Tuesday, February 2, 2016

အင်းဝဘုရားများ၏ ရင်ပြင်တော်ပေါ်သို့ နိုင်ငံခြားသားအချို့ ဖိနပ်မချွတ်ဘဲတက်သည်ကို တားမြစ်ရန်လို



The Mirror Daily's photo.


မန္တလေး ဖေဖော်ဝါရီ ၁

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အင်းဝမြို့ရှိ ဘုရားစေတီရင်ပြင်တော်များပေါ်သို့ ဖိနပ်မချွတ်ဘဲ တက်ရောက်သွားလာနေသော နိုင်ငံခြားသားခရီးသွားအချို့ရှိကြောင်း သိရသည်။

ဤသို့ ဘုရားရင်ပြင်တော်ပေါ်တွင် ဖိနပ်စီး၍သွားလာနေကြသည်ကို ယဉ်ကျေးမှုတွင် မည်သို့မျှ လက်ခံနိုင်စရာ မရှိကြောင်းနှင့် လုံးဝမဖြစ်သင့်သည့်အတွက် ထိထိရောက်ရောက် တားမြစ်သင့်ကြောင်း အင်းဝရှိ မယ်နု အုတ်ကျောင်းအနီးမှ ထီးလှိုင်ရှင် ဘုရားရင်ပြင်တော်ပေါ်တွင် နိုင်ငံခြားသားရီးသွားများ ဖိနပ်မချွတ်ဘဲ သွားလာနေသည်ကို ကိုယ်တိုင်မြင် တွေ့ခဲ့ရသော ပြည်တွင်းဘုရားဖူး တစ်ဦးက ပြောသည်။

''နိုင်ငံခြားသားတွေ အဓိကသွားတာကတော့ ဒေါ်ဂျမ်းဘုရားစု၊ ရတနာဆီမီးဘုရားစု၊ ဗားကရာကျောင်း၊ နန်းမြင့်မျှော်စင်နဲ့ မယ်နု အုတ်ကျောင်းတွေပါ။ ထီးလှိုင်ရှင် ဘုရားကတော့ မယ်နုအုတ်ကျောင်း ကြီးနဲ့ကပ်လျက်ဖြစ်နေတော့ ဝင်တဲ့ သူအချို့ တစ်ခါတစ်ရံဝင်ကြပါတယ်။ ဗားကရာကျောင်းနဲ့ လမ်းသင့်တဲ့ ဝင်္ကပါဘုရား၊ မြင်းမိုရ်တောင် ဘုရားတွေ ဝင်တတ်တယ်။ မလှမ်းမကမ်းက လောကသရဖူဘုရား ကြီးကိုလည်း အရင်ကဝင်ကြတယ်။ ပြောရရင်တော့ အဓိကငါးနေရာကလွဲရင် ကျန်တဲ့ဘုရားတွေကို သီးသန့်တကူးတကသွားတဲ့ နိုင်ငံခြားသား ဧည့်သည်က အတော်နည်းပါတယ်''ဟု အင်းဝဒေသခံတစ်ဦးက ပြောသည်။

တစ်ခါက လောကသရဖူဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ဖိနပ်စီး၍ သွားလာနေကြသော နိုင်ငံခြားသား ဧည့်သည်များကို ဘုရားဂေါပက အဖွဲ့က ဧည့်လမ်းညွှန်မှတစ်ဆင့် ဖိနပ်မစီးရန် တားမြစ်ဖူးကြောင်းနှင့် ယင်းနောက်ပိုင်းတွင် လောကသရဖူ ဘုရားသို့ နိုင်ငံခြားသားများ မလာသလောက်ဖြစ်သွားကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နှစ်စဉ်မပြတ် လာရောက်လည်ပတ်လေ့ရှိသော အင်းဝမြို့ဟောင်းသို့ ယခုနှစ်တွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ နိုင်ငံခြားသားဧည့်သည်များ လာရောက်မှုရှိဦးမည်ဖြစ်ကြောင်း ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

(ဇေယျာနောင်)

No comments:

Post a Comment