Tuesday, February 2, 2016

၂ဝ၁၅ နှစ်ကုန်မှစ၍ မုံရွာမြို့ ကွမ်းဈေးကွက် ကောင်းမွန်၍ ကွမ်းစိုက်တောင်သူများ အဆင်ပြေ


The Mirror Daily's photo.
မုံရွာ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံအနှံ့သို့ ကွမ်းရွက်အများဆုံးတင်ပို့လျက်ရှိသော မုံရွာကွမ်း ဈေးကွက်တွင် ပြီးခဲ့သည့်၂ဝ၁၅ ခုနှစ်အတွင်း ကွမ်းရွက် တစ်ပိဿာကျပ် ၁ဝဝဝဝ ဖြင့် စိုက်သူတို့က ဒိုင်သို့ပေးသွင်းကြရာ ယခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းအထိ ၈၅ဝဝ ကျပ် ဈေးဖြင့်တန့်နေရာ ကွမ်းစိုက်သူ၊ တင်ပို့သူများ အနေဖြင့် ကွမ်းဈေးကွက်ကောင်းသည့်ရာသီဟု မှတ်ချက်ပြုလျက်ရှိသည်။
''အရင်ကွမ်းဈေးဆိုတာ ရာဂဏန်းက တက်တယ်ဆိုတာမရှိပါဘူး။ ဒီနှစ်ကတော့ ကွမ်းစိုက်သူတွေအနေနဲ့ ကျပ်တစ်သောင်းအထိရကြပြီး ပွဲရုံ တွေကတော့ ပြန်ဖြန့်တာ ကျပ် ၁၂ဝဝဝ ထိ ရကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ကစပြီး အခု ဇန်နဝါရီလကုန်ပိုင်းအထိ ကျပ် ၈၅ဝဝ ဝန်းကျင်မှာပဲ ရှိနေတယ်။ အခုဈေးနဲ့ဆိုတော့ ကွမ်းစိုက်သူတွေ ဒီနှစ်မှာ အခြေအနေကောင်းကြပါတယ်'' ဟု ကွမ်းစိုက်သူ ကိုဝင်းထိန်က ပြောသည်။
ကွမ်းစိုက်သူများအနေဖြင့် ဧကဝက်တွင် ကွမ်းအပင်တစ်ထောင် စိုက်မည်ဆိုလျှင် ခြံငှားခ၊ အလုပ်သမားငှားခအပါအဝင် ခြံတည်ရန် ဝါးလုံး၊ အုန်းလက်ခမှစ၍ ရေသွယ်အပြီးအရင်းအနှီးစုစုပေါင်းမှာ ငွေကျပ် ၃၅ သိန်းနှင့် သိန်း ၄ဝ ကြား ကုန်ကျမည်ဖြစ်ပြီး တစ်ကြိမ်တည်၍ တစ်ခါ ကောင်းကောင်းပြုစုစိုက်ပျိုးလျှင် နှစ်ရှည်ဝင်ငွေရသော လုပ်ငန်းဖြစ်ရာ စိုက်နည်းကို စနစ်တကျသိရှိအောင်လေ့လာ၍ စိုက်ပျိုးကြသူများလာကြောင်း သိရသည်။
ကွမ်းခြံတည်သူများအနေဖြင့် ရေမဝင်သောကုန်းမြေပေါ် ရေအလွယ် ရပြီး ရေချိုနီးသောနေရာကို ရွေးချယ်စိုက်ပျိုးလာကြပြီး လေလမ်းကြောင်း မကျသည့် သစ်ပင်တန်းများဖြင့် ကာရံနေသောနေရာကို ရွေးချယ်စိုက်ပျိုး လာကြသည်။ စတင်စိုက်ပျိုးချိန်မှစ၍ တစ်နှစ်တစ်ကြိမ်သာ ထည့်ရသော ဆိတ်ချေး၊ ငုံးချေးအပြင် ယခုအခါ သိုးချေးကိုပါ ထည့်သွင်းစိုက်ပျိုးကြရာ အထွက်ကောင်း၍ ဒဏ်ပိုမိုခံနိုင်ရည်ရှိကြောင်း သိရသည်။
''အရင်က ကွမ်းခြံထဲကို နောက်ချေး(နွားချေး) ထည့်ကြတာများတယ်။နောက်ပိုင်းနောက်ချေးထဲမှာ ဖိုးလမင်းဆိုတဲ့ပိုးကောင်တွေ ပါလာတတ်ပြီး အပင်ကို ဒုက္ခပေးတတ်တဲ့အတွက် ငုံးချေးရရင် ငုံးချေး၊ ငုံးချေးမရရင် ဆိတ်ချေး ထည့်ကြတယ်။ အခုလောလောဆယ်မှာ သုံးနေတဲ့သိုးချေးကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ထားတာတွေ ထည့်သုံးလာကြတယ်။ အခြောက် ခံအမှုန့်လုပ်ထားတဲ့အတွက် ပိုးကိုစိတ်ချရသလို သုံးတဲ့နေရာမှာလည်း ဘာမှ မပြင်ရတော့ဘဲ အရန်သင့်သုံးရတာဆိုတော့ အဆင်ပြေပါတယ်။ သိုးချေး အမှုန့်လုပ်ပြီးသား နှစ်တင်းဝင်တစ်အိတ်ကို ကျပ် ၂၅ဝဝ ပေးရပါတယ်။ ဧကဝက်ရဲ့ အပင်တစ်ထောင်အတွက်ဆိုရင် သိုးချေးအိတ် ၄ဝ လောက် ထည့်ရပါတယ်။ တစ်ခြံလုံးအညီထည့်မှ အထွက်မှာလည်းလှပြီး ညီပါတယ်'' ဟု ကိုဝင်းထိန်က ပြောသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment