စသည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး မှာ ကျပ် ၁၁ ဒသမ ၉ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ လုပ်ငန်းများကို ကူညီ ထောက်ပံ့မြှင့်တင် ဆောင်ရွက်ပေး နိုင်ရန် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းကို ၂ဝ၁ဝ ပြည့်နှစ် တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်း၊ ယခုကဲ့သို့ စာကြည့်တိုက် များဆောင်ရွက်သကဲ့သို့ ပြောင်းလဲ တိုးတက်လာသည့် ပညာ၊ နည်းပညာ၊ ခေတ်နှင့်အညီ Electronic Library အဖြစ် ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် အင်တာနက် များချိတ်ဆက်ပြီး ကွန်ပျူတာမှ တစ်ဆင့် အသိဗဟုသုတများကို မိမိတို့ကျေးရွာ၌ပင် အလွယ်တကူ လေ့လာရယူနိုင်အောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ စာကြည့်တိုက်အချင်းချင်း၊NGO၊ INGO များ၊ နိုင်ငံတကာစာကြည့် တိုက်များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊ လူအများ စိတ်ဝင်စားစုဝေး ရာနေရာမှတစ်ဆင့် ကျေးရွာ၏ ရပ်ကျိုးရွာကျိုး တိုင်ပင်ဆွေးနွေးရာCommunity Center များ ဖြစ်လာ အောင်လည်း မျှော်မှန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်း က စာကြည့်တိုက်မှူးများအနေဖြင့် ညီလာခံနှစ်ရက်တာ ကာလအတွင်း စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိ ပညာရှင်၊ အတတ်ပညာရှင်များ၏ ဆွေးနွေးပို့ချချက်များ၊ စာကြည့် တိုက်မှူးများအချင်းချင်း တွေ့ဆုံ ဖလှယ်မှုမှရရှိသည့် အတွေ့အကြုံ များကိုအခြေခံပြီး မိမိတို့ဒေသ၊ မိမိတို့ စာကြည့်တိုက်များအတွက် ပြန်လည် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထိုအသိအမြင်၊ အတွေ့အကြုံများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာ သင်ယူရင်း မိမိတို့ကျရာကဏ္ဍမှ နိုင်ငံ အတွက် အလုပ်အကျွေးပြုနိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒပြုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က ဆွေးနွေးပွဲခေါင်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
တတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံပထမ နေ့တွင် ဒေါ်ခင်လေးစိုး (MLA) က ပြောင်းလဲလာသော သတင်းအချက် အလက်ကဏ္ဍစာတမ်း၊ ဦးသိန်းလွင(MLA) က ၂၁ ရာစု စာကြည့်တိုက်မှူး များ၏ အခန်းကဏ္ဍစာတမ်းနှင့် ဦးရဲထက်ဦး (MLF) က လူထု အကျိုးပြုစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍ စာတမ်းတို့ကိုဖတ်ကြားပြီး အုပ်စုခွဲ ဆွေးနွေးကြသည်။
ညီလာခံဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီခွဲက ဆက်လက် ကျင်းပရာ နံနက်ပိုင်း၌ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟို အလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)နှင့် စာကြည့်တိုက်ပညာ ရှင် ဆရာမောင်ဦးဇော်အောင်ထွတ် (ကထိက) ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်နှင့် သုတပညာဌာနတို့က ''ရည်ညွှန်းလုပ်ငန်းနှင့် မြန်မာ့ ရည်ညွှန်းစာအုပ်များ၏အခန်းကဏ္ဍ''စာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟို အလုပ်အမှုဆောင် ဒေါ်ချိုချိုတင် (မစန္ဒာ)တို့က ''စာဖတ်ရှိန်မြှင့်တင် ရေးနှင့် စာကြည့်တိုက်များ၏ အခန်း ကဏ္ဍ'' စာတမ်း၊ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင် ဒေါ်အိကေသွယ်မင်းနှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာနမှ ကထိက ဦးထွန်းအောင်ကျော်တို့က ''ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး၏အခန်းကဏ္ဍ'' စာတမ်းနှင့် ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ စာကြည့်တိုက်တာဝန်ခံ ဒေါ်မိုးမိုးစိုး က ''စာကြည့်တိုက်နှင့် ပြည်သူလူထု ၏အခန်းကဏ္ဍ'' စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးကြပြီး မွန်းလွဲပိုင်း တွင် ညီလာခံတက်ရောက်လာကြ သော စာကြည့်တိုက်မှူးများက အုပ်စုခုနစ်စုဖွဲ့၍ ဆွေးနွေးခဲ့ကြကာ ညနေပိုင်းတွင် ညီလာခံ၌ ဆွေးနွေး ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စာကြည့်တိုက်ပညာရှင် များက ပြန်လည်သုံးသပ် ဆွေးနွေး ခဲ့ကြသည်။
ပထမအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံကို ၂ဝ၁၄ ခုနှစ် မတ်၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လည်းကောင်း၊ ‘ဒုတိယ အကြိမ် ညီလာခံကို ၂ဝ၁၅ ခုနှစ် မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် လည်း ကောင်း ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စံငါးချက်ညီ စာကြည့်တိုက်ပေါင်း ၆၂ဝ၇ တိုက် တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment