Tuesday, February 2, 2016

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် အတွင်းလမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ဒေသပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ




The Mirror Daily's photo.

နေပြည်တော် ဖေဖော်ဝါရီ ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး-အမြန်လမ်း (နေပြည်တော်-မန္တလေးအပိုင်း)မှတစ်ဆင့် စစ်ကိုင်း-ရွှေဘိုလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ရွှေဘို-ရေဦးလမ်းနှင့် ရေဦး-တန့်ဆည်-ကလေးဝလမ်းအား ကတ္တရာခင်းခြင်း၊ ကျောက်ခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းတွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၂)မှ တည်ဆောက်နေသော ချင်းတွင်းတံတား (ကလေးဝ) တည်ဆောက်ရေးလုပ်ငန်းခွင် ကလေးဝဘက်ကမ်းသို့ ရောက်ရှိပြီး ချဉ်းကပ်လမ်း ဖောက်လုပ်ထားရှိမှု၊ တံတားတိုင်လုပ်ငန်းများဆောင် ရွက်ပြီးစီးမှုနှင့် A1 မှ P1 ကြား Overlay Slab သံဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ချင်းတွင်းတံတား(ကလေးဝ)၏ လုပ်ငန်းများ (၇ဝ) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ တံတားကြီးပြီးစီးသွားပါက ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး တမူး၊ ကလေး၊ မော်လိုက်၊ ကလေးဝမြို့များမှ တန့်ဆည်၊ ရေဦး၊ မုံရွာ နှင့် ရွှေဘိုမြို့များသို့ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်လာမှာဖြစ်သလို နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ဆက်လက်၍ ကလေးဝ-ကျီကုန်း-တမူးလမ်း (ကလေးဝ- ကျီကုန်းအပိုင်း)လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရေတိုက်စားသည့်နေရာများတွင် လမ်းချဲ့ခြင်း၊ မြေထိန်းနံရံများနှင့် ရေကာနံရံများ တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ မိုင်တိုင် (၁၁/၂) နှင့် (၁၁/၃)ကြားရှိ ကတ္တရာ ကွန်ကရစ်(AC) ထုတ်လုပ်နေမှုနှင့် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ လိုအပ်ချက်များမှာကြားသည်။

ထို့နောက် ကလေးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် ချောင်းကျဉ်းကျေးရွာ၊ ခရေမြိုင်ကျေးရွာ၊ ကျောက်ကာကျေးရွာ၊ နတ်ကြီးကုန်းကျေးရွာနှင့် ကျီကုန်း ကျေးရွာတို့တွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များအစား အိုးသစ်အိမ်သစ်များ ဆောင်ရွက်ပြီးစီးမှု၊ ပြည်သူများ ပြောင်းရွှေ့နေထိုင်မှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးမြို့သို့ ရောက်ရှိခဲ့သည်။

၎င်းနောက် ကလေး-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် (၇၈/၃ နှင့် ၇၈/၄)ကြား ချင်းဆိုင်တံတားနှင့် မိုင်တိုင် အမှတ်(၇၈/၁ နှင့် ၇၈/၂) ကြား ဇင်းကလင်းတံတားများ တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ ကလေး-နတ်ချောင်း-ဖလမ်းလမ်း အခြေအနေနှင့် သဘာဝဘေးဒဏ်ကြောင့် ရေထဲမျောပါ ပျက်စီးသွားသော ငဆစ်ဗားတံတားနေရာတွင် ဘေလီတံတား အစားထိုး တည်ဆောက်ပြီးစီးမှုနှင့် ဗားရ်တံတားကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့သည်။

ဆက်လက်၍ ကလေး-ဖလမ်း-ဟားခါးလမ်း (ဖလမ်း- ဟားခါးအပိုင်း)တွင် သဘာဝဘေးဒဏ်ကြောင့် တောင်ပြိုခြင်း ၊ လမ်းသားပျက်ကျသည့် နေရာများအား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းဆောင် ရွက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအား မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် နေထိုင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လူနေအိမ်များအစား ပိုမို ကောင်းမွန်သော အိုးသစ်၊ အိမ်သစ်များကို သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု ဟားခါးမြို့ ပြန်လည်ထူထောင်ရေးအတွက် ဧက ၅၂ဝ ကျယ်ဝန်းသော မြေနေရာတွင် မြို့ကွက်သစ် ဖော်ထုတ်ပြီးမြတ်နိုးသူ ကုမ္ပဏီနှင့် တင်ဝင်းထွန်းကုမ္ပဏီတို့ ပူးပေါင်းပြီး လူနေအိမ်များဆောင်ရွက်ပြီးစီးမှု၊ ပြည်သူများနေထိုင်နေမှု၊ ရေ၊ မီးရရှိရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြောင်းရွှေ့နေထိုင်သည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဟားခါးမြို့တွင် အဆောက်အအုံဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အအုံ အထူးအဖွဲ့(၆)မှ တည်ဆောက်နေသော နှစ်ထပ်စာသင်ဆောင် နှစ်လုံး၊ နှစ်ထပ်ကျောင်းအုပ်ကြီး နေအိမ်နှင့် ဆရာ ဆရာမများနေအိမ် ဆောက်လုပ်ခြင်းနှင့် တစ်ထပ်(၆)ခန်း တွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ နှစ်ထပ်ကျောင်းသား ကျောင်းသူများ အိပ်ဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် လျှပ်စစ်မီး၊ ရေရရှိရေးနှင့် အဆောက်အအုံ အဝင်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံ အဝင်လမ်းအား ဦးစားပေးဆောင်ရွက်ရန်၊ အဆောက်အအုံများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ကာလအတွင်းပြီးစီး ရေးတို့ကို အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment