Tuesday, February 2, 2016

ငါးစည်ဖောင်းများကို ရန်ကုန်မြို့မှ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တွင်ကျယ်စွာရောင်းချလျက်ရှိ


The Mirror Daily's photo.
ဖျာပုံ ဖေဖော်ဝါရီ ၁
နိုင်ငံတကာဈေးကွက်ဝင် တန်ဖိုးမြင့် ငါးစည်ဖောင်းများကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ထွက်ရှိပြီး စီးပွားရေး မြို့တော်ရန်ကုန်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် ငါးအမျိုးမျိုးတွင် အချို့ငါးများ၏ ဝမ်းဗိုက်တွင်းမှ ထုတ်ယူရရှိသည့် ငါးစည်ဖောင်းများသည် ပြည်တွင်း၊ ပြည်ပ စားသောက်ဆိုင်ကြီးများနှင့်အဆင့်မြင့်ဟိုတယ်များတွင် စားကောင်း သောက်ဖွယ်ဟင်းလျာအဖြစ် သုံးစွဲနေသည့်အပြင် အချို့ငါးများ၏ငါးစည် ဖောင်းများသည် ပြည်ပကားထုတ်လုပ်သူများက ကားမှန်များပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း ငါးစည်ဖောင်း ရောင်းဝယ်နေသူများ၏ ပြောပြချက် အရ သိရသည်။
တစ်ချိန်က ငါးမန်းတောင်ဟင်းချို လူကြိုက်များ၍ ဈေးကောင်းခဲ့ ကြောင်း၊ ယခုအခါ ငါးမန်းများ မျိုးမသုဉ်းစေရေးအတွက် ဖမ်းဆီး ခြင်းမပြုရန် ပိတ်ပင်ထား သဖြင့် ငါးမန်းတောင်ဈေးကွက် ပျက်ပြယ် သွားကြောင်း၊ ငါးမန်းတောင် ဈေးကွက်နေရာတွင် မြန်မာ့ ပင်လယ်ပြင်မှ ဖမ်းဆီးရရှိသည့်ငါး များ၏ ဝမ်းဗိုက်အတွင်းမှ ထုတ်ယူ ရရှိသော ငါးစည်ဖောင်းဈေးကွက် ကျယ်ပြန့် ကောင်းမွန်လာကြောင်း သိရသည်။ ငါးစည်ဖောင်းများအား ရန်ကုန်ဈေးကွက်၏ ၂ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်လျှော့ပြီး ဝယ်ယူကြ ကာ ငါးစည်ဖောင်း အသေး၊ အကြီး အလိုက် ဈေးကွာကြောင်း ဖျာပုံမြို့ ငါးစည်ဖောင်းဈေးကွက်မှ ငါးစည် ဖောင်း ရောင်းဝယ်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
လက်ရှိ ဝယ်ဈေးများမှာ ကသပေါင်း ငါးစည်ဖောင်းတစ်ပိဿာ ကျပ်တစ်သိန်းမှ ကျပ်ရှစ်သိန်း၊ ငါးရွှေ ငါးစည်ဖောင်း တစ်ပိဿာကျပ် ၁၁ဝဝဝဝ မှ ကျပ် ၇၅ဝဝဝဝ၊ ငါးပုတ်သင် ငါးစည်ဖောင်း တစ်ပိဿာကျပ် ၇၈ဝဝဝမှ ကျပ် ၁၁ဝဝဝဝ နှင့် ငါး ရောင် ငါးစည်ဖောင်း တစ်ပိဿာ ကျပ် ၂၅ဝဝဝ မှ ၂၇ဝဝဝ ဖြင့် ဝယ်ယူ လျက်ရှိကြောင်း၊ ဈေးမြင့်နေသော်လည်း နိုင်ငံတကာဈေးကွက်တွင် ရောင်းအား ကောင်းနေကြောင်း ဖျာပုံမြို့ ငါးစည် ဖောင်းဈေးကွက်မှ သိရသည်။
ငါးစည်ဖောင်းများကို ပင်လယ်ပြင် ငါးများမှ ထုတ်ယူရရှိသကဲ့သို့ ရေချို ငါးများမှလည်း ထုတ်ယူရရှိနိုင်သည်။ ပြည်ပဈေးကွက်တွင် ပင်လယ်ငါးမှ ထုတ်ယူရရှိသည့် ငါးစည်ဖောင်းများ က ဈေးပိုရကြောင်းသိရပြီး ငါးစည် ဖောင်း ရောင်းဝယ်ရေးလုပ်ငန်းမှာ ပွင့်လင်းရာသီထက် မိုးတွင်းကာလတွင် ပိုမိုကောင်းမွန်သည်ဟု သိရသည်။
ငါးစည်ဖောင်းများမှာ တန်ဖိုး မြင့်မား၍ လုပ်ငန်းအတွေ့အကြုံရှိရန် အထူးလိုအပ်သကဲ့သို့ အရင်းအနှီးငွေ များစွာလိုအပ်၍ သာမန်လူတို့ လုပ်ကိုင်ရန်ခက်ခဲကြောင်း လေ့လာ သိရှိရသည်။
ထို့ကြောင့် မသိသူကျော်သွား၊ သိသူဖော်စားဆိုသကဲ့သို့ မြန်မာ့ ပင်လယ်ပြင်မှ ငါးများ၏ငါးစည် ဖောင်းများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်း လမ်းကြောင်းတို့မှ တရုတ်၊ ယိုးဒယား၊ စင်ကာပူနှင့် ဂျပန်စသည့်နိုင်ငံများ သို့ တင်ပို့ရောင်းချ၍ စီးပွားဖြစ်နေသူ များရှိသလို နိုင်ငံတော်အတွက်လည်း ကုန်သွယ်ခွန်များရရှိနေကြောင်း သိရ သည်။
မြန်မာတို့အတွက် သဘာဝကပေး ထားသည့် မြန်မာ့ပင်လယ်ပြင်ကြီး၏ ရေသယံဇာတများသည် သတ်မှတ် ထားသည့် စည်းကမ်းများကို တိကျ စွာ လိုက်နာလုပ်ကိုင်ဆောင်ရွက်သွား ကြမည်ဆိုပါက နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ထာဝရအားထားရာ အဖြစ်တည်ရှိနေမည် ဖြစ်ပေသည်။
အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment