Tuesday, February 2, 2016

ပြန်လည်တည်ဆောက်ပေးနေသည့် ကလေးဒေသ ရေဘေးသင့်ပြည်သူများအတွက် နေအိမ်များ




သတင်း-ထက်အားမာန်၊ ဓာတ်ပုံ- ရာမည

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်ခြေများ ပျက်စီးခဲ့သဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့အထိ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကလေးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်ကို ခံစားခဲ့ရသော ရပ်ကွက်/ ကျေးရွာပေါင်း ၆၈ ခုရှိပြီး ရေလွှမ်း မိုးမှု၊ ကမ်းပါးပြိုကျမှုများကြောင့် ပျက်စီးသွားသော နေအိမ်များအား ဇုန်(၅)ဇုန်သတ်မှတ်၍ ပြန်လည် ပြုပြင်တည်ဆောက်လျက်ရှိသည်။

ရေဘေးသင့်ခဲ့သော နေအိမ်များ အား A ၊ B ၊ C ၊ D ဟူ၍ အတန်းအစား လေးမျိုးခွဲခြားပြီး ပြုပြင်ဆောင်ရွက်ပေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးထံမှ သိရသည်။

''တစ်အိမ်လုံးရေထဲမျောပါသွားရင် D အဆင့်လို့သတ်မှတ်ပါတယ်။ ရေထဲ မျောပါသွားတာမဟုတ်ဘဲ အိမ်က အလုံးလိုက်ကျန်ပြီး ပြိုပျက်မှုတွေဖြစ် သွားရင်တော့ C အဆင့်လို့သတ်မှတ်ပါတယ်။ ရေဝင်ခံရပြီး နှစ်ရက်၊ သုံးရက်မှာ ရေပြန်ကျတဲ့အခါ အိမ်လည်း မပျက်စီးဘူးဆိုရင် A နှင့် B အဆင့် သတ်မှတ်ပါတယ်'' ဟု နေအိမ်များ ရေဝင်ခံရမှုအဆင့် သတ်မှတ်ချက်နှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။

D အဆင့်ဝင်သည့် အိမ်များကို အသစ်ပြန်ဆောက်ပေးကြောင်း၊ ယင်းသို့ဆောက်ပေးရာတွင် မိသားစုဝင် ငါးဦးအောက်ရှိသည့် အိမ်ဆိုပါက ၁၂ သိန်းတန်အိမ်သစ် ပြန်ဆောက်ပေးကြောင်း၊ မိသားစုဝင် ငါးဦးနှင့်အထက် ဆိုပါက သိန်း ၂ဝ တန် အိမ်အသစ် ပြန်ဆောက်ပေးကြောင်း၊ C အဆင့် ဝင်သည့်အိမ်များကို ကနဦးက ပျက်စီးမှုအတွက်သာ ထောက်ပံ့ပေးသော်လည်း ငွေပိုလျှံခြင်းကြောင့် C အဆင့်ကဲ့သို့ပင် ဆောက်လုပ်ပေးကြောင်း၊ A နှင့် B အဆင့်ဝင်အိမ်များကိုမူ ရိက္ခာထောက်ပံ့ပေးကြောင်း ဦးဝေလွင်ဖြိုးက ပြောသည်။

ကလေးမြို့တစ်မြို့လုံးအတိုင်းအတာအရ A အဆင့်အဖြစ်သတ်မှတ် ခံရသည့် နေအိမ်ပေါင်း ၅ဝဝဝ ကျော်ခန့်ရှိပြီး B အဆင့်နေအိမ်ပေါင်း ၁၃ဝဝဝ ကျော်ရှိကြောင်း၊ C အဆင့်နေအိမ်ပေါင်း ၆၇၆ လုံးရှိပြီး D အဆင့်နေအိမ်ပေါင်းမှာ ကနဦးက ၃၅၈ လုံးဟု သတ်မှတ်ခဲ့သော်လည်း နှစ်အိမ်မှာ D အဆင့်မဝင်တော့၍ ၃၅၆ လုံးဖြစ်ကြောင်း သိရသည်။

ယခုလ ၂၁ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ရမည့် C အဆင့်နေအိမ် ၃၉၄ လုံး၊ ပြုပြင်ပြီးစီးမှုအခြေအနေမှာ ကိုးလုံးသာ အလုံးစုံပြီးစီးသေးပြီး ၈၅ လုံးကို ဆောင်ရွက်လျက်ရှိကာ မဆောင်ရွက်ရသေးသော နေအိမ်ပေါင်း ၃ဝဝ ကျန်ရှိနေသေးကြောင်း သိရသည်။

D အဆင့်ဝင်နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမှုမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ နယ်မြေ(၂)မှာတော့ ပျက်စီးသွားတဲ့နေအိမ်က ၁၁၅ လုံး လောက်ရှိတယ်။ ပြန်ဆောက်ပြီးသွားတာကတော့ ၆၅ လုံးလောက်ရှိမယ်။ အဲဒါတွေကို တောင်ကုန်းမြေလွတ်တွေမှာ ဆောက်ပေးသလို အခြားနေရာတွေမှာ ပြန်ဆောက်ပေးနေတာလည်းရှိတယ်။ ဆောက်ပြီးတဲ့အိမ်တွေမှာတော့ နေနေကြပါပြီ။ မဆောက်ရသေးတဲ့ အိမ်ထောင်စုတွေကတော့ အဆင်ပြေရာမှာပဲ တဲထိုးပြီးနေကြတယ်။ အဆင်ပြေသလိုပဲ စားသောက်နေကြရပါတယ်။အပျက်အစီးကြီးကြီးမားမားမရှိတဲ့ အိမ်တွေကတော့ အစိုးရဆောက်ပေးတာ ယူမလား၊ ဒါမှမဟုတ် ထောက်ပံ့ကြေးပဲယူမလားဆိုပြီးတော့ မေးသွားတာတော့ ရှိတယ်။ ခုထိတော့ သေချာမသိသေးပါဘူး''ဟု ကလေးမြို့ ကျီကုန်း (နယ်မြေ-၂) မှ နယ်မြေမှူး ဦးစန်းမြင့်က နေအိမ်များပြန်လည်ဆောက်လုပ်ပေးနေမှုနှင့် ပတ်သက်၍ ရှင်းပြသည်။

ကလေးမြို့၌ ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပွား၍ နေအိမ်များ ပျက်စီးခဲ့ရသလို မြစ်ကမ်းပါးအနီးရှိနေအိမ်များမှာ ကမ်းပါးပြိုကျမှုကြောင့် လုံးဝပျက်စီးခဲ့သည်များလည်းရှိသည်။ အနည်းအကျဉ်းသာပျက်စီးမှုရှိသည့် တချို့နေအိမ်များမှာ ကိုယ့်အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်နေထိုင်ကြသလို အိမ်သစ်မရသေး၍ တဲထိုးပြီးနေထိုင်ကြသူများ၊ နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေကြသူများလည်းရှိကြောင်း သိရသည်။

No comments:

Post a Comment